သတင်း

ငွေလိမ်မှု၊ ကြံ့ခိုင်ရေး၏ တရားစွဲမှုတို့ဖြင့် မိုက်ကယ်ကျော်မြင့် ရင်ဆိုင်နေရ

အမျိုးသားရေးအမည်ခံ၍ စစ်တပ်က အာဏာသိမ်းရန် လှုံ့ဆော်ခဲ့သူ မိုက်ကယ်ကျော်မြင့်မှာ စစ်တပ် ကျောထောက်နောက်ခံပါတီ၏ တရားစွဲမှု၊ ထိုင်းသို့ ပို့ပေးမည်ဆိုသော ကတိပျက်ကာ စရန်ငွေနှင့် နိုင်ငံကူးလက်မှတ် (ပတ်စပို့) များ ပြန်မပေး၍ အလုပ်သမားများ၏ တိုင်တန်းမှုတို့ဖြင့် ရင်ဆိုင်နေရသည်။

မိုက်ကယ်ကျော်မြင့်နှင့် ဇနီး ဒေါ်အေးအေးသင်းတို့က Limonia ကုမ္ပဏီအမည်ဖြင့် တစ်ဦးလျှင် ကျပ် ခုနှစ်သိန်းနှုန်းဖြင့် ၄၅ ရက်အတွင်း ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ရန် ပို့ပေးမည်ဆိုကာ စရန်ငွေ ကျပ်သုံးသိန်းစီ ယူထားပြီး လေးလနီးပါးကြာသည်အထိ အကြောင်းမထူးဘဲ ဖြစ်နေသဖြင့် အလုပ်သမားတို့က ဆုံးရှုံးမှုများပြန်ရရန် ဥပဒေအကျိုးဆောင်မှတစ်ဆင့် ကြိုးပမ်းနေသည်။

မိုက်ကယ်ကျော်မြင့်ကမူ စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ရဲချုပ်ဟောင်း၊ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဟောင်း ဦးခင်ရီ၏ တူမနှင့် မြေးတို့ ပါဝင်ပတ်သက်သည့် 7 Star High ကုမ္ပဏီက လိမ်လည်ခဲ့သည့် အလုပ်သမားများကို ကူညီခြင်းသာ ဖြစ်ကြောင်း ဆိုထားသည်။

ထိုအကြောင်းကို မတ်လကုန်ပိုင်း ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကတည်းက အာဏာသိမ်းရန် စိတ်တူကိုယ်တူ တိုက်တွန်းခဲ့သည့် ပုလင်းတူဘူးဆို့ စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက အသရေဖျက်ခံရသည်ဟု ဆိုကာ မိုက်ကယ်ကျော်မြင့်ကို နေပြည်တော် ဒက္ခိဏသီရိ၊ ပုဗ္ဗသီရီနှင့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တို့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲသည်။

မိုက်ကယ်ကျော်မြင့်က ဩဂုတ် ၃၀ တွင် ဒက္ခိဏသီရိမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်ခဲ့ရကြောင်း စေတနာကောင်းရင် ကံကောင်းမည် အမည်ရ Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့် ရုပ်သံ ထုတ်ပြန်၍ ပြောထားသည်။

“တစ်နေရာတည်းမှာ တစ်ပြိုင်တည်းဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုတည်းကို သုံးနေရာခွဲပြီးတော့ (တရား) စွဲနိုင်တယ်ဆိုတော့ ကျွန်တော်မေးချင်တာက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ အရည်အချင်းက ဒါအကုန်ပဲလားလို့၊ တစ်နိုင်ငံလုံးရော အခြားသော တရားရုံးတွေမှာပါ ထပ်မံစွဲဆိုဖို့ အရည်အချင်းတွေ မရှိတော့ဘူးလား” ဟု ၎င်းက ပြောခဲ့သည်။

Limonia ကုမ္ပဏီကို တိုင်ကြားထားသည့် စာနှစ်စောင်။ ဓာတ်ပုံ-ပေးပို့

ပြည်ပအလုပ်သမားပို့ဆောင်ရေး အရှပ်တော်ပုံ

မိုက်ကယ်ကျော်မြင့်သည် ငွေအလိမ်ခံနေရသည့် အလုပ်သမားတို့၏ တုံ့ပြန်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

မိုက်ကယ်ကျော်မြင့်၏ လိုင်စင်ရ အလုပ်အကိုင်အေဂျင်စီ Limonia ကုမ္ပဏီထံမှ မေလတွင် ပေးသွင်းခဲ့သည့် စရန်ငွေသာမက ပတ်စပို့ (နိုင်ငံကူးလက်မှတ်) ပါ ပြန်မရ၍ အလုပ်သမား အယောက် ၅၀ က ဝင်းထက် ဥပဒေနှင့် အကျိုးဆောင်လုပ်ငန်းကို ငွေသွင်းပြေစာ အထောက်အထားများ ပြသပြီး အကူအညီတောင်းထားသည်ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးထံမှ သိရသည်။

