အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်၏ အမှုကို မန္တလေးတိုင်းတရားလွှတ်တော်က ယနေ့ (ဇန်နဝါရီ ၂၁) တွင် စွပ်စွဲခံရသူနှင့် တရားလို နှစ်ဖက်အပြီးသတ်လျှောက်လဲချက်များကို ကြားနာခဲ့ပြီး ဖေဖော်ဝါရီ ၄ တွင် စီရင်ချက်ချမည်ဟု တိုင်းတရားလွှတ်တော် သတင်းပြန်ကြားရေးအရာရှိက ပြောသည်။
ဒေါက်တာသန်းထွဋ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဆောက်အအုံအချို့ ဆောက်လုပ်ခွင့်တင်ဒါရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ ကျပ်ငွေ သိန်း ၁,၅၀၀ ကျော် တန်ဖိုးရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ နေအိမ်အသုံးအဆောင်ပစ္စည်းများကို နေပြည်တော် ရွာသစ်နှင့် ရွှေကြာပင်တို့ရှိ ၎င်းပိုင် မြေကွက်နှစ်ကွက်ပေါ်တွင် အသုံးပြုရန် လာဘ်ရယူခဲ့သည်ဟုဆိုကာ အဂတိတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ ဧပြီလနှောင်းပိုင်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသန်းထွဋ်က လာဘ်ရယူခြင်းမရှိကြောင်း၊ ကျန်းမာရေးမကောင်းသည့်အတွက် ညှာတာထောက်ထားသင့်ကြောင်း တရားသူကြီးကို အသနားခံတင်ပြခဲ့သည်။
“ကျွန်တော် မကျူးလွန်ခဲ့ပါဘူး။ ဒီအမှုအတွက် ကျွန်တော့်မိသားစုမှာလည်း မျက်နှာမပြရဲအောင် သိမ်ငယ်နေရပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါက်တာသန်းထွဋ်၏ရှေ့နေ ဒေါ်ခင်ခင်သော်ကလည်း ၎င်း၏ အမှုသည်သည် တင်ဒါအောင်သည့် ကုမ္ပဏီထံမှ လာဘ်ယူသည်ဆိုသည်မှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ပြီး လာဘ်ရယူသည်ဟူသော အိမ်များဆောက်လုပ်ရာတွင်လည်း ကိုယ်ပိုင်ငွေကြေးကိုသာ အသုံးပြုခဲ့ကြောင်း ယနေ့ တရားခွင်တွင် ခုခံလျှောက်ထားခဲ့သည်။
“ကျွန်မတို့ဘက်ကတော့ သက်သေတွေနဲ့တကွ တင်ပြခဲ့ပြီ။ အဖြေကတော့ တရားရုံးဆုံးဖြတ်ဖို့ပဲ ကျန်ပါတော့တယ်” ဟု ရှေ့နေ ဒေါ်ခင်ခင်သော်က ရုံးချိန်းအပြီးတွင် ပြောသည်။
မန္တလေးတိုင်းတရားလွှတ်တော်က သက်သေ စုစုပေါင်း ၃၄ ဦးကို စစ်ဆေးကြားနာပြီးနောက် ဒေါက်တာသန်းထွဋ်သည် ၂၀၁၇ အတွင်း ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ တင်ဒါရရှိသည့်ကုမ္ပဏီများထံမှ ကာလတန်ဖိုး သိန်းထောင်ချီရှိ ပစ္စည်းများလက်ခံ၍ အဂတိလိုက်စားခဲ့သည်ဟု ၂၀၁၉ မတ်လတွင် စွဲချက်တင်ခံခဲ့ရသည်။
သို့ရာတွင် ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်များအနက် နေပြည်တော်ရွှေကြာပင်တွင် အဆောက်အအုံဆောက်သည်ဆိုသော အချက်ကိုသာ တိုင်းတရားလွှတ်တော်က စွဲချက်တင်ခဲ့ပြီး နေပြည်တော်ရှိ ကျန်အိမ်နှစ်လုံး လာဘ်ယူခြင်းကို ချန်ရစ်ခဲ့သည်ဆိုကာ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက စွဲချက်အမိန့်ကို ပြင်ဆင်ပေးရန် အထက်တရားရုံး အဆင့်ဆင့်သို့ ၂၀၁၉ ဇူလိုင်တွင် အယူခံဝင်ခဲ့သည်။
ယင်းအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အယူခံသည် ရက်ကျော်လွန်ပြီးမှ တက်ခဲ့သည်ဆိုကာ အယူခံကို ပယ်ချခဲ့သည်။
“အယူခံကလည်း ရက်ကျော်သွားရင် တက်ခွင့်မရှိဘူး။ အမိန့်မဟုတ်ဘဲ အလကားသက်သက် တစ်နှစ်ကျော် ထောင်ထဲ အချိန်ကုန်ခဲ့ရတယ်” ဟု ဒေါက်တာသန်းထွဋ်၏ ရှေ့နေ ဒေါ်ခင်ခင်သော်က ပြောသည်။
အငြိမ်းစားဗိုလ်မှူးလည်းဖြစ်သည့် ဒေါက်တာသန်းထွဋ်သည် တပ်မတော်တွင် ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ အဂတိမှုပေါ်ပေါက်သည်ဆိုကာ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်း၌ ၂၀၁၇ ဧပြီတွင် အဂတိကော်မရှင်က အမှုဖွင့်ခဲ့သည်။