သတင်း

ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံတွင် ဖမ်းဆီးရမိ 

မြို့နယ်သုံးခုတွင် အမှုဖွင့်တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။ 

“မနေ့ (ဇန်နဝါရီ ၂၆) ညက ဖမ်းလိုက်တာပါ။ အသေးစိတ်ကို မပြောနိုင်သေးဘူး” အဆိုပါ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။ 

ဖမ်းဆီးမခံရမီအတွင်း မိုက်ကယ်ကျော်မြင့်က Facebook စာမျက်နှာတွင် ရုပ်သံဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှံမည့် အထိမ်းအမှတ်ကျောက်တိုင်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းသွားသဖြင့် နောက်နှစ်ရက် သုံးရက်အတွင်း အဖမ်းခံမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။ 

နေပြည်တော်၌ တပ်မတော်ကိုထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်ရန် ဦးဆောင်နေသူ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုပြုလုပ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

မိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက်မဲ့တစ်ကိုယ်တော်ဆန္ဒပြမှုဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းကလည်း ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီ ၁၂ တွင် အမှုဖွင့်တရားစွဲဆိုထားသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းကလည်း မိုက်ကယ်ကျော်မြင့်ကို အစိုးရကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလဖြစ်သည့် အောက်တိုဘာလတွင် အမှုဖွင့်တရားစွဲဆိုထားသဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။

ထိုသို့ အမှုသုံးခုဖြင့် တရားစွဲဆိုခံရကာ ဖမ်းဝရမ်းထုတ်ခံထားရသော်လည်း နေပြည်တော်၌ ပြုလုပ်ရန်ရှိသော တပ်မတော်ထောက်ခံပွဲကို မိုက်ကယ်ကျော်မြင့်ကိုယ်တိုင် ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း သူ၏ ပါတီဖြစ်သည့် အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးခိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now ကို ပြောကြားထားသည်။ 

‘မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကာကွယ်ပေးရန်’ ဟု အမည်ပေးထား‌သော အဆိုပါ တပ်ထောက်ခံပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်း အမြန်လမ်းရှိ ရန်ကုန်တိုးဂိတ်မှ စတင်ရန် မိုက်ကယ်ကျော်မြင့်က ညွှန်ကြားထားပြီး နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် စိုက်ထူသွားမည့် အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း မိုက်ကယ်ကျော်မြင့်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အပ်နှံမည်ဖြစ်ကြောင်း ဒေါ်မိုးမိုးခိုင်က ပြောသည်။

“ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို တိုက်ရိုက်အပ်မှာပါရှင်။ သူတို့လက်ထဲကို တိုက်ရိုက်အပ်မှာပါရှင်” ဟု ၎င်းက ပြောသည်။

တပ်မတော်မှာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် တစ်ခုတည်းသော အဖွဲ့အစည်းဟု ခံယူထားသည့်အတွက် ထိုအထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော်လက်ထဲသို့ ပေးအပ်ရခြင်းဖြစ်ပြီး လမ်းခရီးတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးမှုနှင့် ရင်ဆိုင်ရမည်ကိုလည်း စိတ်လှုပ်ရှားရကြောင်း ဒေါ်မိုးမိုးခိုင်က ဆိုသည်။

မိုက်ကယ်ကျော်မြင့်၏ ပါတီက ဦးဆောင်စီစဉ်ခဲ့သည့် ‘တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်’ ဆိုသော  လှုပ်ရှားမှုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် ပြုလုပ်ရန် မရှိသလို အဆိုပါ အင်အားစုများကို ထောက်ပံ့ကူညီရန်လည်း အကြောင်းမရှိကြောင်း တပ်မတော်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ 

“တပ်မတော်အနေနဲ့ စပွန်ဆာ(ထောက်ပံ့မှု)လုပ်စရာ အကြောင်းမရှိပါဘူး။ ဝန်းရံသူတွေတော့ရှိမှာပေါ့။ ဝန်းရံသူတွေ ဝန်းရံနေတာကတော့ အပြစ်မဟုတ်ဘူးလို့ ဆိုချင်တယ်။ အဖွဲ့အစည်းတိုင်းမှာ ဝန်းရံသူတွေ ရှိနိုင်ပါလိမ့်မယ်” ဟု နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၂၆)ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လက ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီ တို့ တွေ့ဆုံရာတွင် မိုက်ကယ်ကျော်မြင့်လည်း ပါဝင်ခဲ့ပြီး တပ်ချုပ် မင်းအောင်လှိုင်နှင့် မိုက်ကယ်ကျော်မြင့်တို့ တွဲရိုက်ထားသည့် ဓာတ်ပုံမှာ အင်တာနက်စာမျက်နှာများတွင် ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများစွာ ရှိခဲ့သည်။

မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၉ ခုနှစ်အတွင်းက တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင် ၁ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

Show More

Related Articles

Back to top button