
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆိုင်းဘုတ်ကိုင်ဆောင်ဆန္ဒပြမှုဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီ ၁၂ ရက်တွင် အမှုဖြင့် တရားစွဲဆိုလိုက်သည်။
YDP ပါတီ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်သည် ထိုနေ့က ကျောက်တံတားရဲစခန်းသို့ လာရောက်ပြီး အမှုရင်ဆိုင်စဉ် မိုက်ကယ်ကျော်မြင့်က ထိုသို့တစ်ကိုယ်တော် ဆန္ဒပြခဲ့ခြင်းဖြစ်၍ ထိုနေ့၌ပင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ကျောက်တံတားမြို့နယ် စခန်းမှူး ဒုရဲမှူးပိုထွန်းက Myanmar Now ကို ပြောကြားသည်။
“ဗီနိုင်းစ ကိုင်တယ်၊ ကိုင်ပြီး ဆူးလေခုံးတံတားပေါ်မှာ ဓာတ်ပုံရိုက်တယ်၊ ရိုက်ပြီးတော့ ဆန္ဒဖော်ထုတ်တယ်ပေါ့ဗျာ။ Facebook တွေ ဘာတွေပေါ်လည်း တင်တယ်ဆိုတော့ အဲဒါတွေကြောင့် အမှုဖွင့်ရတာပါ” ဟု ၎င်းက ဆိုသည်။
YDP ပါတီ၏ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်သည် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ‘မျိုးချစ်တပ်မတော်’ ကို ထောက်ခံကြောင်း ဆန္ဒပြပွဲအား ဦးဆောင်ကျင်းပမှုကြောင့် ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲကို ကိုဗစ်နိုင်တင်းရောဂါ အခြေအနေများကြောင့် ကျောက်တံတားမြို့နယ် ရဲစခန်းက ဆန္ဒပြသူအရေအတွက် ၂၉ ဦးသာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း ထို့နေ့တွင် ဆန္ဒပြသူဦးရေ တစ်ရာကျော်ရှိခဲ့သည်။
ကျောက်တံတားမြို့နယ် ရဲစခန်းက ဒေါ်မိုးမိုးခိုင်အား အာမခံပေးထားကြောင်း၊ မိုက်ကယ်ကျော်မြင့်က စခန်းသို့လာရောက်အမှုရင်ဆိုင်ခြင်း မရှိသေးသလို ရဲတပ်ဖွဲ့ကလည်း ၎င်းအားလိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း ဒုရဲမှူးပိုထွန်းက ပြောသည်။
YDP ပါတီ၏ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ ဖြစ်သော အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ အသရေဖျက်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသူ ဖြစ်သည်။
ထို့အပြင် ၎င်းသည် ၂၀၁၉ ခုနှစ်အတွင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဘာသာရေးအကြောင်းပြုဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရဖူးသည်။
ဒေါ်မိုးမိုးခိုင်ကတော့ ၎င်းကျောက်တံတားရဲစခန်းသို့ လာရောက်သည့် ဇန်နဝါရီ ၁၂ ရက်တွင် မိုက်ကယ်ကျော်မြင့် လိုက်ပါလာသည်မှန်သော်လည်း ယင်းသို့ ဆိုင်းဘုတ်ကိုင်ဆောင်၍ဆန္ဒပြခဲ့ခြင်း မရှိဘဲ Facebook ပေါ်တွင် တင်ထားသည့် ပုံမှာလည်း ဆန္ဒပြပွဲမတိုင်မီ ရဲစခန်းသို့လာရိုက်၍ ခွင့်ပြုချက်တင်စဉ်အခါက ရိုက်ထားသည့်ပုံသာ ဖြစ်ကြောင်း ခုခံပြောဆိုသည်။
“Facebook ပေါ်ကို တင်လိုက်တဲ့ ဗီနိုင်းကိုင်ထား ပုံက ကျွန်မ အမှုလာရင်ဆိုင်တဲ့နေ့တုန်းက ခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်မတို့နဲ့ အတူတူရပ်တည်ကြောင်း ပြတဲ့အနေနဲ့ တင်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။
မိုက်ကယ်ကျော်မြင့်အနေဖြင့် တရားရင်ဆိုင်သွားရန် ရှိသော်လည်း “တိုင်းပြည်အတွက် အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်စရာရှိသေးတယ်၊ အဲဒီပွဲပြီးသွားတာနဲ့ ရင်ဆိုင်မှာ” ဟု ဒေါ်မိုးမိုးခိုင်က ပြောသည်။
အဆိုပါပွဲမှာ မည်သည့်ပွဲမျိုး ဖြစ်မည်ဟူသည်ကိုတော့ ၎င်းက အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မပြုပေ။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒပြပွဲတွင် ‘ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူများ ချေမှုန်းကြ၊ ချေမှုန်းကြ’၊ ‘တိုင်းပြည် သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ ဒို့ရန်သူ’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေခြင်းကြောင့် တပ်မတော်ကို ထောက်ခံရခြင်းဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။
ဒေါ်မိုးမိုးခိုင်ကို တရားစွဲဆိုခဲ့သည့် ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကတော့ YDP ၏ အဆိုပါဆန္ဒပြပွဲသည် ကော်မရှင်ကို အသရေဖျက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ရွေးကောက်ပွဲကို လက်မခံဘူးတို့ ဘာတို့ ဆိုတာတွေက ပြောလို့ရတယ်။ သူလက်မခံတာ သူတို့ကိစ္စပဲ၊ လက်မခံဘူး ပြောလို့ရတယ်။ ဒါပေမဲ့ မဲလိမ်မဲခိုးဆိုတဲ့ စကားလုံးက ဒါ ကျွန်တော်တို့ရဲ့ UEC ကို စော်ကားတာပဲ ဖြစ်တယ်ဗျ၊ အဲဒါကြောင့် စွဲတာပါ” ဟု ဦးခင်မောင်ဝင်းက Myanmar Now ကို ပြောကြားထားသည်။