သတင်း

ဘိလပ်မြေစက်ရုံပြဿနာနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး ထောင် ၂ နှစ်ကျ

အောင်သပြေရွာ အယ်လ်ဖာဘိလပ်မြေစက်ရုံပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ရုပ်သံသတင်းထောက် နန္ဒတစ်ကိုယ်တော် နှင့် ရွာသားနှစ်ဦးတို့ကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုမှုထောင်ဒဏ် ရုန်းရင်းဆန်ခတ်မှုတို့ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် ယနေ့ (ဧပြီ ၃) တွင် အမိန့်ချမှတ်လိုက်သည်။

နန္ဒတစ်ကိုယ်တော် (ခေါ်) ကိုအောင်ကြည်မြင့်နှင့် ရွာသား နှစ်ဦးဖြစ်သည့် ကိုမင်းနိုင်၊ ကိုချစ်မင်းသူတို့ကို ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုမှု ပုဒ်မ (၃၃၂)အတွက် ထောင်ဒဏ် (၂)နှစ်၊ ရုန်းရင်းဆန်ခတ်မှုပုဒ်မ (၁၄၇)အတွက် ထောင်ဒဏ် (၁) နှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချလိုက်သည့်အတွက် (၂) နှစ်ကျခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ မေ ၁၅ တွင် အောင်သပြေကျေးရွာအနီးဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းတွင် ၎င်းတို့ ပါဝင်ခဲ့သည်ဆိုကာ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၁၀​ လကျော်အ​ကြာတွင် ယခုပုဒ်မများအတွက် ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်သည်ဆိုကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်ကြီးမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိက ပြောသည်။

သို့သော် အဆိုပါပုဒ်မနှစ်ခုအတွက်သာ ကျူးလွန်ကြောင်းမပေါ်ပေါက်၍ လွတ်မြောက်သော်လည်း မီးရှို့မှုနှင့် အခြားပုဒ်မများအတွက် ထောင်ဒဏ်၅နှစ်ချမှတ်ပြီးဖြစ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူလည်းရှိသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့နှင့် ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို အစဉ်တစိုက်ကန့်ကွက်လာခြင်းဖြစ်သည်။

၄င်းတို့နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ကိုဖိုးမာ၊ ကိုနိုင်ထွန်းအောင် (ခ) ထော့ကျိုး၊ ကိုမင်းသိန်း၊ ရာအိမ်မှူးကိုမိုးလင်း၊ ကိုကျော်ဇေယျတို့ လေးဦးမှာမူ ယင်းပုဒ်မ နှစ်ခုအတွက် ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်ဟုဆိုကာ အပြီးသတ်လွတ်စေရန် အမိန့်ချမှတ်ခဲ့သည်ဟု ပြန်ကြားရေးအရာရှိက ဆိုသည်။

ယမန်နှစ် မေ ၁၄ တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် အခင်းဖြစ်ရာ ရောက်ရှိနေခဲ့သည့် သတင်းထောက်တစ်ဦး အပါအဝင် ရွာသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ရွာသားတို့က ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ယာဉ်များမှ မှန်များလည်း ဖျက်ဆီးခဲ့သည်ဟု Myanmar Now က သိရှိထားသည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို ၂၀၁၉ ဇွန် ၂ မနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် ဇွန် ၅ တွင် ထောင်အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ပဋိပက္ခဖြစ်စဉ်တွင် ဝရမ်းထုတ်ခံခဲ့ရသူ အယောက် ၃၀ ကျော်ရှိသည်ဟု တရားရုံး၏ မှတ်တမ်းများအရသိရပြီး ၎င်းတို့အနက် ဦးရွှေအုန်းအပါအဝင် (၁၀)ဦးကို ယခင် မတ် လကုန်ပိုင်းက ရဲအင်အား(၈၀) ကျော် ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

Show More

Related Articles

Back to top button