သတင်း

အောင်သပြေဘိလပ်မြေစက်ရုံနှင့်ပဋိပက္ခအမှုတွင် ရာအိမ်မှူးနှင့်ရွာသားများ ထောင် ၅ နှစ်စီကျ

ဘိလပ်မြေစက်ရုံပဋိပက္ခနှင့် ဆက်စပ်ပြီး ပုဒ်မအများအပြားဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော အောင်သပြေကျေးရွာမှ ရာအိမ်မှူးအပါအဝင် ဦးစလုံးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက မီးရှို့မှုနှင့် အပြင်းအထန်ဒဏ်ရာရစေမှု တို့ဖြင့် အများဆုံးထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခဲ့သည်။

၂၀၁၉ မေ ၁၅ တွင် အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခတွင် ပါဝင်ခဲ့သည်ဆိုကာ ၎င်းတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၁၀ လအကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မီးရှို့မှုအတွက် ထောင်ဒဏ် ၅ နှစ်၊ အပြင်းအထန် ဒဏ်ရာရအောင်ပြုမှုအတွက် ထောင်ဒဏ် ၂ နှစ်တို့ကို တစ်ပေါင်းတည်း ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။

ယင်းအမှုတွင် တရားလိုကုမ္ပဏီမှတာဝန်ရှိသူက ရုံးတော်သို့ သက်သေအဖြစ် တင်သွင်းလာသည့် စီစီတီဗီမှတ်တမ်းအရ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဝေဝါးနေသည့် အဆိုပါမှတ်တမ်းကိုကြည့်ကာ တရားခံဟု သတ်မှတ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် အောင်သပြေရွာသားများဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေဦးစည်သူက မေးခွန်းထုတ်ခဲ့သည်။

စီစီတီဗီကနေ တရားရုံးကို တင်သွင်းလာတဲ့ ရုပ်သေမှတ်တမ်းတွေမှာ ဝေဝါးနေတာတွေ အများကြီးတွေ့တယ်။ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အမှုထဲမှာ ခိုင်မာလုံလောက်တဲ့ ပေါ်လွင်မှုမရှိဘူးဆိုရင် ပြစ်ဒဏ်ပေးလို့ရနိုင်မလားဟု ၎င်းက ဆိုသည်။

ယခုပြစ်ဒဏ်နှင့်ပတ်သက်ပြီး အယူခံဆက်တက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယနေ့တရားခွင်သို့ အောင်သပြေကျေးရွာမှ ရွာသူရွာသားအများအပြား လာရောက်ဝန်းရံကာ လုံခြုံရေး အထူးတင်းကျပ်ခဲ့ရသည်။

တရားစွဲခံရွာသားများကို ယနေ့တရားရုံးက အမိန့်ချမှတ်ရာတွင် မီးရှို့မှုပုဒ်မ (၄၃၆) နှင့် အပြင်းအထန် ဒဏ်ရာရအောင်ပြုမှုပုဒ်မ (၄၄၀) အတွက်သာ အမိန့်ချခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍အခြားပုဒ်မများကို ရင်ဆိုင်ရန် ရှိနေသေးကြောင်း၊ လာမည့် ဧပြီ ၃ တွင် ရဲမှူးမျိုးညွန့်သန်းက တရားလိုပြုလုပ်၍စွဲဆိုထားသော ဝတ္တရားနှောင့်ယှက်မှုဆိုင်ရာ ပုဒ်မများအတွက် အမိန့်ချရန်ရှိကြောင်း ရှေ့နေဦးစည်သူကဆိုသည်။

အောင်သပြေကျေးရွာပဋိပက္ခနှင့် ပတ်သက်၍ တရားစွဲဆိုခံရသူများတွင် ကိုမိုးလင်းမှာ ပုဒ်မအများဆုံးဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာတွင် ပုသိမ်ကြီးမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅() အတွက် အလုပ်နှင့် ထောင်ဒဏ် နှစ် ကျခံစေရန် အမိန့်ချမှတ်ထားသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ယမန်နှစ် မေ ၁၄ တွင် ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရော်ဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သတင်းထောက်တစ်ဦးအပါအဝင် ရွာသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ရွာသားများက ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ကားမှန်များလည်း ဖျက်ဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရွာသူရွာသားအများအပြား ဖမ်းဆီးတရားစွဲဆိုခံရကာ ဝရမ်းထုတ်ခံထားရသူ ၃၃ ဦးအထိရှိသည်။

Show More

Related Articles

Back to top button