သတင်း

ရခိုင်ဒေသခံတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့ဟု AA ပြော 

မိုခါအမည်ရ အလွန်ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းကျရောက်မည့် အန္တရာယ်မှကင်းလွတ် ရေး ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်နေရာ ယခုလ ၉ ရက်နေ့မှစ၍ ငါးရက်တာအတွင်း ရခိုင်ပြည်နယ် ရှိ လူပေါင်းတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိ သူက ပြောသည်။

မေလ ၉ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့နယ် များမှ ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်းနိုင်ရေး ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ယနေ့အထိ စုစုပေါင်း ၁၀၁, ၉၉၉ ဦးကို ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။ 

“ကျွန်တော်တို့သပ်သပ် အကူအညီပေးတာတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေနဲ့ပေါင်းပြီးတော့ စားရေး သောက်ရေး၊ နေရေးထိုင်ရေးကိစ္စတွေကို စီစဥ်ဆောင်ရွက်ပေးနေတာဖြစ်တယ်” ဟု ၎င်းက ယနေ့ (မေ ၁၃) တွင် Myanmar Now ကိုပြောသည်။

ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ဖွဲ့စည်းပေးထား သည့် မုန်တိုင်းဘေးအန္တရာယ်ကူညီရေးအဖွဲ့များဖြင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေး ကူညီ ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

“မုန်တိုင်းမရောက်လာခင် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံစားရနိုင်တဲ့ မြေနိမ့်ပိုင်းဒေသက ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာကို အာရက္ခပြည်သူ့အစိုးရရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးနေ ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar ဒေသနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့ကြား၊ စစ်တွေမြို့အနီး မှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနနှင့် နိုင်ငံတကာ သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များကို ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့် သတ်မှတ်ကြောင်း စစ်ကောင်စီက ယမန်နေ့ (မေ ၁၂) ညပိုင်းတွင် ထုတ်ပြန်သော်လည်း ဒေသခံမည်မျှကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိ သေးပေ။

မုန်တိုင်းအန္တရာယ်ကြောက်လန့်၍ မိမိအစီအစဥ်ဖြင့်သာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးပင် ဆောင်ရွက်ပေးခြင်း မရှိကြောင်း ရခိုင်ဒေသခံတို့က ဆိုသည်။

မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းပေါ်ရှိ စစ်တွေမြို့၌ ယနေ့ နံနက်ပိုင်းအထိ ဒေသခံအများအပြား ကုန်တင် ကားကြီးများဖြင့် ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။ စစ်တွေမြို့အထွက်ရှိ အဝေးပြေး ကားကြီးဝင်းမှ တဆင့် ကုန်တင်ကားကြီးများဖြင့် ထွက်ခွာနေကြကာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီး နှင့် ကလေးငယ်များ ပါဝင်သည်ကို တွေ့ရသည်။

စစ်တွေမြို့တွင် ဒေသခံအများစုမှာ ကုန်းမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး အချို့သော ဒေသခံများမှာ စစ်တွေ၌မနေရဲသောကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များသို့ ထွက်ပြေး နေကြသည်။​

“ကျွန်တော်တို့က အောင်တိုင်ကျေးရွာကပါ။ ပင်လယ်နဲ့လည်းနီးပါတယ်။ စစ်တွေမှာလည်းမနေရဲတော့ ကျောက် တော်ဘက်မှာ နေမလို့သွားမှာပါ။ ရွာကလူတွေလည်း အကုန်လုံးထွက်ပြေးကုန်ပါပြီ။ အားလုံး စိုးရိမ်နေကြပါတယ်” ဟု စစ်တွေမြို့နယ် အောင်တိုင်ရွာမှ အသက် ၂၅ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိ၌ ရခိုင်ပြည်နယ်အတွင်း လေကြောင်းလိုင်းများ အပါအဝင် အဝေးပြေးယာဉ်လိုင်းများနှင့် ရေယာဉ်လိုင်းများ ပိတ်ထားပြီဖြစ်ကာ စစ်တွေ့မြို့၌ မြို့မစျေးကြီးအပါအဝင် စျေးဆိုင်ငယ်များ ပိတ်သိမ်းထားသည်ကို တွေ့ရသည်။

လူပေါင်း ၄ သိန်းကျော်ကို တစ်လကြာပံ့ပိုးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများ ကြိုတင် နေရာချထားပြီးဖြစ်သည်ဟု WFP က ယနေ့ ထုတ်ပြန်သည်။ (ဓာတ်ပုံ –  WFP)

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်မည်ဟု ခန့်မှန်းထားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ မတိုက်ခတ်မီ လူပေါင်း ၄ သိန်းကျော်ကို တစ်လကြာပံ့ပိုးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများ ကြိုတင်နေရာချ ထားပြီးဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ယနေ့ ထုတ်ပြန်သည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ၍ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စားနပ် ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာ များကို ကြိုတင်နေရာချထားလျက်ရှိသည်ဟု ဆိုသည်။​

“ကျွန်မတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို အကောင်းဆုံးဖြစ်လာနိုင်ဖို့ လည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး ခံနိုင်စွမ်းအားနည်း တဲ့ဒေသတွေဆီကို ဦးတည်နေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ် Sheela Matthew က ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဂီရိမုန်တိုင်း သည် ရခိုင်ပြည်နယ်တောင်ပိုင်းကို အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၂၀ ဖြင့် ဖြတ်ကျော်ဝင်ရောက် ခဲ့ရာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရသည်။

Show More

Related Articles

Back to top button