သတင်း

မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းတွင် ၁၀ ရွာထက်မနည်း ရေကြီးနစ်မြုပ်ခဲ့

လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ ကျော်ဖြင့် ကုန်တိုင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့တွင် လူ ၁ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေပြီး စလင်းမြို့နယ်မှ ကျေးရွာဆယ်ရွာထက်မနည်း ရေကြီးနစ်မြုပ်သည်ဟု သိရသည်။

စလင်းချောင်းနှင့် ဧရာဝတီမြစ်အကြားရှိသည့် ဆင်ဖြူကျွန်းမြို့ပေါ်တွင် ယမန်နေ့ (မေ ၁၄) ညနေပိုင်းက ရေလွှမ်းလာချိန် ပစ္စည်းသိမ်းနေသည့် သားအမိနှစ်ဦး ရေစီးနှင့် မျောပါသွားခဲ့ခြင်းဖြစ်သည်ဟု ဆွေမျိုးနီးစပ်တစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ အသက် ၇၀ အရွယ် ဒေါ်အေးသန်း၏ အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သော်လည်း သမီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အေးသင်းစိုးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

“သူတို့က ရေတွေတက်လာတော့ သိမ်းစရာရှိတာတွေ သိမ်းနေတယ်နဲ့ တူပါတယ်။ ရေက တအားသန်လာတော့ သူ့အမေပါသွားတော့ သူ့သမီးက လိုက်ဆွဲတဲ့အခါကြတော့ အဲ့ဒီမှာ နှစ်ယောက်စလုံး ပါသွားတာပေါ့။ အဲ့ဒီဘေးက ဘုန်းကြီးကျောင်းကလူတွေ၊ ဘုန်းကြီးတွေ မြင်တာပေါ့” ဟု အထက်ပါ ဆွေမျိုးနီးစပ်သူက ပြောသည်။

ယမန်နေ့တွင် တစ်မြို့လုံး ရေဝင်နေသဖြင့် ကူညီကယ်ဆယ်ရေးမလုပ်နိုင်ဘဲ ယနေ့မနက်ပိုင်းတွင် ဆွေမျိုးများနှင့် ပရဟိတအဖွဲ့အစည်းများက ကူညီရှာဖွေရာတွင် ဒေါ်အေးသန်း၏ ရုပ်အလောင်းကို ပြည်စိုးကုန်းရပ်ကွက်အနီး ကြက်ဟင်းခါးကျွန်းရွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ညနေပိုင်းက စလင်းချောင်း ရေတိုးလာသဖြင့် အမြန်ရွှေ့ပြောင်းခဲ့ရသည်ဟု ဆင်ဖြူကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရေက မြို့ထဲလမ်းမကြီးဆို ပေါင်လယ်လောက်အထိ ရောက်သွားတယ်ခင်ဗျ။ ကျွန်တော်တို့အိမ်ဆို ရေက ရင်ဆို့လောက်အထိ ရောက်တယ်။ ကျွန်တော်တို့ အိမ်ရဲ့ အနောက်မှာက စလင်းချောင်း ဖြစ်နေတာကိုး။ အခုတော့ ရေက ပြန်ကျသွားပြီး နွံတွေ နုန်းတွေ ကျန်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။

ရေစီးကြောင့် စလင်းချောင်းဘေးရှိ နေအိမ်အချို့ အလုံးလိုက်ကျွတ်ပါသွားကာ အသက်ဘေး လွတ်ကင်းအောင် ဦးစားပေးတိမ်းရှောင်ခဲ့ရသဖြင့် နေအိမ်တွင်းရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးရသည်ဟုလည်း အထက်ပါ ဆင်ဖြူကျွန်းမြို့ခံ​ အမျိုးသားက ပြောသည်။

“ရေက တအိအိ တက်တာမျိုး မဟုတ်ဘူး။ ရေစီးက သန်လည်းသန်တယ်။ မြန်လည်းမြန်တယ်”

ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတစ်လျှောက်ရှိ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ စသည့် ကျေးရွာများလည်း ရေကြီးနစ်မြုပ်သည်ဟု သိရသည်။

ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ရွာတွင် လူဦးရေ နှစ်ထောင်ဝန်းကျင်ခန့် နေထိုင်ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးကုန်သည်ဟု နွယ်တမယ်ရွာခံတစ်ဦးက ပြောသည်။

“ဖလားထဲကရေ သွန်ချလိုက်သလိုမျိုး ရေက တက်လာတာ ဘာမှ သိမ်းချိန်ဆည်းချိန်တောင် မရလိုက်ဘူး။ မခိုင်ခံ့တဲ့အိမ်အချို့တော့ မျောပါသွားတယ်။ ကျွဲနွားတိရစ္ဆာန်တွေတော့ အကုန် သေကုန်တာပေါ့”

ရေကြီးနစ်မြုပ်မှုကြောင့် ပစ္စည်းများ ဆုံးရှုံးရုံတင်မက သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း ပျက်စီးခဲ့သည့် နေအိမ်များကို ရှင်းလင်းနေရသည်ဟု သိရသည်။

အလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် အသေးစိတ်အခြေအနေကို မသိရသေးပေ။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနဩ၏ ယနေ့ နံနက်ပိုင်း ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အားလျော့သွားက စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီးမှ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး နောက် ၆ နာရီအတွင်း ကုန်းတွင်းပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ဆိုသည်။

စစ်ကိုင်း၊ မန္တလေး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို မုန်တိုင်းဖြတ်ကျော်ပြီးဒေသများအဖြစ် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်းလည်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button