အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ့အရေး စစ်ကောင်စီနှင့် ဆွေးနွေးသည့် ထိုင်းအစိုးရကို အင်ဒိုနီးရှား ဝေဖန်

စစ်ကောင်စီဝန်ကြီးကို ပါဝင်တက်ရောက်စေကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့နှင့် မြန်မာ့အရေးဆွေးနွေးပွဲ စီစဉ်ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ၏ လုပ်ဆောင်ချက်ကို အင်ဒိုနီးရှားနိုင်ငံက ဝေဖန်လိုက်သည်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံနိုင်ငံများက သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အဖွဲ့ဝင်နိုင်ငံများက လေးစားလိုက်နာရမည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှား၏ ဒေသတွင်း သံတမန်ရေးဆိုင်ရာ အရာရှိ Ngurah Swajaya က ဇွန် ၁၉ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“မြန်မာ့အရေးအတွက် ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ အာဆီယံနိုင်ငံတွေက လက်ခံထားတဲ့ ဘုံသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ပါတယ်” ဟု  သူက ပြောသည်။

“နိုင်ငံတစ်နိုင်ငံအနေနဲ့ အစပျိုးလုပ်ဆောင်မယ်ဆိုလည်း ရပါတယ်၊ ဒါ သူတို့အခွင့်အရေးပါ။ ဒါပေမဲ့ အာဆီယံစင်မြင့်ပေါ်မှာ သဘောတူထားတဲ့အချက်တွေကိုတော့ လေးစားလိုက်နာဖို့ လိုပါတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Ngurah Swajaya က မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကို အားပေးရန်နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန်ဖြစ်သည်၊ အစုအဖွဲ့တစ်ခုတည်းက မြန်မာ့အရေး ချဉ်းကပ်လုပ်ဆောင်ခြင်းသည် အာဆီယံ၏ အစီအစဉ်မဟုတ်ဟုလည်း ဆိုသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် စစ်ကောင်စီနှင့်သာမက အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့်လည်း ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလျက်ရှိသည်။

“အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေတစ်ဆင့် အဖြေရှာခြင်းဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖန်တီးဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ” ဟု Ngurah Swajaya က ပြောသည်။

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် ထိုင်းအစိုးရ၏ ကြိုးပမ်းမှုအဖြစ် အာဆီယံနိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သော မြန်မာ့အရေးဆွေးနွေးမှုကို ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် ယမန်နေ့ (ဇွန် ၁၉) တွင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီကို အစဉ်တစိုက် ဝေဖန်လေ့ရှိသည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိပေ။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မြန်မာကို ဝန်ကြီးအဆင့် ထိတွေ့ဆက်ဆံနိုင်ခြင်းမရှိသေးဟု ဆိုသည်။

“ထိပ်သီးအစည်းအဝေး ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်တောင်မှပဲ စစ်ကောင်စီနဲ့ ပြန်လည်ဆက်ဆံဖို့ အချိန်မတန်သေးဘူး” ဟု သူက တုံ့ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ထိုသို့ တွေ့ဆုံရန် ငြင်းဆန်ထားသည်။

“မြန်မာ့အရေးအတွက် (စစ်ကောင်စီကို) ပြန်လည်ဆက်ဆံရန် သို့မဟုတ် နည်းလမ်းသစ် ရှာဖွေရန် အာဆီယံခေါင်းဆောင်များအကြား သဘောတူထားခြင်းမရှိ” ဟု သူက ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကမူ မြန်မာနိုင်ငံနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေသော ယင်းတို့နိုင်ငံကို ကာကွယ်ရန် တိုက်ရိုက်ဆွေးနွေးပွဲများ လိုအပ်သည်ဟု ပြောကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြသည်။

“ထိုင်းနိုင်ငံဟာ ကုန်းမြေနယ်စပ်နဲ့ ရေကြောင်းနယ်နိမိတ် ကီလိုမီတာ ၃ဝဝဝ ကျော် ရှိတာကြောင့် တခြားသူတွေထက် ပိုခံရပါတယ်” ဟု ပရာယွတ်က ဆိုသည်။

“ဒါကြောင့် ဆွေးနွေးဖို့ လိုအပ်တယ်၊ ဘက်လိုက်တာ မဟုတ်ဘူး”

အဆိုပါ ဆွေးနွေးပွဲသို့ ဝန်ကြီး ဦးသန်းဆွေ တက်ရောက်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် အကျဉ်းမျှ ဖော်ပြခဲ့သည်။ နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေးတို့ ဆွေးနွေးခဲ့သည်ဟုသာ စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းစာများက ဖော်ပြသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်၊ အာဆီယံမှတစ်ဆင့် လူသားချင်း စာနာမှုအကူအညီများပေးရန် စသည့်အချက်များ ပါဝင်ရာ စစ်ကောင်စီက လိုက်လျောခြင်းမရှိသည့်အတွက် ၂ နှစ်ကျော် ကြာသည့်တိုင် ဖြစ်ပေါ်တိုးတက်မှု မရှိသေးပေ။

ထို့အတွက် အာဆီယံကလည်း စစ်ခေါင်းဆောင်အပါအဝင် ယင်းခန့်ထားသည့် ဝန်ကြီးများကို အာဆီယံထိပ်သီးအစည်းအဝေး အပါအဝင် ဆက်စပ်အစည်းဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ဒဏ်ခတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button