“မပို့ဆောင်နိုင်တဲ့အခါ အလုပ်သမားတွေက ပုံပြောခံရတယ်။ အဆိုးဆုံးကတော့ ဘယ်နေ့ထွက်ရမယ် ဆိုပြီး ကုမ္ပဏီတွေက ပတ်စ်ပို့သိမ်းလိုက်တယ်။ အထောက်ထားတချို့လည်း သိမ်းပြီးတော့ သူတို့က ပိုက်ဆံလည်း ပြန်မပေးဘူး။ ပတ်စ်ပို့လည်း မပေးတာတွေက ပိုဆိုးနေတယ်”

ထိုကိစ္စကို ဝင်းထက် ဥပဒေအကျိုးဆောင်လုပ်ငန်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထဲရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ (ဗဟို) တို့ထံ ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လဆန်းပိုင်းတွင် တိုင်ကြားစာပို့ထားသည်။

မိုက်ကယ်ကျော်မြင့်ကမူ ဦးခင်ရီဆွေမျိုးသားချင်းများ လုပ်ကိုင်သည်ဆိုသော အလုပ်အကိုင်အေဂျင်စီ 7 Star High က လုပ်သားများကို ထိုင်းသို့ ပို့မပေးနိုင်ဘဲ ယူထားသည့်အတွက်ကြောင့် ထိုငွေများ ပြန်ရရန်နှင့် နစ်နာနေသော ထိုအလုပ်သမားများကို ထိုင်းသို့ ပို့ပေးနိုင်ရန် Limonia ကုမ္ပဏီကို ဝယ်၍ ၎င်းက ကူညီပေးနေခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည့် ရုပ်သံဖိုင်တချို့ကို Myanmar Now က ကြည့်ရှုခွင့်ရထားသည်။

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး၊ အချိုရည်၊ ငါးသေတ္တာနှင့် ကော်ဘူးကော်ခွက်စက်ရုံ၌ အလုပ်ရမည်ဖြစ်ပြီး လိုက်ရန် ဆုံးဖြတ်ပါက စရန် ၃ သိန်း၊ တစ်ဖက်နိုင်ငံကုမ္ပဏီနှင့် စာချုပ်ချုပ်ချိန်ရောက်လျှင် ၄ သိန်း၊ စုစုပေါင်း ကျပ် ၇ သိန်းသာ ကုန်ကျမည်ဖြစ်ကာ ရန်ကုန်မှ မြဝတီကားခမှလွှဲ၍ အခြားကုန်ကျစရိတ်မရှိကြောင်း မိုက်ကယ်ကျော်မြင့်က အလုပ်သမားများကို စည်းရုံးခဲ့ကြောင်း တွေ့ရသည်။

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်။

ထိုရုပ်သံများတွင် Limonia ၏ ငွေရေးကြေးရေးနှင့် အလုပ်သမားပို့ဆောင်ရေးကို အဓိကတာဝန်ယူမည့်သူမှာ ၎င်း၏ မိန်းမဖြစ်သူ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုကော်မတီဝင် မန်နေးဂျင်းဒါရိုက်တာ ဒေါ်အေးအေးသင်းဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်က ပြောထားသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှတ်တမ်းအရ မိုက်ကယ်ကျော်မြင့် ဥက္ကဋ္ဌလုပ်ခဲ့သော ထိုပါတီရပ်တည်ခွင့်ကို ယခုနှစ်အတွင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ထားပြီးဖြစ်သည်။

7 Star High ၏ လိမ်လည်ခြင်းခံရ၍ အားကိုးရှာရာမှ စစ်ကောင်စီနှင့် နီးစပ်သည့် နိုင်ငံရေးပါတီခေါင်းဆောင် အယောင်ဆောင်ထားသည့် မိုက်ကယ်ကျော်မြင့်နှင့် တိုးကာ ဒုက္ခထပ်ကြုံနေရသည်ဟု ဧရာဝတီတိုင်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

Limonia က စရန်ငွေ ပြန်မပေးဘဲ ကျပ် ၁၁ သိန်း ထပ်တောင်းသည်၊ မိုက်ကယ်ကျော်မြင့်၏ အပြောမှာ ယုံနိုင်ဖွယ်ရာမရှိ၍ မပေးဘဲနေရာ Limonia က ကနဦးပေးထားသည့် စရန် ၃ သိန်းသာမက ပတ်စပို့ပါ ပြန်မပေးတော့ဟု ၎င်းက ဆက်ပြောသည်။

