
၂၀၂၀ ရွေးကောက်ပွဲရလဒ်များ စတင်အသက်ဝင်မည့် လွှတ်တော်အစည်းအဝေးများ စတင်ရန် နီးကပ်လာချိန်တွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာမြို့နယ်တွင် တိုင်းပြည်ကို ကယ်တင်ဟူသော လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
“အခုထိတော့ လုပ်ဖို့အစီအစဉ်က များနေတယ်ရှင့်။ လုပ်ဖြစ်ဖို့ပေါ့နော်။ အွန်လိုင်းမှာ ကြော်ငြာထားတဲ့ အစီအစဉ်အတိုင်းပါပဲ။ အခုထိတော့ ပြောင်းလဲမှု မရှိသေးဘူးပေါ့နော်” ဟု အဆိုပါလှုပ်ရှားမှုကို စီစဉ်ဆောင်ရွက်နေသူ ဒေါ်အေးအေးသင်းက Myanmar Now ကို ယနေ့ (ဇန်နဝါရီ ၁၆) နံနက်ပိုင်းတွင် ပြောသည်။
ဒေါ်အေးအေးသင်းသည် မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့် မျိုးချစ်တပ်မတော် မှ တိုင်းပြည်ကို ကယ်တင်ပေးရန်ဆိုသော အဆိုပါလှုပ်ရှားမှုအတွက် “ဂုဏ်ယူစွာဖိတ်ကြားခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် ဖိတ်စာကိုလည်း Facebook လူမှုကွန်ရက်တွင် တွေ့ရှိရသည်။
တပ်မတော်က အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းပြည်ကို ကယ်တင်ပေးရန် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးမှ တာဝန်ပေးအပ်မည့် တိုင်းပြုပြည်ပြု လူထုတွေ့ဆုံပွဲကြီးနှင့် တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဟုလည်း အဆိုပါဖိတ်စာတွင် ဖော်ပြထားသည်။
အဆိုပါလှုပ်ရှားမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီ နှစ်နေရာခွဲ၍ ပြုလုပ်မည်ဟုလည်း ဖိတ်စာတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးပွဲကို ဇေယျာသီရိမြို့နယ် သပြေပင်ရွာထိပ်တွင် ပြုလုပ်မည်ဖြစ်ပြီး အထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် စိုက်ထူမည်ဟု ဆိုသည်။

အဆိုပါအခမ်းအနား တက်ရောက်နိုင်ရန် ဇန်နဝါရီ ၂၈ ညထက် နောက်မကျစေဘဲ နေပြည်တော်သို့ လာရောက်ကြရန် နှိုးဆော်ထားပြီး ရန်ကုန်မှ လာသူများအနေဖြင့် အမြန်လမ်းအစ သုညမိုင်တိုင်တွင် စုရပ်စီစဉ်ထားသည်ဟုလည်း ဖိတ်ကြားစာ၌ ဖော်ပြထားသည်။
“တရားဝင်ပါပဲ။ ဥပဒေဘောင်အတွင်းကပဲ လုပ်မှာပေါ့နော်။ အားလုံးကိုခွင့်ပြုချက်ရအောင် တင်သွားမှာပေါ့နော် ”ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင်နေသူ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းက ဆိုသော်လည်း အဆိုပါအစီအစဉ်နှင့်စပ်လျဉ်း၍ တရားဝင်အသိပေးမှု တစ်စုံတစ်ရာမရှိကြောင်း ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က ပြောသည်။
“သူတို့ဘာမှ တရားဝင်လုပ်တာ မတွေ့သေးဘူး။ ကိုဗစ်ကာလစည်းမျဉ်းစည်းကမ်းတွေကတော့ အထက်က ညွှန်ကြားပြီးသားပါ ”ဟု ဦးကျော်စိုးထင်က Myanmar Now ကို ပြောသည်။
အဆိုပါလှုပ်ရှားမှုဖြစ်မြောက်ရေး စီစဉ်နေသည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဦးဆောင်သူများသည် အမြို့မြို့အနယ်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော်ထောက်ခံပွဲများ၊ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ပွဲများနှင့် အမျိုးသားရေးဟု ခေါင်းစဉ်တပ်ထားသော လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသည်။
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်သည် ဒီဇင်ဘာ ၂၈ ရက် က ရန်ကုန်မြို့လယ်၌ ပြုလုပ်ခဲ့သည့် ‘မျိုးချစ်တပ်မတော်ကို ထောက်ခံကြောင်း’ ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပမှုဖြင့် ငြိမ်းစုစီဥပဒေပါ ပုဒ်မ ၂၀ အရ ကျောက်တံတားမြို့နယ် ရဲစခန်း၏ အမှုဖွင့်အရေးယူခြင်း ခံထားရသည်။
ဒေါ်မိုးမိုးခိုင် အမှုရင်ဆိုင်ရန် လာရောက်သည့် ဇန်နဝါရီ ၁၂ တွင် ကျောက်တံတားရဲစခန်းရှေ့၌ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသူ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကိုလည်း ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ရဲစခန်းက ထပ်မံအမှုဖွင့်ခဲ့သော်လည်း ၎င်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလဖြစ်သော အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ အသရေဖျက်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသူ ဖြစ်သည်။ ထို့ပြင် ၎င်းသည်
၂၀၁၉ ခုနှစ်အတွင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဘာသာရေးအကြောင်းပြုဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။
ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်းက နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခုတွေ့ဆုံခဲ့ရာတွင် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်လည်း ပါဝင်ခဲ့သည်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၎င်းမိတ်ဖက်ပါတီများက ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်မှုများပြုလုပ်လျက်ရှိသည့်နည်းတူ တပ်မတော်ကလည်း ရွေးကောက်ပွဲမဲစာရင်း အမှားအယွင်းများရှိသည်ဆိုကာ တိုက်ဆိုင်စစ်ဆေးချက်များ အဆက်မပြတ်ထုတ်ပြန်လျက်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် တတိယအကြိမ်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီ ၅ တွင် စတင်ကျင်းပကာ အစိုးရအဖွဲ့သစ်အတွက် ရွေးချယ်မှုများဆောင်ရွက်မည်ဟု လွှတ်တော်က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။