သတင်း

မိုက်ကယ်ကျော်မြင့် စီစဉ်နေသည့် တပ်ထောက်ခံပွဲကို ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်းဆို

ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်၏ ပါတီက ဦးဆောင်စီစဉ်နေသည့် ‘တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်’ ဆိုသော လှုပ်ရှားမှုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် ပြုလုပ်ရန် မရှိသလို အဆိုပါ အင်အားစုများကို ထောက်ပံ့ကူညီရန်လည်း အကြောင်းမရှိကြောင်း တပ်မတော်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ 

“တပ်မတော်အနေနဲ့ စပွန်ဆာ(ထောက်ပံ့မှု)လုပ်စရာ အကြောင်းမရှိပါဘူး။ ဝန်းရံသူတွေတော့ရှိမှာပေါ့။ ဝန်းရံသူတွေ ဝန်းရံနေတာကတော့ အပြစ်မဟုတ်ဘူးလို့ ဆိုချင်တယ်။ အဖွဲ့အစည်းတိုင်းမှာ ဝန်းရံသူတွေ ရှိနိုင်ပါလိမ့်မယ်” ဟု နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၂၆)ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်တာဝန်ရှိသူက ထိုသို့ငြင်းဆိုသော်လည်း အဆိုပါတပ်ထောက်ခံပွဲအတွင်း ‘တိုင်းပြုပြည်ပြု ကျောက်တိုင်’ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မိုက်ကယ်ကျော်မြင့်က တိုက်ရိုက်အပ်နှံမည်ဖြစ်ကြောင်း ၎င်း၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မာရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးခိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားထားသည်။ 

“ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို တိုက်ရိုက်အပ်မှာပါရှင်။ ကျွန်မတို့ ချိတ်ဆက်ပြီးသွားပါပြီ။ ဖိတ်စာလည်း ပေးထားပြီးသွားပါပြီရှင်” ဟု ဒေါ်မိုးမိုးခိုင်က ဇန်နဝါရီ ၂၀ ရက်တွင် Myanmar Now ကို ပြောသည်။ 

အဆိုပါ တပ်မတော်ထောက်ခံပွဲ လှုပ်ရှားမှုကို တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ မစတင်မီ ဇန်နဝါရီ ၂၉ တွင် ပြုလုပ်မည်ဟု ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်၏ ပါတီက ကြေညာထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ် သပြေပြင်ရွာတွင် ပြုလုပ်မည်ဟု ဆိုထားသည်။ 

နေပြည်တော်၌ တပ်မတော်ကို ထောက်ခံပွဲပြုလုပ်ရန် ဦးဆောင်နေသူ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုပြုလုပ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ခွင့်ပြုချက်မဲ့ တစ်ကိုယ်တော်ဆန္ဒပြမှုဖြင့် မိုက်ကယ်ကျော်မြင့်ကို ကျောက်တံတားမြို့နယ်ရဲစခန်းကလည်း ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီ ၁၂ တွင် အမှုဖွင့်တရားစွဲဆိုထားသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းကလည်း မိုက်ကယ်ကျော်မြင့်ကို အစိုးရကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလဖြစ်သည့် အောက်တိုဘာလတွင် အမှုဖွင့်တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ထားသည်။

မိုက်ကယ်ကျော်မြင့်ကို ရဲတပ်ဖွဲ့က ဖမ်းမိခြင်း မရှိသေးသော်လည်း နေပြည်တော် တပ်မတော်ထောက်ခံပွဲတွင် အကြမ်းဖက်ဖြိုခွင်းခံရပါက အသက်ပေး၍ ကာကွယ်မည်ဟု ကြွေးကြော်ထားသူ မင်းသားကြီး (ခ) အောင်ဆန်းဦးနှင့် ၎င်း၏ ညီဖြစ်သူတို့ကို နေပြည်တော်အနီး အမြန်လမ်းတွင် ဇန်နဝါရီ ၂၂ ရက်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

မင်းသားကြီးနှင့် ၎င်း၏ ညီဖြစ်သူကို Facebook စာမျက်နှာတွင် ဖော်ပြပြောဆိုမှုများနှင့် ပတ်သက်၍  နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိခိုက်စေမှုဆိုင်ရာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က Myanmar Nowကို အတည်ပြုထားသည်။

အဆိုပါပုဒ်မမှာ ထောင်ဒဏ် အနည်းဆုံး ၇နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့် ပုဒ်မဖြစ်သဖြင့် အမှုဖွင့်ခံရသူနှစ်ဦးမှာ အာမခံ မရပေ။

နေပြည်တော်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် စတင်အသက်ဝင်မည့် ပြည်ထောင်စုအဆင့်လွှတ်တော်များ ကျင်းပရန်ရှိခြင်းကြောင့် ယခု ဇန်နဝါရီလကုန်ပိုင်းမှစ၍ မြို့အဝင်အထွက်လုံခြုံရေးကို တင်းကျပ်ထားမည်ဟု နေပြည်တော်ကောင်စီက ကြေညာထားသည်။

Show More

Related Articles

Back to top button