
ရခိုင်ကမ်းရိုးတန်းသို့ အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းတိုက်ခတ်ပြီး ၅ လကျော် ကြာသည့်တိုင် စားစရာရိက္ခာနှင့် နေအိမ်များပြန်ဆောက်ရန် ကူညီထောက်ပံ့မှု မရကြသေးကြောင်း ရခိုင်ဒေသခံများက ပြောသည်။
မေ ၁၄ ရက်နေ့က ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် ဒေသခံတို့ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် နေအိမ်အဆောက်အအုံများလည်း ပျက်စီးခဲ့ရသည်။
မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးသွားသည့် ပေါက်တောမြို့နယ် သဲခုံရွာအတွက် စစ်ကောင်စီ၏ ထောက်ပံ့မှုမှာ မည်ကာမတ္တသာဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ လေးရက်လောက်ကတော့ စစ်ကောင်စီက တစ်ယောက်ကို ဆန်တစ်ပြည်လောက် ပေးတယ်။ အဲဒါက နောက်ဆုံးပါပဲ၊ ဘာမှမရတော့ဘူး” ဟု ၎င်းက ပြောသည်။
ပျက်စီးသွားသည့် နေအိမ်များကိုလည်း လူမှုအဖွဲ့အစည်းများ၏ အကူအညီများဖြင့် ဆောက်လုပ်ထားပြီး အများစုမှာ တာလပတ်မိုးပြီး ဆောက်လုပ်ထားသည်ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
“ထမင်းစားဖို့မရှိတဲ့သူတွေလည်း ရှိတယ်။ အဓိက ဆေးဖိုးဝါးခ၊ နေမကောင်းလို့ ဆေးတစ်လုံး ထိုးချင်လို့ မထိုးရ။ အဲလိုအခက်အခဲရှိတယ်” ဟု ၎င်းက ဆိုသည်။
“ပြီးတော့ တာလပတ်နဲ့ နေရတဲ့ဘဝဖြစ်လို့ နေပူချိန် အရမ်းပြင်းလာတော့ နေရတာ သိပ်ဒုက္ခရောက်တယ်။ ပူတာက တစ်မျိုး၊ နေမယ့်နေရာမရှိ။ အပင်လည်း မရှိဘူး”
ထို့ပြင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်၊ ညောင်ပင်လှကျေးရွာကိုလည်း အရပ်ဘက်အဖွဲ့အစည်းများ ရောက်မလာသေးသလို စစ်ကောင်စီကလည်း ဆန်အနည်းအကျဉ်းသာ ကူညီထောက်ပံ့သဖြင့် ဒေသခံများ အခက်အခဲဖြစ်ရသည်ဟု ရသေ့တောင်မြို့နယ်မှ ဦးမောင်ထွန်းက ပြောသည်။
မုန်တိုင်းသင့်ပြည်သူများ ကူညီထောက်ပံ့မှု ထိထိရောက်ရောက်မရရှိကြသဖြင့် မိမိတွင်ရှိသည့် လယ်ယာမြေ၊ ကျွဲ၊ နွားများကို ရောင်းချကာ နိုင်ငံခြားသို့ အလုပ်လုပ်ရန် ထွက်ခွာသူများလည်း ရှိနေသည်ဟု ဆိုသည်။
“အခုက စားဝတ်နေရေး အခက်အခဲဖြစ်လို့ ရွာကလူတွေ ထိုင်း၊ မလေးရှားကို သွားတယ်။ ဒီမှာက လုပ်စားမယ့်ဟာကလည်း မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့နယ်၊ အနောက်စံပြ ဘာဆာရာကျေးရွာတွင် အိမ်ခြေ သုံးရာကျော်ရှိပြီး ရိုဟင်ဂျာ ၃၀၀၀ ကျော် နေထိုင်ကြသည်။
ထိုရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက စစ်ကောင်စီ၏ အကူအညီသာ ရသည်၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အကူအညီ မရဟု ပြောသည်။
စစ်ကောင်စီက တစ်ရွာလုံးအတွက် ဆန်အိတ် ၉၀ မှ ၁၀၀ ကြား တစ်လတစ်ကြိမ်ခန့် ထောက်ပံ့သည်ဟု ပြောသည်။
ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးသော သဘာဝဘေးဒဏ် ကျရောက်ထားသည့် ဒေသကို နိုင်ငံတကာအဖွဲ့အစည်းများ ကူညီထောက်ပံ့ခွင့် ကန့်သတ်ခံထားရသည်။ ထိုဟန့်တားမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းဗိုလ်ချုပ်ကြီးများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရခိုင်အခြေအစိုက် လူမှုအဖွဲ့အစည်းများသည်လည်း အလှူငွေရရှိမှု နည်းပါးသဖြင့် အကန့်အသတ်နှင့်သာ လှုပ်ရှားနိုင်သည်ဟု သိရသည်။
စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးက ၎င်းတို့ဒေသတွင် ထိထိရောက်ရောက်ထောက်ပံ့မှု လိုအပ်နေသည်ဟု ပြောသည်။
“စစ်ကောင်စီက ထိရောက်တဲ့ကူညီထောက်ပံ့မှုက ဘာမှ မကြားရဘူး။ ပြီးခဲ့တဲ့လတွေကတော့ မုန်တိုင်းအလွန်မှာတော့ မိုးစပါးကူညီတာတွေ၊ ဆန်နည်းနည်းနဲ့ ဆီနည်းနည်း ကူညီတာတွေတော့ ရှိတယ်။ အခုလက်ရှိမှာတော့ အကူအညီလက်ခံရရှိတာတော့ မကြားမိပါ” ဟု ထိုသူက ပြောသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ အောက်တိုဘာ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာတွင် မုန်တိုင်းသင့်ပြည်သူများ အခက်အခဲကြီးကြီးမားမား ကြုံတွေ့နေရဆဲဖြစ်သည်ဟု ထောက်ပြထားပြီး လူသားချင်းစာနာမှုအကူအညီကို စစ်အုပ်စုက အရှက်မရှိ ဟန့်တားထားသည်ဟု ဝေဖန်ထားသည်။
မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့မှုအခြေအနေ၊ ဝေဖန်မှုများနှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရနိုင်ရန် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
ရခိုင်ဒေသအတွင်း အကန့်အသတ်နှင့် ကူညီခွင့်ရခဲ့သည့် နိုင်ငံတကာအဖွဲ့များထဲတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လည်း ပါဝင်သည်။
ICRC ၏ အောက်တိုဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် လများအတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ မိသားစု ၁၃,၈၈၄ စုကို မျိုးစပါးနှင့် မျိုးစေ့များ ကူညီခဲ့သည်ဟု ဖော်ပြထားသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ဒေသတွင် ၁၆၄ ဦး သေဆုံးသွားပြီး နေအိမ် ၃၀၀,၀၀၀ နီးပါး ပျက်စီးကာ လူတစ်သန်းခွဲခန့် ထိခိုက်ခံစားခဲ့ရကြောင်း ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)