ရုပ်သံဖိုင်များတွင် မိုက်ကယ်ကျော်မြင့်၏ ပြောဆိုချက်အရ အလုပ်သမားတစ်သောင်းကျော်ထံမှ ငွေများယူပြီး ထိုင်းသို့ ပို့မပေးသည့် 7 Star High တာဝန်ရှိသူများကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။ သီးခြားအတည်မပြုနိုင်သေးပေ။

7 Star High ကုမ္ပဏီကို Myanmar Now က ဖုန်းဆက်မေးမြန်းသော်လည်း စက်ပိတ်ထားသည်။ ထိုကုမ္ပဏီကို ရာသက်ပန်လိုင်စင်ပိတ်သိမ်းခဲ့ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၂၁ တွင် သတင်းထုတ်ပြန်ထားသည်။

7 Star High ကြောင့် ငွေဆုံးရှုံးနေသူ အလုပ်သမားများအနက် ဦးရေမည်မျှ မိုက်ကယ်ကျော်မြင့်၏ Limonia နှင့် ချိတ်ဆက်၍ ထိုင်းသို့ ထွက်ခွာနိုင်ရန် လုပ်ဆောင်သည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ ဝင်းထက် ဥပဒေအကျိုးဆောင်လုပ်ငန်းမှတစ်ဆင့် ဆုံးရှုံးမှုများပြန်ရရန် အရေးဆိုထားသည့် အလုပ်သမား အယောက် ၅၀ ၏ ဖြစ်စဉ်ကိုသာ Myanmar Now က အတည်ပြုထားနိုင်သည်။

Limonia ကုမ္ပဏီတွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းထံ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဒုက္ခရောက်နေသူများကို ကူညီခြင်းသာ ဖြစ်ပြီး လိမ်လည်မှုမဟုတ်ကြောင်း တုံ့ပြန်သော်လည်း အသေးစိတ်ဖြေဆိုခြင်း မရှိပေ။ ပြန်လည်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိတော့ပေ။

မိုက်ကယ်ကျော်မြင့် လတ်တလောတွင် သုံးစွဲနေသည့် စေတနာကောင်းရင် ကံကောင်းမည် အမည်ရ Facebook အကောင့်တွင်မူ ပေးထားသည့် ကတိအတိုင်း သက်သာသောဈေးနှုန်းဖြင့် ထိုင်းသို့ အလုပ်သမားလွှတ်ပေးနိုင်ခဲ့ပြီး မလိုက်ရန် ဆုံးဖြတ်သူများကိုလည်း တစ်ပြားမကျန် ငွေပြန်အမ်းမည်ဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်နေ့တွင် ရေးထားသည်။ ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သူ၊ ငွေပြန်အမ်းရမည့်သူ ဦးရေ မည်မျှရှိသည်၊ ငွေ မည်သည့်အချိန် ပြန်ပေးမည်တို့ကိုမူ ၎င်းက ထုတ်မပြောပေ။

မိုက်ကယ်ကျော်မြင့်က သူ၏ Facebook တွင် ဩဂုတ် ၆ ရက်က ထိုသို့ ရေးတင်ထားသည်။

Limonia ကို မေလအတွင်း လက်လွှဲရောင်းခဲ့သည့် ဒါရိုက်တာ ဦးမင်းနိုင်၏ အဆိုအရ ကျပ်သိန်း ၁၅၀၀ ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ထိုင်းဘက်မှ အလုပ်ကမ်းလှမ်းမှုမရှိဘဲ မိုက်ကယ်ကျော်မြင့်နှင့် ဇနီးတို့က Limonia အမည်သုံး၍ အလုပ်သမားများထံမှ ကျပ်သိန်း ၁၂၀၀ ခန့် ကောက်ထားကြောင်း သိရသည်။

ဥပဒေနှင့်မညီ၍ ထိုငွေများ ပြန်ပေးရန် ပြောဆိုခဲ့ကြောင်း၊ ကုမ္ပဏီရောင်းချထားပြီးဖြစ်သော်လည်း တရားဝင်အေဂျင်စီလိုင်စင်မှာ လက်လွှဲရောင်းချခွင့်မရှိသဖြင့် အလုပ်သမားဝန်ကြီးဌာန၏ စစ်ဆေးမှု ခံနေရကြောင်း ဦးမင်းနိုင်က ဆိုသည်။

မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းကမူ Limonia ကုမ္ပဏီ၏ လိုင်စင်နှင့် လုပ်ပိုင်ခွင့်များ အားလုံးကို ယခုနှစ် မေ ၅ ရက်က နှစ်ဦးသဘောတူ အပြီးအပြတ်ရောင်းချပြီးဖြစ်သော်လည်း ဦးမင်းနိုင်က ကတိကဝတ်အတိုင်း ဆောင်ရွက်ခြင်းမရှိဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံ ဇွန်လဆန်းတွင် တိုင်ကြားထားကြောင်း အထောက်အထားတစ်ခုတွင် တွေ့ရသည်။

