သတင်း

တိတ်ဆိတ်ခြင်းသပိတ်မတိုင်မီ ရခိုင်တွင် စစ်တပ်ထောက်ခံပွဲများ ထပ်မံ ပြုလုပ်

စစ်တပ် အာဏာသိမ်းယူမှု နှစ်ပတ်လည်နေ့မတိုင်မီ ယနေ့(ဇန်နဝါရီ ၃၁) တွင် ရခိုင်ပြည်နယ်ဒေသအချို့၌ စစ်တပ်ထောက်ခံပွဲများ လုံခြုံရေးအပြည့်နှင့် ရုတ်တရက် ပေါ်ပေါက်လာသည်။

ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ အမ်းနှင့် အခြားမြို့နယ်တို့တွင် စစ်တပ်ထောက်ခံပွဲများကို ဒေသခံများ မပါဘဲ စစ်တပ်က ဦးဆောင်၍ စစ်တပ်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များအပါအဝင် စစ်တပ်ထောက်ခံသူများက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

“ဒီနေ့မနက်ပိုင်းက မောင်တောမှာလုပ်တဲ့ တပ်ထောက်ခံပွဲမှာ အင်အားက ၈၀၊ ၁၀၀ နီးပါးလောက် ရှိမယ်။ ဆိုင်ကယ်တွေနဲ့လည်း ပါတယ်။ High-Jet ကားတွေနဲ့လည်း လူတွေတင်သွားတာ တွေ့တယ်” ဟု မောင်တောမြို့သို့ ခေတ္တရောက်ရှိနေသူ မျက်မြင်သက်သေတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

မောင်တောမြို့တွင် တပ်ထောက်ခံပွဲကို မြို့ဘောလုံးကွင်း၌ ယနေ့ နံနက် ၁၁ နာရီခန့်မှစ၍ မိနစ်အနည်းငယ်ခန့် ပြုလုပ်ရာ ယင်းထောက်ခံပွဲတွင် စစ်တပ်မိသားစုဝင်အများအပြားနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်ကြောင်း မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ ဘောလုံးကွင်းမှာ ခေါက်တုံ့ခေါက်ပြန် လုပ်နေကြတာ။ အဓိကက မှတ်တမ်းယူတယ်ဆိုတဲ့ သဘော” ဟု အဆိုပါ မြို့ခံအမျိုးသားက ဆိုသည်။

“တပ်‌ထောက်ခံပွဲလုပ်မယ်ဆိုပြီး ငါတို့မြို့ခံသားတွေကို ဘာတစ်ခုမှ အကြောင်းကြားတာ မရှိဘူး။ သူတို့ဟာနဲ့ သူတို့ပဲ လုပ်သွားကြတာ”

ယနေ့ နံနက်က ပြုလုပ်ခဲ့သည့် ဘူးသီးတောင်မြို့မှ ထောက်ခံပွဲတွင် ဗီနိုင်းများကိုင်ဆောင်ပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးသော NUG, CRPH, PDF များ ကျဆုံးပါစေ၊ ပြည်ဖျက်မီဒီယာများအလိုမရှိ” ဟူသော အချက်များကို လမ်းလျှောက် ကြွေးကြော်ခဲ့ကြသည်။

စစ်တွေနှင့် အမ်းတွင်လည်း အလားတူ ကြွေးကြော်ခဲ့ကြသည်ဟု မြို့ခံများထံမှ သိရသည်။ 

ဒေသတွင်း စစ်ဒဏ်ကို နှစ်နှစ်ကျော်ကြာ အပြင်းအထန်ခံခဲ့ရသည့် ရခိုင်ဒေသခံအများအပြားက တပ်ထောက်ခံပွဲ ပြုလုပ်ခြင်းကို မနှစ်သက်ကြပေ။

