သတင်း

မြောက်ဦးဒေသဖျက်ဆီးမှုအတွက် ထိရောက်စွာတုံ့ပြန်မည်ဟု AA ပြော

မြောက်ဦးမြို့ရှိ ရှေးဟောင်းပြတိုက်၊ ဘုန်းကြီးကျောင်းတို့ စစ်ကောင်စီလက်ချက်ကြောင့် ပျက်စီးသည်ဟု AA က ဆိုသည်၊ စစ်ကောင်စီကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းသည်။

ရခိုင်မင်းဆက် ထီးနန်းစိုက်ခဲ့သည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းအမွေအနှစ်များ လက်နက်ကြီးကြောင့် ပျက်စီးခဲ့ရပြီး ယင်းမှာ စစ်ကောင်စီ၏ ရည်ရွယ်တိုက်ခိုက်မှုဖြစ်၍ ထိထိရောက်ရောက် တုံ့ပြန်မည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရက္ခိုင့်တပ်တော်( AA) က ပြောဆိုလိုက်သည်။

ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ရခိုင်ပြည်နယ် မြောက်ဘက်တွင်ရှိသည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းနှင့် သာသနိကအဆောက်အအုံအချို့ကို ဒီဇင်ဘာ ၂၅ (ခရစ္စမတ်နေ့) နံနက် ၅ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်သည်ဟု ULA က နေ့တွင်းချင်း ထုတ်ပြန်သည်။

စစ်ကောင်စီကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ယနေ့ (ဒီဇင်ဘာ ၂၆) ထုတ် ဝါဒဖြန့် သတင်းစာများတွင် ငြင်းသည်။ မြောက်ဦးရှိ ရဲစခန်းနှစ်ခုကို AA က ရှော့တိုက်ဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယဉ်ကျေးမှုပြတိုက်နှင့် ကျောက်စာချပ်များပျက်စီးသည်ဟု စစ်ကောင်စီက ဆိုသည်။

ULA ကမူ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းထားသည့် တန်ဖိုးဖြတ်မရသော ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များပျက်စီးဆုံးရှုံးခဲ့ရသည့် လက်သည်မှာ မြောက်ဦးမြို့အခြေစိုက် အမှတ် ၅၄၀၊ ၃၇၇၊ ၃၇၈ ခြေမြန်တပ်ရင်းနှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့သာဖြစ်သည်ဟု ပြောထားသည်။

၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးတွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဖြစ် ရွေးကောက်ခံခဲ့ရသည့် ဦးဖေသန်းက ထိုပစ်ခတ်မှုမှာ စစ်ကောင်စီလက်ချက် ဖြစ်နိုင်သည်ဟု ပြောသည်။

“ဒီမြောက်ဦးဆိုတာက ရခိုင်တွေရဲ့အသည်းနှလုံးဖြစ်ပါတယ်။ ဘယ်တော့မှ ကိုယ့်ဘက် (AA) က လက်လွတ်စပယ် လုပ်တဲ့အစဉ်အလာလည်း မရှိခဲ့ဘူး။ အဲဒီလို လုပ်ရပ်မျိုးလည်း ULA/AA ဘက်က ဘယ်တော့မှ လုပ်လိမ့်မယ် မဟုတ်။ အဲဒါကတော့ သေချာပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

“အဓိကတော့ ပြည်သူတွေ ဒုက္ခရောက်ရုံတင်မက ရခိုင်တွေရဲ့ စိတ်ဓာတ်၊ နှလုံးတွေကိုပါ ကြွေမွသွားအောင်အတွက် စစ်ကောင်စီရဲ့မသမာတဲ့နည်းလမ်းလို့ပဲ ပြောချင်ပါတယ်။ ဒီကိစ္စက စစ်ကောင်စီကလွဲပြီး တခြားဘယ်လက်နက်ကိုင်မှ လုပ်မယ်လို့ မယုံကြည်ပါ”

ဒေသအခြေစိုက် Narinjara ၏ သတင်းဌာန၏ ဖော်ပြချက်အရ တိုက်ပွဲပြင်းထန်နေသည့် မြောက်ဦးမြို့တွင် ဒီဇင်ဘာ ၂၄၊ ၂၅ ရက်နေ့များက စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးကာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရကြောင်း၊ နန်းရာကုန်းရှိ ရှေးဟောင်းပြတိုက်၊ သာသနိကအဆောက်အအုံနှင့် လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းသူတစ်ဦးက ” ပြတိုက်ရဲ့ ကျောက်စာခန်းထဲကို လက်နက်ကြီးကျတယ်လို့ သိရပါတယ်။ ကျောက်စာတွေ အများကြီးထားတဲ့ အခန်းပါ။ ကျောက်စာတွေ ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ပြောကြောင်း Narinjara က ရေးထားသည်။

ပြီးခဲ့သည့်လမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသအချို့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ပေါ်ပေါက်လာသည်။ AA က စစ်ရေးအရ အရေးပါသည့် ဗျူဟာစခန်းများပါ သိမ်းပိုက်ထားနိုင်သည်။ 

မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်များ လက်နက်ကြီးကြောင့် ပျက်စီးသည့် ဒီဇင်ဘာ ၂၅ ရက်တွင် AA က ထိုဒေသရှိ သူတော်မတောင်ကုန်းစခန်းကို သိမ်းလိုက်နိုင်သည်ဟု Narinjara သတင်းက ဆိုသည်။ မြောက်ဦးဒေသတွင်းအခြေအနေနှင့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် Myanmar Now က ကြိုးပမ်းနေဆဲဖြစ်သည်။

မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းရန် ၂၀၂၁ စစ်အာဏာမသိမ်းမီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ တင်သွင်းထားသည့် ထိုလုပ်ငန်းစဉ် မည်သို့အခြေအနေရှိသည်ကို ရှင်းလင်းစွာမသိရသေးပေ။

မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်ရောက် နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားသည့် ဒေသတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button