ထို့အတူ ဒေါ်အေးအေးသင်းက ဦးမင်းနိုင်ကို မင်္ဂလာဒုံခရိုင်တရားရုံးတွင် အမှုနှစ်မှုဖြင့် တရားစွဲဆိုထားကြောင်း၊ မိုက်ကယ်ကျော်မြင့်တွင် ယခင်က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုရှိသော်လည်း အလုပ်သမားပို့ဆောင်ရေးဆိုင်ရာ စည်းကမ်းများ ချိုးဖောက်ခဲ့၍ ရာသက်ပန်ပိတ်သိမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်အေးအေးသင်းနှင့် ဦးမင်းနိုင်တို့ အငြင်းပွားနေသည့် ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် အတည်မပြုနိုင်သေးပေ။

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း နိုင်ငံအနှံ့ စစ်ဖြစ်နေခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ လုံခြုံမှုမရှိခြင်းတို့ကြောင့် ပြည်ပထွက်လိုသူများနေရာ စစ်ကောင်စီက ပတ်စပို့လျှောက်ထား၊ ထုတ်ပေးသည့် အစီအမံများကို မကြာခဏ အပြောင်းအလဲလုပ်၍ လိုသလို ချုပ်ကိုင်နေသည်။

ထိုအခြေအနေတွင် ရှိသည့်ပိုင်ဆိုင်မှုများကို ရောင်းချ၊ ချေးငှားသည့်နည်းဖြင့် ပြည်ပထွက်ရန် ကြိုးပမ်းနေရသူများမှာ အလုပ်သမားအေဂျင်စီနှင့် ပွဲစားများ၏ လိမ်လည်မှုကို မကြာခဏကြုံရ၍ အခက်တွေ့နေကြသည်။

အလုပ်သမားများထံမှ ငွေယူပြီး ပြည်ပသို့လည်း မပို့နိုင်၊ ငွေလည်း ပြန်အမ်းမပေးနိုင်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို ယခု မိုက်ကယ်ကျော်မြင့်ကိစ္စက ထင်ထင်ရှားရှား သက်သေပြနေသည်။

မိုက်ကယ်ကျော်မြင့်သည် ၂၀၁၉ ခုနှစ်အတွင်းက တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင် ၁ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ (ဓာတ်ပုံ – Myanmar Now)

အသက် ၄၀ ကျော် မိုက်ကယ်ကျော်မြင့်သည် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရ ငါးနှစ်သက်တမ်းတစ်လျှောက်လုံးတွင် ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော၊ အာဏာသိမ်းမှုကို ထောက်ခံသော လှုံ့ဆော်သည့် လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်ခဲ့သူဖြစ်သည်။

၂၀၁၉ မေလက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထားကာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်တစ်နှစ် ကျခဲ့သည်။

မိုက်ကယ်ကျော်မြင့်၏ ပါတီသည် NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရာ အခြေမလှဖြစ်ခဲ့သည်။ ထို့နောက် ၎င်းကဲ့သို့ပင် ရွေးကောက်ပွဲ အရေးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးအပါအဝင် ၃၄ ပါတီနှင့် ပေါင်းကာ ထိုနှစ် ဩဂုတ်လအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံ၍ စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့ဖူးသည်။

ထို့နောက် ၂၀၂၁ နှစ်ဆန်း စစ်တပ်က အာဏာမသိမ်းမီ ရက်ပိုင်းအလိုတွင် နေပြည်တော်၌ မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကာကွယ်ပေးရန်ဟု ခေါင်းစဉ်တပ်ထားသည့် တိုက်တွန်းလှုပ်ရှားမှုကို မိုက်ကယ်ကျော်မြင့်က စီစဉ်ခဲ့ဖူးသည်။

ထိုမတိုင်မီကတည်းက မိုက်ကယ်ကျော်မြင့်မှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်မှု၊ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုတို့ဖြင့် အမှုဖွင့်ခံထားရကာ ဝရမ်းပြေးဖြစ်နေသည်။ အာဏာမသိမ်းမီ ၆ ရက်အလို ၂၀၂၁ ဇန်နဝါရီ ၂၆ ရက်တွင် ရဲက သူ့ကို ဖမ်းသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် NLD ကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး များမကြာမီတွင် စစ်ကောင်စီက မိုက်ကယ်ကျော်မြင့်ကို ပြန်လွှတ်ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button