သတင်း

အောင်သပြေရွာသားများကို ရဲတပ်ဖွဲ့ ဝင်ဖမ်းရာမှ ပစ်ခတ်မှုဖြစ်

အောင်သပြေဘိလပ်မြေစက်ရုံ မဆောက်လုပ်ရေး ဆန္ဒပြသည့်ကိစ္စနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားသည့် မန္တလေး အောင်သပြေရွာသားများကို ယနေ့ (မတ် ၂၅) နံနက် ငါးနာရီက ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောသည်။

သေနတ်ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ဦးရွှေအုန်းဆိုသူ၏ ညာဘက် ခြေသလုံးတွင် သေနတ်ထိမှန်သွားပြီး ၎င်းအပါအဝင် လူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့သည်ဟု အောင်သပြေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က Myanmar Now ကိုပြောသည်။

ရဲတပ်ဖွဲ့နှင့် ရွာသားများအကြား ၂၀၁၉ မေ က အပြန်အလှန် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ကြရာမှ ဆက်လက်၍ ရွာသားများက ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ကား မှန်များလည်း ဖျက်ဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် အယ်လ်ဖာ ကုမ္ပဏီတို့ဘက်မှ တရားစွဲဆိုထားပြီး လူပေါင်း ၃၀ ကျော်ကို ဖမ်းဝရမ်း ထုတ်ထားခဲ့ခြင်းဖြစ်သည်။

“ဖမ်းသွားတာက ၁၀ ဦးကျော်ပေါ့။ အခု ကလေးတွေကိုတော့ အုပ်ချုပ်ရေးမှူးနဲ့ လာထုတ်ပါဆိုလို့ ကျွန်တော်တို့ သွားထုတ်ခဲ့ပါပြီ” ဟု ဦးခင်မောင်လွင်က ဆိုသည်။

ဝရမ်းထုတ်ထားသည့် အိမ်များကို ဝင်ဖမ်းချိန်တွင် အတူတွေ့ရသည့် ကလေးများကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့သည် ဝရမ်းထုတ်ထားသည့် ရွာသားများကို ဖမ်းဆီးရန် အရပ်ဝတ်များဖြင့် ယမန်နေ့ (မတ် ၂၄) ည ၁၀ နာရီခွဲခန့်က ရွာသို့ ရောက်ခဲ့ပြီး ဝရမ်းထုတ်ခံထားရသူများအနက် တဦးဖြစ်သူ ဦးရွှေအုန်းကို ဖမ်းဆီးရန်ကြိုးပမ်းခဲ့သည်ဟု အိမ်နီးချင်းဖြစ်သူ အောင်သပြေရွာသား ဦးတင်လင်းက ဆိုသည်။

“သူတို့က ဦးရွှေအုန်းအိမ်ကိုဝိုင်းတာ။ ခဲနဲပြန်ထုတယ်ဆိုပြီး သေနတ်နဲ့ပစ်တာ” ဟု ၎င်းကဆက်ပြောသည်။

ထို့နောက် ဦးရွှေအုန်း၏ ညာခြေသလုံးကို သေနတ်ထိမှန်သွားပြီး ရဲတပ်ဖွဲ့မှာလည်း ပြန်သွားခဲ့သည်ဟု ဦးတင်လင်းက ဆိုသည်။

ဦးရွှေအုန်းကို စောင့်ရှောက်ကြရန် ရွာသားများ ရောက်ရှိနေချိန် နံနက် ၅ နာရီကျော်အချိန်တွင် ရဲတပ်ဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ထပ်မံရောက်လာကြပြီးနောက် မြင်တွေ့သမျှလူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယခုအခါ သေနတ်ထိမှန်ထားသည့် ဦးရွှေအုန်းကို မန္တလေး ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် ဖမ်းချုပ်ထားပြီး တစ်ဆက်တစ်စပ်တည်း ဖမ်းဆီးခံခဲ့ရသည့် ကလေး (၅) ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဟု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၄င်းတို့ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည် ဖော်နေသော ‘မြင့်’ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်ခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများလည်း တောက်လျှောက်ရှိခဲ့သည်။

Show More

Related Articles

Back to top button