
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူခြင်းထက် တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ရက်ပိုင်းအတွင်း ကျင်းပတော့မည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားအနေဖြင့် မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ရေးမူကို ဆုပ်ကိုင်ထားပြီး အာဆီယံသည် မည်သည့်နိုင်ငံအတွက်မှ အသုံးချခံမဖြစ်စေရဟု အရှေ့တောင်အာရှနိုင်ငံများအသင်းအလှည့်ကျ ဥက္ကဋ္ဌက ပြောဆိုသည်ဟု The Strait Times သတင်းစာက ရေးသားသည်။
“အာဆီယံအဖွဲ့အတွင်းက ပြဿနာတွေဖြေရှင်းတဲ့အခါ လမ်းဖွင့်ပြီး မည်သူနဲ့မဆို၊ ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ မူအရပဲ ဖြစ်စေချင်တယ်။ ဒါ သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာ့အရေးနဲ့ ပတ်သက်ရင်” ဟု ထိပ်သီးအစည်းအဝေးကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း Flores ကျွန်းသို့ ရောက်ရှိလာစဉ် ဂျိုကိုဝီဒိုက ယမန်နေ့ (မေ ၇) တွင် သတင်းထောက်များကို ပြောဆိုခြင်းဖြစ်သည်။
“(မြန်မာ့အရေး) အသေးစိတ် ဆွေးနွေးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးအရပဲ ဖြေရှင်းရမှာပါ။ ကျွန်တော့်အထင်တော့ ပိတ်ဆို့အရေးယူခြင်းဟာ အဖြေမဟုတ်ပါဘူး” ဟု အင်ဒိုနီးရှားသမ္မတက ပြောသည်။
အာဆီယံခေါင်းဆောင်များ ၂၀၂၁ ဧပြီလတွင် သဘောတူချမှတ်ထားသည့် တူညီဆန္ဒငါးရပ်သည် အသက်ဝင်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။
အာဆီယံဘုံသဘောတူညီချက်ပါ အချက်ငါးချက်မှာ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးနှင့် မြန်မာနိုင်ငံသို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ သွားရောက်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရေးတို့ဖြစ်သည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားဆဲဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းမှု တစ်စုံတစ်ရာမရှိသေးပေ။ ပြီးခဲ့သည့်နှစ်နှစ် ဘရူနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အထူးကိုယ်စားလှယ်များ ခန့်အပ်ကာ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်စေလွှတ်ခဲ့သော်လည်း စစ်ကောင်စီနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားအနေဖြင့် “အသံတိတ် သံတမန်ဆက်ဆံရေး” (Quiet Diplomacy) ကို အသုံးပြုကာ ဘက်ပေါင်းစုံမှ တာဝန်ရှိသူများနှင့် စကားပြောဆိုနေသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က လွန်ခဲ့သည့် သောကြာနေ့တွင် ထုတ်ဖော်ပြောဆိုကြောင်း AFP သတင်းဌာနက ရေးသားသည်။
မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့် တရုတ်တို့က ဦးဆောင်ကြိုးပမ်းနေရာ အာဆီယံအနေဖြင့် လက်ရှိအနေအထားထက် ပိုပြီး စွန့်စား ဆောင်ရွက်သင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa က ဝေဖန်ထောက်ပြသည်ဟုလည်း AFP သတင်းတွင် ဖော်ပြသည်။
“အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်သင့်တယ်။ အဲဒီလို တွေ့လိုက်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ သူတို့ခေါင်းမာခြင်းကြောင့်ဖြစ်လာတဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်” ဟုလည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟောင်းက မှတ်ချက်ပြုသည်။
“သံတမန်နည်းလမ်းအရ တိတ်တဆိတ် ဆက်သွယ်ဆောင်ရွက်နေတာတွေ ရှိတယ်ဆိုတာ ယုံပါတယ်။ ဒါပေမဲ့ အရမ်းဆူညံလာရင်တော့ သိပ်ပြီးတိတ်ဆိတ်နေလို့ မရနိုင်ဘူးလေ”
မေ ၉ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာ့အကျပ်အတည်းကိစ္စ လွှမ်းမိုးနေမည်ဖြစ်ကာ အာဆီယံခေါင်းဆောင်များ အစုံအလင်တက်ရောက်မည်ဟု သိရသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ကာ မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့တွင် သီးသန့်ဆွေးနွေးပွဲများ ရှိခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများ နေပြည်တော်သို့ အဝင်အထွက်ပြုလုပ်ခဲ့ကာ အင်အားကြီး တရုတ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးသည်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်လာကာ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)