အောင်သပြေဘိလပ်မြေစက်ရုံ မဆောက်လုပ်ရေး ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၉ ခုဖြင့် တရားစွဲဆိုခံထားရသော အောင်သပြေရွာသား ဦးရွှေအုန်းကို မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ် ၃ လကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉ မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ လအထိ အများဆုံးချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ရဲတပ်ဖွဲ့နှင့်ရွာသားများအကြား ၂၀၁၉ မေ ကအပြန်အလှန် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ကြရာမှ ဆက်လက်၍ ရွာသားများက ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ကားမှန်များလည်း ဖျက်ဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် အယ်လ်ဖာ ကုမ္ပဏီတို့ဘက်မှ တရားစွဲဆိုထားပြီး လူပေါင်း ၃၀ ကျော်ကို ဖမ်းဝရမ်း ထုတ်ထားခဲ့ခြင်းဖြစ်သည်။
ဦးရွှေအုန်းမှာ ဖမ်းဝရမ်းထုတ်ခံထားရသော အောင်သပြေရွာသားများထဲမှ တစ်ယောက်ဖြစ်ပြီး ယခုနှစ် မတ် ၂၅ တွင်ရဲတပ်ဖွဲ့က ၎င်းကို အင်အားသုံးဖမ်းဆီးခဲ့မှုကြောင့် ညာဘက်ခြေသလုံးတွင် သေနတ်ဒဏ်ရာရခဲ့သည်။
ယင်းနောက် ၎င်းကို ငြိမ်းစုစီပုဒ်မ(၁၉)၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ(၁၄၇)၊ ပြည်သူ့ဝန်ထမ်းအား သာမန်ဒဏ်ရာရအောင်ပြုမှု ပုဒ်မ(၃၃၂)၊ ပြည်သူ့ဝန်ထမ်းအား ပြင်းထန်ဒဏ်ရာရအောင်ပြုမှု ပုဒ်မ(၃၃၃) ၊မီးရှို့မှု ပုဒ်မ(၄၃၆) အပါအဝင် ပုဒ်မ ၉ ခုဖြင့် တရားစွဲဆိုခဲ့သည်။
“အရင်တရားခံပြေးတုန်းက ပုဒ်မအတွက်အမိန့်ချတာ၊ နောက်ထပ်က ဖမ်းစဉ်က ရဲနဲ့ဖြစ်တဲ့ ၂ မှု ထပ်စွဲတင်ထားသေးတယ်၊ ပုဒ်မတွေကအများကြီးပါ” ဟု ပုသိမ်ကြီးမြို့နယ် တရားရုံးသတင်းနှင့် ပြန်ကြားရေးအရာရှိကပြောသည်။
ကျန်တရားစွဲဆိုထားသော ပုဒ်မများအတွက် ဆက်လက်ရင်ဆိုင်ရန် ဦးရွှေအုန်းကို မေ ၁၉ တွင် ထပ်မံချိန်းဆိုထားသည်ဟု တရားရုံးထံမှသိရသည်။
အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၄င်းတို့ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသော ‘မြင့်’ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်ခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများလည်း တောက်လျှောက်ရှိခဲ့သည်။