သတင်း

ကျောက်တော်ဒေသခံ ၃ ဦး နိုင်ငံအကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ

စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှ ဒေသခံ ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများဖြင့် ဇွန် ၃၀ တွင် အမှုဖွင့်ထားကြောင်း မြို့ခံများက Myanmar Now ကို ပြောသည်။ 

ပြည်တော်သာရပ်ကွက်နေ လူမှုရေးတက်ကြွလှုပ်ရှားသူ အသက် ၄၀ အရွယ် ဦးဇော်ဝင်း (ခေါ်) လူထုဇော်ဝင်းကို ပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း၊ ခေါင်းတုတ်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုဇော်မိုးထက်တို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း အမှုဖွင့်ထားခြင်းဖြစ်သည်။ 

ဦးဇော်ဝင်းကို ကျောက်တော်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၇၅ မှ ဗိုလ်ကြီးကိုကိုအောင်ကလည်းကောင်း၊ ဦးကျော်သန်းမောင်ကို ဗိုလ်ကြီးမောင်မောင်နိုင်ကလည်းကောင်း၊ ကိုဇော်မိုးထက်ကို ဗိုလ်ကြီးဝေယံဦးကလည်းကောင်း ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

အမှုများအကြောင်း သိရှိနိုင်ရေးအတွက် ကျောက်တော်မြို့မရဲစခန်း စခန်းမှူး မောင်ခင်သန်းကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။  

ကျောက်တော်အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ချုပ်နှောင်ထားသည်ဟု ဒေသခံတချို့က ပြောဆိုကြသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

ထိုသူသုံးဦးကို ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် တပ်ရင်းအချုပ်ထဲ၌သာ ဆက်လက်ထိန်းသိမ်းထားကြောင်း ရဲအရာရှိတစ်ဦးက ရခိုင်အခြေစိုက် DMG သတင်းဌာနသို့ ပြောဆိုထားသည်။

တပ်ရင်းအချုပ်ထဲတွင် ရိုက်နှက်စစ်ဆေးခံရမည်ကို စိုးရိမ်ပြီး စားရေး၊ သောက်ရေးနှင့် ကျန်းမာရေးအတွက် စိတ်ပူနေရကြောင်း ဦးဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှစံက ဆိုသည်။ “ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုရင် ရဲစခန်းကို ရောက်စေချင်တယ်။ သူတို့ (စစ်တပ်) လက်ထဲမှာဆိုရင် ရိုက်နှက်ခံရမှာကိုလည်း စိုးရိမ်တယ်” ဟု ပြောသည်။

ဇော်မိုးထက် နှင့် ဇော်ဝင်း

ပြီးခဲ့သည့် ဇွန် ၁၁နှင့် ၂၀ တို့တွင် ကျောက်တော်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ကို ရက္ခိုင်တပ်တော် AA က ဖမ်းဆီးသွားပြီးနောက် ဇွန် ၂၁ တွင် စစ်ကောင်စီတပ်က မြို့ထဲနှင့် လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးမှုများပြုလုပ်ကာ မြို့ခံတချို့နှင့် ဒေသခံများကို ဖမ်းဆီးခဲ့သည်။ 

ဇွန်လအတွင်း စစ်ကောင်စီတပ်က ရခိုင်မြောက်ပိုင်းက မြို့နယ် ၄ ခုဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ပေါ်မှ ဒေသခံ ၄၅ ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ ၅ ဦးလည်း ပါဝင်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ထင်ရှားသည့် အနုပညာရှင်များ၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်များမှ ပုဂ္ဂိုလ်များကို နာမည်ကျော် ပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ခ) တို့ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင်လ ၁ ရက်ထုတ်ပြန်ချက်အရ အဆိုပါ ပုဒ်မများဖြင့် တရားစွဲခံထားရသူပေါင်း ၂,၉၉၃ ဦးထက်မနည်း ရှိသည်။

ပုဒ်မ ၅၀၅ (က) သည် အစိုးရ၊ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ၊ တပ်သားများကို ပုန်ကန်အောင် သတင်းပြုလုပ် ဖြန့်ချိပါက ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ထိုပုဒ်မကို ထပ်မံဖြည့်စွက် ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။ 

ပြင်ဆင်ချက်တွင် အစိုးရ၊ ကြည်း၊ ရေ၊ လေ တစ်ခုခုမှ အရာရှိ၊ တပ်သားများ အပါအဝင် အစိုးရဝန်ထမ်းတစ်ဦးဦးကို ပြစ်မှုကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ခြင်း။ မမှန်သတင်းဖြန့်ပါက ပြစ်မှုမြောက်သည်ဟု ဖြည့်စွက်ထားသည်။

ထို့အတူ ပုဒ်မ ၅၀၅ (က)၊ (ခ) တို့သည် ယခင်က ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသည့် ပုဒ်မများဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသည့် ပုဒ်များအဖြစ် စစ်ခေါင်းဆောင်က ပြောင်းလဲထားသည်။

လူမှုကွန်ရက်အသုံးပြု၍ လှုံ့ဆော် ဝါဒဖြန့်ပါကလည်း အထက်ပါ ပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင် ၂၀၂၂ ဇန်နဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ ယင်းနောက် နိုင်ငံအနှံ့မှ လူမှုကွန်ရက်အသုံးပြု လှုံ့ဆော်ဝါဒဖြန့်နေသူများကို အရေးယူနေကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများက ဆက်တိုက်ဖော်ပြလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button