သတင်း

စစ်ကောင်စီခန့် ကျန်းမာရေးညွှန်ချုပ်ကို အရေးယူရန် ဒုညွှန်ချုပ်လေးဦးတိုင်ကြား 

နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အလွဲ သုံးစားပြုမူနေသည်ဆိုကာ ၎င်းကိုအရေးယူပေးရန် ဒုတိယညွှန်ကြားရေး မှူးချုပ်လေးဦးက စစ်ကောင်စီထံ တိုင်ကြားထားသည်။ 

Myanmar Now က ရရှိထားသော အထောက်အထား စာရွက်စာတမ်းများအရ စစ်ကောင်စီလက်ထက်တွင် ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသူ ဒေါက်တာမြင့်မြင့်သန်းသည် ရာထူးကို အလွဲသုံးစားပြုကာ ဝန်ထမ်းများကို ရုံးချိန်ကျော်လွန် ခိုင်းစေခြင်း၊ ရုံးပိတ်ရက်များတွင် အိမ်သို့ခေါ်ကာ ကိုယ်ရေးကိုယ်တာ ခိုင်းစေခြင်း၊ ဆေးကုမ္ပဏီများထံမှ ငွေကြေးတောင်းခံခြင်းများ ရှိသည်ဟု ဆိုသည်။ 

အသက် ၅၉ နှစ်အရွယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ချုပ်ကို ဌာနတွင်း ဒုညွှန်ချုပ်လေးဦးဖြစ်သော ဒေါ်အေးအေးစိန်၊ ဒေါက်တာထင်လင်း၊ ဒေါက်တာထွန်းတင်နှင့် ဒေါက်တာကျော်ကံကောင်းတို့က ဧပြီလကုန်ပိုင်းတွင် တိုင်ကြားထားခြင်းဖြစ်သည်။ 

တိုင်ကြားခံရသူ ဒေါက်တာမြင့်မြင့်သန်းနှင့် ပတ်သက်၍ စစ်ကောင်စီဖွဲ့စည်းထားသည့်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်လာသည်ဟု  လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အခု သူ့လက်ထက်မှာ အခြေအနေက ဘယ်လောက်တောင် ဆိုးနေပြီလဲ ဆိုရင် ငါးနှစ်အောက် ကလေးတွေ ထိုးတဲ့ ကာကွယ်ဆေးတွေလည်း ပြတ်ကုန်ပြီ။ အရင်က ပေါပေါသီသီရနေတဲ့ ကလေးကာကွယ်ဆေးတွေ ပိုလီယိုကာကွယ်ဆေးတို့၊ ဆုံဆို့၊ ကြက်ညှာ ကာကွယ်ဆေးတွေလည်းပြတ်လို့ လူတွေ အပြင်မှာ ဝယ်ထိုး နေရပြီလေ” ဟု ထိုအရာရှိက ပြောသည်။ 

ဒေါက်တာမြင့်မြင့်သန်းသည် ဆေးကုမ္ပဏီများထံမှ တံစိုးလက်ဆောင် ရယူနေသည့်အပြင် နိုင်ငံတကာအ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ကျန်းမာရေးစီမံချက်များတွင်လည်း ရံပုံငွေများ အလွဲ သုံးစားပြုခြင်း၊ အသုံးစရိတ် ပိုတောင်းခြင်းနှင့် ပိုလျှံဆေးဝါးများကို ရောင်းချခြင်းဖြင့် ကိုယ်ကျိုးရှာနေသည်ဟု ဒုညွှန်ချုပ်လေးဦး၏ တိုင်ကြားစာတွင် ဖော်ပြသည်။

“HIV ကာကွယ်ရေးအတွက် ကွန်ဒုံး အခုတစ်သန်းဝေမယ်ဆိုပါတော့ အဲ့ဒါဆိုရင် ကွန်ဒုံးတစ်ခုကို ဘယ်လောက်ဆိုပြီး တင်လိုက်တာပေါ့။ ဈေးကွက်ထဲ တကယ်ပေါက်တာ ၁၀၀ ဆိုရင် သူတို့က ၃၀၀၊ ၄၀၀၊ ၅၀၀ ဈေးနဲ့ တင်တာပေါ့။ ဒါတောင် တင်ဒါကိစ္စ မပါသေးဘူး” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ က ပြောသည်။

ဒေါက်တာမြင့်မြင့်သန်းကို စစ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ (ဒေါက်တာမြင့်မြင့်သန်း – စစ်ကောင်စီဒုက္ကဋ္ဌနှင့် အနီးကပ်အမျိုးသမီး) (ဓာတ်ပုံ – Supplied)  

စစ်တပ်က အာဏာသိမ်းပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးလာသူ ဒေါ်မြင့်မြင့်သန်း၏ အမျိုးသားမှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ကာ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်အတူ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဟု သိရသည်။

Myanmar Now ကရရှိထားသော အထောက်အထားများအရ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်း များ နိုင်ငံခြားထွက်ခွင့်မရ အောင် ပိတ်ပင်ခြင်း၊ လျော်ကြေးငွေတောင်းခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း စသည့်ကိစ္စများတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။ 

ဧပြီ ၂၅ ရက်က ထုတ်ပြန်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရုံးတွင်းအမိန့်စာတွင် CDM ဝန်ထမ်းအ ချို့ကို ရာထူးမှထုတ်ပယ်သည့်အပြင် လျော်ကြေးငွေ သိန်း ၅၀ ပေးရန်နှင့် မပေးပါက တရားစွဲမည်ဟု ဆိုထားသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကာကွယ်ဆေး ရရှိရေး ဦးဆောင်ခဲ့သူ ဒေါက်တာထားထားလင်းကို ဖမ်းဆီးရန် နောက်ကွယ်မှ တွန်းအားပေးသူမှာ ဒေါက်တာမြင့်မြင့်သန်းပင်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်နှစ်ခုက ဆို သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီက အဂတိမှုဖြင့်စွပ်စွဲကာ ဧပြီ ၂၀ တွင် ထောင်ဒဏ်သုံးနှစ် ချမှတ်သည်။ 

အရေးယူပေးရန် တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ဒေါက်တာမြင့်မြင့်သန်းကို Myanmar Now က ဆက် သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ယခုရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ပြုလုပ်သော အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အတူ ဒေါက်တာ မြင့်မြင့်သန်း လိုက်ပါသွားသည်ကို တွေ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button