သတင်း

ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ ၃ ဦးအမှု မတ္တရာပကဖ စစ်ဆေးနေ

မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် နေထိုင်သူ ၃ ဦးကို ဒလန်စွပ်စွဲချက်ဖြင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက စစ်ဆေးနေကြောင်း သိရသည်။

ဇွန် ၂၁ တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) နှစ်ဖွဲ့က ရှားစေးချက်ကျေးရွာမှ အသက် ၅၀ အရွယ် ဦးပိန်၊ ချောင်းပေါက်ကျေးရွာမှ ၅၂ နှစ်အရွယ် ဦးကျော်လင်း၊ ၄၄ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ချိုဦးတို့ကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု မတ္တရာမြို့နယ် ပကဖအဖွဲ့ဝင်များက ပြောသည်။

ဦးပိန်ကို မြေခွေးအမည်ရသည့် LDF တပ်ဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဦးကျော်လင်းနှင့် ဒေါ်ချိုဦးတို့ လင်မယားကို နဂါးညီနောင် LDF တပ်ဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသတင်းပေးဟု သံသယရှိလျှင် အရေးယူရမည့် လုပ်ငန်းအဆင့်ဆင့် ရှိသည်ဟု မြို့နယ်ပကဖ တာဝန်ခံတစ်ဦးက ပြောသည်။

“ဒလန်သတင်းပေးဆိုပြီး ဖမ်းပြီးရင် မြို့နယ်လုံခြုံရေးအဖွဲ့က စစ်ဆေးပြီး၊ တရားရုံးတင်ပြီးတော့မှ ပြစ်မှုအလိုက် ပြစ်ဒဏ်စီရင်ရမှာဖြစ်တယ်။ အခုက သတင်းပေးဒလန်ဆိုတာကို သက်သေပြနိုင်မှုမရှိဘဲ၊ ရှင်းလင်းပစ်လိုက်တာ” ဟု ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်လိုသော ထိုတာဝန်ခံက ပြောသည်။

စစ်ဆေးတွေ့ရှိချက်နှင့် သက်သေများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းပေးထားသည့် မြို့နယ်ရဲတပ်ဖွဲ့က တောင်းဆိုခဲ့သလို စစ်ဆေးစီရင်နိုင်ရန်အတွက် ဖမ်းဆီးထားသူများကို လွှဲပြောင်းပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သူက ပြောသည်။

အဖွဲ့နှစ်ခုလုံးက ဇွန် ၂၄ တွင် ကွပ်မျက်ခဲ့ပြီးဖြစ်သည်ဟု အကြောင်းပြန်ထားကြောင်း သိရသည်။

နဂါးညီနောင်အဖွဲ့ကလည်း ၎င်းတို့ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း Myanmar Now ကို ပြောသည်။

လင်မယားနှစ်ဦး သတ်ဖြတ်ခံရမှု

ဦးကျော်လင်းနှင့် ဇနီး ဒေါ်ချိုဦးတို့သည် စစ်တပ် သတင်းပေးသူများဖြစ်ကြောင်း ဒေသခံအချို့က တိုင်တန်းခဲ့သည်၊ စောင့်ကြည့်စုံစမ်းရာတွင် သတင်းပေးဖြစ်ကြောင်း ခိုင်လုံသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နဂါးညီနောင်တပ်ဖွဲ့တာဝန်ခံက Myanmar Now ကို ပြောသည်။

“စောင့်ကြည့်နေတဲ့ ကာလအတွင်းမှာပဲ ဒီလအတွင်းမှာကို ဦးကျော်လင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခေါ်လာပြီးတော့ ကျွန်တော့်စခန်းငယ်တစ်ခုရဲ့ တည်နေရာကို လိုက်ပြခဲ့လို့ စီးနင်းတိုက်ခိုက်ခံရပြီး စခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့တာရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့က သူဟာ သတင်းပေးဒလန်ဆိုတာ ထင်ရှားနေတာပါ” ဟု ထိုသူက ပြောသည်။

နဂါးညီနောင်တပ်ဖွဲ့၏ စခန်းငယ် (တဲ ၃ လုံး) ဇွန်လ ပထမပတ်အတွင်း မီးရှို့ခံခဲ့ရသည်ဟု စုံစမ်း သိရှိရသည်။ သို့သော်လည်း ထိုစီးနင်းမှုတွင် ဦးကျော်လင်း ပါဝင်ပတ်သက်မှု ရှိမရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

