သတင်း

အကြည်ညိုပျက်စေမှုဖြင့် စစ်ကောင်စီက ဦးဝင်းထိန်ကို စွဲချက်တင်

ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ်၂၀ထိ) ချမှတ်ခံရနိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ – ကဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို စစ်ကောင်စီက စွဲချက်တင်လိုက်သည်။

အပြစ်မရှိကြောင်း ဦးဝင်းထိန်၏ ချေပချက်ကို နေပြည်တော်အချုပ်ထောင်အတွင်း ဖွင့်ထားသည့် အထူးတရားရုံးက ယနေ့(ဇူလိုင်၁၆) ရုံးချိန်းတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေအဖွဲ့မှ ဒေါ်မင်းမင်းစိုးက ပြောသည်။

“နိုင်ငံတော်အာဏာကို ယူထားတဲ့ ပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရုတ်တရက်ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ မိမိမှာ တာဝန်ရှိတယ်လို့ ယူဆပြီးတော့ ပြောသင့်ပြောထိုက်တဲ့ စကားတွေကို ပြောခဲ့တာဖြစ်တယ်။ မိမိတို့ပါတီရဲ့ သဘောထားကို ပါတီဝင်တွေနဲ့ မဲဆန္ဒရှင်တွေသိစေဖို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်တဲ့အတွက် အပြစ်မရှိပါဘူးလို့ (ဦးဝင်းထိန်က) ငြင်းဆိုခဲ့တယ်”ဟု ၎င်းက ပြန်ပြောပြသည်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ၁ရက်က နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံစဉ် ပြည်သူသို့ပန်ကြားချက်ဟုဆိုသည့် ဦးဝင်းထိန်၏ ပြောကြားမှုများကြောင့် ဖမ်းဆီးကာ တရားစွဲဆိုရခြင်းဖြစ်သည်ဟု တရားလိုက မေ ၁၄ ရက် ပထမဆုံးရုံးချိန်းတွင် ထွက်ဆိုထားသည်။

ထိုသို့ မီဒီယာများနှင့် တွေ့ဆုံချိန်တွင် ဦးဝင်းထိန်က စစ်အာဏာသိမ်းယူမှုမှာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမဟုတ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အသက် ၈၀ ရှိပြီဖြစ်ပြီး ရောဂါမျိုးစုံရှိနေသည့် ဦးဝင်းထိန်၏ လက်ရှိကျန်းမာရေးမှာ ပုံမှန်ထက်ဆိုးရွားနေခြင်းမရှိဟု ဒေါ်မင်းမင်းစိုးထံမှ သိရသည်။

နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင် ၃၀ သို့ ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲခံရသူ ဦးဝင်းထိန်ကို စတင်စစ်ဆေးရန်ရှိသည်။

Show More

Related Articles

Back to top button