သတင်း

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

ပြည်သူလူထူအပေါ် သစ္စာစောင့်သိကာ အရပ်သားအုပ်ချုပ်မှုကိုလက်ခံထားသည့် အင်ဒိုနီးရှားစစ်တပ်နှင့် ပတ်သက်၍ ဂုဏ်ယူမိကြောင်း စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ အင်ဒိုကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။

ယခုလ ၃ ရက်က စင်ကာပူတွင် ပြုလုပ်သော ရှန်ဂီလာဆွေးနွေးပွဲ မေးမြန်းခန်းအစီအစဉ်၌ အင်ဒိုနီးရှားစစ်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ လက်ရှိကာကွယ်ရေးဝန်ကြီး Praboww Subianto က လူထုမျက်နှာပေးခြင်း မခံရသည့် မြန်မာစစ်တပ်နှင့် နိုင်ငံရေးမှ ဖယ်ခွာခဲ့သည့် အင်ဒိုစစ်တပ်၏ လုပ်ရပ်ကို နှိုင်းယှဉ်ပြကာ အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“မြန်မာနဲ့ ပတ်သက်ရင် အာဆီယံက အာဏာရှင်စနစ်ကို ဘယ်သောအခါမှ လက်မခံဘူး၊ ကိုယ့်ပြည်သူလူထုကို ပြန်နှိပ်စက်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင်လည်း အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးအကြား ခက်ခဲသော အတိတ်ကာလရှိခဲ့ဖူးကြောင်း၊ သို့သော် အင်ဒိုနီးရှားစစ်တပ်က နိုင်ငံရေးတွင် ဆက်ပါဝင်ပတ်သက်ခြင်းမပြုတော့ဟု ဆိုသည်။

“ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ စစ်တပ်က ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံရေးကနေ နောက်ဆုတ်ပေးခဲ့တဲ့ ဥပမာပေးစရာနိုင်ငံတွေထဲက တစ်ခုပါပဲ။ အဲဒီအတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူရပါတယ်”

“အင်ဒိုနီးရှားစစ်တပ်ဟာလည်း အစဉ်အလာဖြင့် ပြည်သူ့ထံက ပေါက်ဖွားလာတာဖြစ်ပါတယ်။ ပြည်သူမရှိရင် စစ်တပ်ဆိုတာလည်း အလကားပါပဲ”

မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏ လမ်းကြောင်းအတိုင်း လိုက်နာသင့်ကြောင်း၊ မည်သို့သော အခက်အခဲများရှိနေလင့်ကစား စစ်တပ်၏ ပဓာနတာဝန်သည် ပြည်သူများကို ကာကွယ်ပေးရန်ဆိုသော ခံယူချက်ဖြင့် ကျော်လွှားနိုင်ကြောင်းလည်း အင်ဒိုနီးရှားအစိုးရအဖွဲ့အတွင်း အရေးပါသည့် ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားသည့် Praboww Subianto က ဆိုသည်။

“မြန်မာစစ်တပ်ကိုလည်း ဒီလိုပဲ လိုက်နာဆောင်ကြဉ်းဖို့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ တိုက်တွန်းလိုပါတယ်။ စစ်တပ်ဟာ ပြည်သူကို အကာအကွယ်ပေးရမှာပါ။ ကိုယ့်ပြည်သူလူထုကို အကြမ်းဖက်ရမှာ မဟုတ်ပါဘူး”။

အင်ဒိုနီးရှားအစိုးရအဖွဲ့မှ ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Luhut Pandjaitan ကလည်း အာဏာသိမ်း မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှားကို စံနမူနာယူကာ နိုင်ငံရေးနယ်ပယ်မှ နောက်ဆုတ်ပြီး အရည်အချင်းရှိသူများကို တိုင်းပြည်အုပ်ချုပ်ခွင့်ပြုသင့်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထုတ်ဖော်ပြောဆိုဖူးသည်။

“အစိုးရအဖွဲ့ထဲမှာ စစ်တပ်ကလူတွေ အများကြီးရှိနေလည်း ကိုယ်က အရည်အချင်းမပြည့်မီဘူးဆိုရင် သမ္မတမလုပ်သင့်ဘူးပေါ့။ အင်ဒိုနီးရှားမှာလို တကယ်အရည်အချင်းပြည့်မီတဲ့သူတွေကို ပေးအုပ်ချုပ်သင့်တယ်” ဟု ၎င်းက ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာရှိခဲ့သော အရှေ့တောင်အာရှဒေသတွင်းရှိ အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှစ၍ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပြီး လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အရပ်သားစစ်စစ်တစ်ဦးဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးစတင်ခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်ဟောင်းများနှင့် ထိတွေ့ဆက်ဆံရန် အင်ဒိုနီးရှားသမ္မတဟောင်း ဆူစီလိုဘန်ဘန်းယူဒိုယူနိုက တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ၎င်း၏ ကိုယ်တိုင်ရေး ‘Hard Choices’ ဆိုသော စာအုပ်တွင် ထည့်သွင်းရေးသားဖူးသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်ဟောင်းများနှင့် လက်တွေ့ဆက်ဆံရေး မစတင်မီ အင်ဒိုနီးရှားသမ္မတ ဘန်ဘန်းယူဒိုယူနိုနှင့် စတင်တီးခေါက်ခဲ့သည်ဟု ဟီလာရီကလင်တန်က ဆိုသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ အထိ အင်ဒိုနီးရှားနိုင်ငံ၏ ခြောက်ဦးမြောက်သမ္မတအဖြစ် ဆယ်နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဘန်းဘန်းယူဒိုယူနိုသည်လည်း ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းဦးဆောင်နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားသည် ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်သာမက ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ ခေါင်းဆောင်များ စုဝေးကြသည့် G20 ထိပ်သီးအစည်းအဝေးကိုလည်း လက်ခံကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းမှုကို ကြုံရသည့် မြန်မာနိုင်ငံတွင်မူ နိုင်ငံအနှံ့ ပြည်တွင်းစစ်ဖြစ်ပွားနေသည်။ မြန်မာစစ်တပ်လက်ချက်ဖြင့် ပြည်သူ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးနေသလို နိုင်ငံ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအရပ်ရပ်မှာလည်း အချိန်တိုအတွင်း ယိမ်းယိုင်ပြိုလဲနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button