မြို့နယ်လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီသတင်းပေးဒလန်များနှင့် ပက်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကို NUG က တိကျစွာ ချမှတ်ထားပြီး၊ လူတိုင်းကို ဥပ‌ဒေနှင့်အညီသာ ဆောင်ရွက်ကြရသည်ဟု မတ္တရာမြို့နယ် ပကဖတာဝန်ရှိသူက ဆိုသည်။

လုံခြုံရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးပြီးလျှင် အပြစ်မရှိသူများကို ပြန်လွှတ်ပေးသည်၊ အပြစ်ရှိပါက ကျူးလွန်ခဲ့မှုအပေါ် မူတည်ပြီး ဒဏ်ရိုက်ခြင်း၊ ခံဝန်သတိပေးခြင်း၊ နယ်နှင်ဒဏ်ပေးခြင်း၊ အစိုးရက သတ်မှတ်ပေးထားသည့် အချုပ်ခန်းများတွင် ထောင်ဒဏ်ပေးခြင်းတို့ လုပ်ကြရသည်ဟု ဆိုသည်။

NUG လက်အောက်ခံ မြို့နယ်အဆင့်အဖွဲ့အစည်းများလက်သို့ ဒလန်လွှဲပြောင်းပေးခြင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း  အရေးယူမှု ပျော့ပျောင်းသောကြောင့် အဆိုပါ သတင်းပေးဒလန်များသည် မူလအလုပ် ဆက်လုပ်တတ်ကြသည်ဟုလည်း နဂါးညီနောင်တပ်ဖွဲ့တာဝန်ခံက ပြောသည်။

“လမ်းညွှန်မှုအတိုင်း ဖမ်းပြီး လွှဲပေးလိုက်ပေမဲ့ သူတို့က ပြန်လွှတ်ပေးလိုက်တာ များတယ်၊ သူတို့လွှတ်ပေးလိုက်တဲ့လူက စစ်တပ်ခေါ်လာပြီး၊ ရွာကို မီးရှို့တာ၊ စခန်းတွေစီးတာ ခံရတယ်၊ အဲ့တော့ ရွာလူထုက ခင်ဗျားတို့က မပြတ်သားလို့ ဖြစ်တာဆိုပြီး အပြစ်တင်လာပြီး၊ ကျွန်တော်တို့ ရပ်တည်ဖို့ပါ ခက်ခဲလာရတယ်” ဟု သူက ပြောသည်။

ဦးကျော်လင်းနှင့် ဇနီး ဒေါ်ချိုဦးတို့သည် ဒလန်အဖြစ် သက်သေထင်ရှားနေပြီး မြို့နယ်အဖွဲ့အစည်းများထံ လွှဲပြောင်းပေးပါကလည်း ပြန်လည်လွတ်မြောက်လာပြီး ဒလန်ဆက်လုပ်မည်ကို စိုးရိမ်သည့်အတွက် သတ်ဖြတ်ခဲ့ခြင်းဟု ဆိုသည်။

“ဒီကိစ္စကို ပြည်ထဲရေးဌာနကို အသေးစိတ် အကြောင်းကြားထားတယ်။ တစ်ချိန်ချိန် ကျွန်တော့်လုပ်ဆောင်ချက် မှားသွားခဲ့တယ်ဆိုရင် တော်လှန်ရေးပြီးချိန်အထိ ကျွန်တော် အသက်ရှင်သေးရင် တာဝန်ခံမှာပါ” ဟု နဂါးညီနောင်အဖွဲ့ တာဝန်ခံက ပြောသည်။

ဦးပိန် ခေါ် ဆရာပိန် သတ်ဖြတ်ခံရမှု

ရှားစေးချက်ကျေးရွာမှ ဦးပိန် ခေါ် ဆရာပိန်ကို ဖမ်းဆီးရှင်းလင်းခဲ့သည့် မြေခွေး LDF အဖွဲ့က ဦးပိန်ကို ဖမ်းဆီးစစ်ဆေးရာတွင် ခန္ဓာကိုယ်ပေါ်မှ ဆက်သွယ်ရေးစကားပြောစက်၊ သွေးသောက်အဖွဲ့ လည်ဆွဲတံဆိပ်ပြား၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ကတ်ပြားတို့ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် မြို့နယ်အဖွဲ့အစည်းများ၏ စစ်ဆေးချက်များအရ ဦးပိန်သည် လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်ကတည်းက တော်လှန်ရေးအဖွဲ့အစည်းများကို ငွေကြေးရိက္ခာ အများအပြား ထောက်ပံ့နေခဲ့သည်၊ မြို့နယ်ပကဖကိုလည်း ထောက်ပံ့ပေးနေသူဖြစ်သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ကူညီပေးခဲ့သူဖြစ်သည်ဟု သိရသည်။

