သတင်း

အောင်သပြေရွာသား ကိုးတန်းကျောင်းသားကို ကလေးသူငယ်ဥပဒေအရ ပြန်လွှတ်

ဘိလပ်မြေစက်ရုံအတွင်း ဝင်ရောက် ဆူပူမှုတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသော အောင်သပြေကျေးရွာသား ကိုးတန်းကျောင်းသား မောင်တူးဝေယံမှာ အပြစ်ရှိကြောင်းပေါ်ပေါက်သော်လည်း ကလေးသူငယ်ဥပဒေအရ ဇန်နဝါရီလ ၃၁ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟု ပုသိမ်ကြီးမြို့နယ်တရားရုံးက ဆိုသည်။

အပြစ်ရှိကြောင်းပေါ်ပေါက်တယ်။ ဒါပေမဲ့ ကလေးသူငယ်ဥပဒေအရ ဆိုဆုံးမပြီးလွှတ်လိုက်တာဟု ပုသိမ်ကြီးမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိက ပြောသည်။

အသက် ၁၇ နှစ်အရွယ်ရှိ မောင်တူးဝေယံကို ကလေးသူငယ်ဥပဒေအရ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ကိုသာ သိရပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရှိရပေ။

၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသော ကလေးငယ်အား အမိန့်ချမှတ်ရာတွင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများ ဖြစ်ထွန်းစေပြီး စာရိတ္တပြုပြင် ပြောင်းလဲစေနိုင်မည့် အမိန့်ကို ချမှတ်ရမည်ဟု ဖော်ပြထားသည်။

လူငယ်ထိန်းသိမ်းရေးကျောင်းမှ ပြန်လည်လွတ်မြောက်လာသော မောင်တူးဝေယံက ၎င်း၏နစ်နာမှုအတွက် ကုမ္ပဏီနှင့်ရဲတပ်ဖွဲ့တို့ကို တရားစွဲဆိုသွားရန်ရှိကြောင်း ပြောဆိုသည်။

ကျွန်တော်မကျေနပ်ဘူး။ မဟုတ်ဘဲနဲ့ဖမ်းတဲ့အတွက် ပြန်တရားစွဲမှာ။ ကျွန်တော် အလကားနေရင်း ကျောင်းလည်းမတက်ရဘူး။နာမည်ဆိုးကြီးလည်းရတယ်။ ကျွန်တော့်နစ်နာမှုတွေအတွက် ပြန်တရားစွဲမှာဟု ၎င်းက ပြောသည်။

အောင်သပြေရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက်အကောင်အထည်ဖော်နေသည့် ရန်ကုန်အခြေစိုက်မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံးအယ်လ်ဖာဘိလပ်မြေစက်ရုံကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လယ်မြေသီးနှံများပျက်စီးမှု အကြောင်းပြချက်များဖြင့် အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့က စက်ရုံဝင်းအတွင်း ဝင်ရောက်ဖျက်ဆီးမှုတွင် အောင်သပြေကျေးရွာနေ ကိုးတန်းကျောင်းသား မောင်တူးဝေယံလည်း ပါဝင်သည်ဟုဆိုကာ မေလ ၂၄ ရက်နေ့ မနက်က ပုသိမ်ကြီးမြို့နယ်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ပုသိမ်ကြီးမြို့မရဲစခန်းကို Myanmar Nowက ဆက်သွယ်မေးမြန်းရာတွင် မီးရှို့မှု၊ ဆူပူမှုများတွင် ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါလူငယ်ကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲတပ်ကြပ်လှခိုင်က ပြောဆိုခဲ့သည်။

မောင်တူးဝေယံကမူ ရဲတပ်ဖွဲ့၏ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဖခင်ဖြစ်သူကို ဖမ်းမမိသည့်အတွက် ၎င်းကိုဖမ်းခြင်းဖြစ်ကြောင်း၊ စက်ရုံနှင့်ပဋိပက္ခတွင် ၎င်းမပါဝင်ကြောင်း Myanmar Now ကို ပြောဆိုထားသည်။

သို့သော် ရဲတပ်ဖွဲ့က မောင်တူးဝေယံကို ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုပုဒ်မများဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၃၃၃၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

မောင်တူးဝေယံသည် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးဖြစ်သည့်အတွက် လူငယ်ထိန်းသိမ်းရေးကျောင်းတွင်သာ ထိန်းသိမ်းထားရန် တရားရုံးက ၂၀၁၉ ခုနှစ် ဇွန်လ၂၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

Show More

Related Articles

Back to top button