“ဒီနေ့ စစ်တွေ၊ ဘူးသီးတောင်နဲ့ တခြားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲကို အပြင်းအထန် ကန့်ကွက်တယ်။ ခေတ်အဆက်ဆက် ပြည်သူတွေကို နှိပ်ကွပ်လာတဲ့စစ်တပ်ကို ဘယ်တုန်းကမှ မထောက်ခံသင့်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

ယင်းသို့ တပ်ထောက်ခံပွဲပြုလုပ်သောကြောင့် ယနေ့ မြို့ပေါ်ရပ်ကွက်နှင့် လမ်းအချို့တွင် လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့မြင်ရကြောင်း ဘူးသီးတောင်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“မြို့ထဲက မေယုလမ်းမကြီးတစ်လျှောက်မှာ လုံခြုံရေးတွေ အပြည့်ချထားတာကို တွေ့တယ်။ ဘာဖြစ်လို့လဲလို့ တွေးနေတာ။ နောက်ပြီးမှ ဒီနေ့ မနက်ပိုင်း ၇ နာရီလောက်က တပ်ထောက်ခံပွဲ လုပ်ခဲ့ကြတယ်ဆိုတာကို သိရတာ” ဟု ထိုသူက ပြောသည်။

“မြို့ခံတွေကတော့ ပါမယ်မထင်ဘူး။ တပ်မိသားစု‌ဝင်တွေပဲ လုပ်ကြတာနေမှာပါ” 

မနက်ဖြန် (ဖေဖော်ဝါရီ ၁) တွင် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မည်ဖြစ်ရာ တစ်နိုင်ငံလုံးအနှံ့ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ပြုလုပ်ရန် ပြင်ဆင်ထားကြရာ တပ်ထောက်ခံပွဲများကို ယင်းနေ့မတိုင်မီ ပြုလုပ်နေခြင်းဖြစ်သည်။ 

ယနေ့တွင် ရခိုင် ၉ မြို့နယ်၌ တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း၊ စစ်တွေ၊ အမ်း၊ ပလက်ဝ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ တောင်ကုတ်တို့မှ ဒေသခံ ရာချီ ပါဝင်ခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မကြာသေးခင်ရက်ပိုင်းကလည်း မောင်တောနှင့် ကျောက်တော်တွင် တိတ်ဆိတ်ခြင်းသပိတ်တွင် မပါဝင်ရန်၊ ပါဝင်ပါက ပုဒ်မများဖြင့် အရေးယူမည့်အကြောင်း စစ်တပ်နှင့် ရဲက လက်ကမ်းစာစောင်များ ဝေခဲ့ကြသည်။ 

ဒုတိယအကြိမ်တိတ်ဆိတ်ခြင်းသပိတ်ကို ၂၀၂၁ ဒီဇင်ဘာ ၁၀ ကလည်း ပြုလုပ်ခဲ့ပြီး ယင်းနေ့မတိုင်မီ အောက်တိုဘာနှင့် နိုဝင်ဘာအတွင်းကလည်း စစ်တပ်ထောက်ခံပွဲများကို စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောနှင့် ဂွမြို့နယ်များတွင် ပြုလုပ်ခဲ့ကြသည်။

ထိုစဉ်ကလည်း တပ်မိသားစုဝင်များဦးဆောင်ပြီး စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် စစ်တပ်ထောက်ခံသူများက ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်၊ ရှမ်း၊ ထားဝယ်နှင့် ရခိုင်ဒေသအပါအဝင် ဒေသအချို့၌ ထိုစဉ်က တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။ 

စစ်ကောင်စီကို အာဏာဖီဆန်ပြီး ကိုယ့်ဒေသ ကိုယ်ပိုင်ကြောင်း၊ ၎င်းတို့ လုံးဝအုပ်ချုပ်ခွင့်မရကြောင်း ပြသသည့်အနေဖြင့် တော်လှန်ရေးအင်အားစုများက ဦးဆောင်ပြီး တစ်နိုင်ငံလုံးအနှံ့ တိတ်ဆိတ်ခြင်းသပိတ်ကို ၂၀၂၁ မတ်လ ၂၄ က စတင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button