ဦးပိန်၏ အကူအညီဖြင့် မတ္တရာမြို့နှင့် အနီးဆုံးနေရာများအထိ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ခဲ့ပြီး၊ လက်တွဲလုပ်ဆောင်စဉ်ကာလအတွင်း ပကဖရဲဘော်များကို အန္တရာယ်ဖြစ်စေခြင်းမရှိခဲ့ကြောင်းလည်း မြို့နယ်အရာရှိများက ဆိုသည်။

လက်ရှိတွင် ယင်း ၃ ဦး ရှင်းလင်းသတ်ဖြတ်ခံရမှုကို NUG မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူပြီး၊ သတ်ဖြတ်ခံရသူများ ဒလန်ဟုတ်မဟုတ်ကို စစ်ဆေးခြင်း၊ သတ်ဖြတ်ခဲ့သူများကို စစ်ဆေးခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးခံရမည့် အဖွဲ့ ၂ ဖွဲ့သည် စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုများတွင် မြို့နယ်ပကဖနှင့် လက်တွဲကာ အင်အားကောင်းစွာ လှုပ်ရှားလျက်ရှိသည့်အဖွဲ့များဖြစ်ကြကြောင်း မြို့နယ်ပကဖနှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ဆိုသည်။

မြေခွေး LDF အဖွဲ့က ထုတ်ပြန်ထားသည့် ဦးပိန်ထံမှ သိမ်းဆည်းရမိသည်ဆိုသော အထောက်အထားများ။

ဒလန်ဂယက်နှင့် အပြန်အလှန်သတ်ဖြတ်မှု

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သည့် စစ်တပ်က ၎င်းတို့နှင့် သဘောထားမတူသူများ၊ လက်နက်ကိုင် ခုခံသူများကို နှိပ်ကွပ်နိုင်ရန် သတင်းပေးသူ ခေါ် ဒလန်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု​နေသည်၊ ဆန့်ကျင်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

ထိုအခြေအနေများကြောင့် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီသတင်းပေးများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ရှင်းလင်းသုတ်သင်မှုများ တန်ပြန်လုပ်ဆောင်နေသည်။

လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလများတွင် အဖွဲ့အစည်းပေါင်းများစွာက ဒလန်ဟု ယူဆရသူများကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြသည်။ NUG ပေါ်ပေါက်လာပြီးနောက်ပိုင်း ဒလန်ကို အရေးယူမှုနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် သတ်မှတ်ခဲ့သည်။

သို့သော် NUG လက်အောက်သို့ ဝင်ရောက်ခြင်းမရှိသည့် LDF တပ်ဖွဲ့များသည် ၎င်းတို့အစီအစဉ်များဖြင့်သာ ဒလန်ရှင်းလင်းခြင်းများကို ဆက်လက်လုပ်ဆောင်နေခဲ့ကြခြင်းဖြစ်သည်။

ဒလန်ဟု ယူဆရသူများ လုပ်ကြံခံရလျှင် စစ်ကောင်စီက ထိုအမှုသည် အကြမ်းဖက်သမားများက ပြည်သူလူထုကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။

လက်နက်ကိုင်ခုခံသူများကို သတင်းပေးသူ၊ သတင်းထိမ်ချန်သူဟု ယူဆခံရသူများကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်လေ့ရှိသည်၊ ထို့ပြင် နေအိမ်များကိုပါ မီးရှို့ ဖျက်ဆီးတတ်သည်။

နေအိမ်များ မီးရှို့ခံရမှုနှင့် ပတ်သက်၍ အချက်အလက်အလက်များ ကောက်ယူနေသည့် Data for Myanmar အဖွဲ့၏ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကိုင်းတိုင်းအတွင်းမှ နေအိမ်ပေါင်း ၅၃,၁၈၆ လုံးနှင့် မကွေးတိုင်းအတွင်းမှ နေအိမ်ပေါင်း ၁၀,၄၅၁ လုံး မီးရှို့ခံခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button