သတင်း

အောင်သပြေဘိလပ်မြေစက်ရုံမီးရှို့မှုတွင် ဒေသခံ ဦးရွှေအုန်းနှင့် သမီး မပါဝင်ဟု ထွက်ဆို

ဘိလပ်မြေစက်ရုံ မဆောက်လုပ်ရေး ဆန္ဒပြခဲ့၍ ဖမ်းဆီးတရားစွဲခံထားရသည့် အောင်သပြေရွာသား ဦးရွှေအုန်းနှင့် သမီး မငြိမ်းဌေးတို့သည် စက်ရုံမီးရှို့မှုတွင် မပါခဲ့ဝင်ကြောင်း အောင်သပြေရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ယနေ့ တရားရုံးတွင် သက်သေထွက်ဆိုသည်။

ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ဦးရွှေအုန်းပါ၂ ဦးကို ယနေ့ ရုံးထုတ်ရာ တရားလိုသက်သေဖြစ်သည့် အောင်သပြေရွာအုပ်ချုပ်ရေးမှူး ကို စစ်ဆေးခဲ့ရာ ယင်းသို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

” မီးရှို့မှု CCTV မှတ်တမ်းမှာတော့ ဦးရွှေအုန်း မပါဘူး။ မငြိမ်းဌေးလည်း မပါဘူး။ ၂၃ ဦးပဲ တွေ့ရတာ။ သူတို့ မပါဘူး။ လမ်းပေါ်လူစုလူဝေးမှာတော့ တွေ့လိုက်တယ်လို့ ထွက်ဆိုခဲ့တယ် “ဟု ပုသိမ်ကြီးမြို့နယ်၊ ဒဟတ်တောကျေးရွာအုပ်စု၊ အောင်သပြေရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

၂၀၁၉ မေလအတွင်းက အောင်သပြေဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတစ်ခုတွင် ရဲတပ်ဖွဲ့နှင့်ရွာသားများအကြား အပြန်အလှန် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြရာ ရွာသားများက ကုမ္ပဏီဝင်းအတွင်းရှိ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ကားမှန်များလည်း ဖျက်ဆီးခဲ့သည်။

“ရုန်းရင်းဆန်ခတ်နေ့ကလည်း ရဲတပ်ဖွဲ့က ရှေ့တိုးလိုက်၊ ရွာသားတွေက နောက်ဆုတ်လိုက်နဲ့ ဘယ်သူဘယ်ဝါ ပါတယ်၊ သဲသဲကွဲကွဲမသိရဘူး၊ အဲဒီအခြေအနေလေးတွေ ထွက်ဆိုခဲ့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ဦးရွှေအုန်းကို ယခုနှစ် မတ် ၂၅ တွင် ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့ပြီး ၎င်းကို ခွင့်ပြုချက်မဲ့ စုဝေးဆန္ဒပြမှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊  ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုမှု) ၊ ပုဒ်မ ၃၃၃ (ပြည်သူ့ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှု) ၊ ပုဒ်မ ၄၃၆ (မီးရှို့မှု)၊ ပုဒ်မ ၄၄၀ (နာကျင်စေမှု) တို့အပါအဝင် ပုဒ်မကိုးခုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယနေ့ရုံးချိန်းတွင် မီးရှို့မှု၊ နာကျင်စေမှုနှင့် အားပေးကူညီမှု ပုဒ်မ သုံးခုအတွက်သာ စစ်ဆေးကြောင်း ပုသိမ်ကြီးမြို့နယ်တရားရုံး၊ သတင်းနှင့်ပြန်ကြားရေးအရာရှိက ပြောသည်။

ဦးရွှေအုန်းကို မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) အရ အလုပ်နှင့်ထောင်ဒဏ် ၃ လ ကျခံစေရန် မေ ၁၄ က အမိန့်ချထားပြီး ၎င်းအနေဖြင့် ရင်ဆိုင်ရန် ပုဒ်မအများအပြား ကျန်ရှိနေသေးသည်။

လာမည့်ရုံးချိန်းကို ဇူလိုင် ၁၄ သို့ ထပ်မံချိန်းဆိုလိုက်ပြီး လိုပြသက်သေများကိုသာ စစ်ဆေးမည်ဖြစ်သည်။

ယင်း ရုန်းရင်းဆန်ခတ်ပဋိပက္ခနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် အယ်လ်ဖာကုမ္ပဏီတို့ဘက်မှ တရားစွဲဆိုထားပြီး လူပေါင်း ၃၀ ကျော်ကို ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို ၂၀၁၉ ဇွန် ၂ မနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် ဇွန် ၅ တွင် ထောင်အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် ထိုဘိလပ်မြေစက်ရုံစီမံကိန်းကို ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်” က သမ္မတဟောင်းဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ပိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ဒေသခံများက ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။ 

ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံထွက် စွန့်ပစ်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများမှာ အောင်သပြေရွာ၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button