ယမန်နေ့ (အောက်တိုဘာ ၂၆) က တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ယနေ့ရှမ်းပြည်နယ် ဟိုပုံးမြို့ တပ်ထောက်ခံပွဲများ တက်ရောက်ရန် ငွေကြေးရသူများရှိသလို ဖိအားပေးခြိမ်းခြောက်ခံရသူလည်း ရှိသည်ဟု ဒေသခံတချို့ထံမှ သိရသည်။
ထောက်ခံပွဲတွင် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ စွက်ဖက်မှုကို ကန့်ကွက်ခဲ့ကြသည်။
ထားဝယ်မြို့တပ်ထောက်ခံပွဲသို့ သွားရောက်ကြသူများထဲမှ တချို့မှာ သပြေချောင်းကျေးရွာမှဖြစ်သည်ဟု ထိုရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သာမန်ပြည်သူတစ်ဦးလျှင် ကျပ် ၅,၀၀၀၊ တပ်မိသားစုဝင်ဖြစ်လျှင် ၇,၀၀၀ နှင့် အရာရှိဇနီးဖြစ်ပါက ၂၀,၀၀၀ အထိ ရသည်ဟု အဖမ်းခံ၊ ရန်ပြုခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်လိုသော ထိုရွာသားထံမှ သိရသည်။
“တပ်မိသားစုတွေက လိုလိုလားလား သွားချင်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပိုက်ဆံရတယ်လေ။ ပိုက်ဆံရတယ်ဆိုတာ အဲဒါတော့ ကျွန်တော် သေသေချာချာ ကြားရတာဗျ။ ရွာထဲက လူတော်တော်များများ အဲဒီလိုပဲ ပြောပါတယ်။ (တပ်ထောက်ခံပွဲသွားသူ) ဘယ်သူဆိုတာတော့ ပြောပြလို့ မရဘူးပေါ့နော်” ဟု ၎င်းက ဆိုသည်။
“ရှင်းရှင်းပြောရရင် ကျွန်တော်တို့က တပ်နယ်မြေပေါ့နော်။ တပ်နယ်မြေဆိုပေမဲ့ ကျွန်တော်တို့ ရွာထဲက လူတွေ တော်တော်များများတော့ မသွားကြဘူး။ သွားတဲ့လူတွေက တပ်မိသားစုရယ်၊ ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့သူတွေရယ်၊ တပ်မိသားစုဝင်တွေပဲ သွားတာများတယ်ခင်ဗျ”
ထားဝယ်မြို့အဝင်နှင့် တစ်မိုင်ခန့်သာ ကွာဝေးသည့် သပြေချောင်းရွာတွင် အမှတ် ၄၀၁၊ ၄၀၂ ခြေမြန်တပ်ရင်းအပြင် အခြားတပ်ဖွဲ့များလည်းရှိပြီး ရွာလူဦးရေ၏ သုံးပုံတစ်ပုံမှာ စစ်သား၊ စစ်မှုထမ်းဟောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်ကြသည်ဟု ၎င်းက ဆက်ပြောသည်။
ထားဝယ်မြို့ ပြည်သူ့စစ်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိန်က ထိုတပ်ထောက်ခံပွဲ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်၊ ဖိတ်စာဖြန့်ဝေခဲ့သည်ဟု သရက်ချောင်းရွာမှ အခြားဒေသခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
စစ်တပ်က ထူထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တို့နှင့် ဆက်စပ်သူများသာ ဖိတ်စာရရှိကြသည်ဟု ၎င်းက ပြောသည်။
“ရွာတွေမှာ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ လိုက်ဝေထားတာပါ။ ပြည်ခိုင်ဖြိုး၊ မဘသနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေလောက်ပါပဲ။ အိမ်တိုင်းစေ့ မဟုတ်ပါဘူးခင်ဗျ” ဟု ၎င်းက ဆိုသည်။
Myanmar Now က ဖတ်ရှုခွင့်ရသည့် ထိုဖိတ်စာတွင် တပ်ထောက်ခံပွဲဟု သုံးနှုန်းထားခြင်းမရှိပေ။ လူကြီးမင်းများနှင့် ညှိနှိုင်းဆွေးနွေးလိုပါသဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း အစည်းအဝေးသို့ မပျက်မကွက် (မပျက်မကွက်) တက်ရောက်ပါရန်ဟုသာ ရေးသားထားသည်။
အလားတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကြီးစိုးရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ပြုလုပ်ခဲ့သည့် လူအင်အားရာချီ ပါဝင်သည့် စစ်တပ်ထောက်ခံပွဲတွင် ကျေးလက်ဒေသခံများကို မတက်မနေရပုံစံဖြင့် ဖိအားပေးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
နမ့်ပေါ်ဟွန်း၊ လွယ်အွန့်၊ ကျောင်းချယ်၊ စငေါ၊ စအွန်၊ သာယာကုန်း၊ ဒုံမေးခိုး၊ ဟိုနိမ့်၊ ဟိုတိ၊ ပါပန့်၊ ရွာသစ် စသည့် ကျေးရွာပေါင်း ၁၁ ရွာမှ တစ်ရွာလျှင် လူ ၅၀ နှုန်း ခေါ်လာရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း ထွေအုပ်ဝန်ထမ်းတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။
“အတင်းအကျပ်ပါဗျာ။ မြို့ခံပြည်သူတွေ တစ်ဦးမှ မပါဘူး။ တပ်မိသားစုတွေ၊ ရဲမိသားစုတွေ၊ ရွာက အတင်းအကျပ် တစ်အိမ်တစ်ယောက် မလာမနေရ ခေါ်ထားတဲ့သူတွေ” ဟု ၎င်းက ပြောသည်။
ထို့ပြင် မတက်ရောက်ပါက ငွေကျပ်တစ်သောင်း ဒဏ်ရိုက်မည်ဟု အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားသဖြင့် ရွာသားများမှာ မဖြစ်မနေလာရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မသွားတဲ့သူ မရှိသလောက်ပါပဲ။ ရွာတွေက ခုလို စားဝတ်နေရေးခက်ခဲတဲ့အချိန် တစ်သောင်းမပြောနဲ့ ထမင်းတောင် နပ်မမှန်တဲ့အိမ်တွေ ရှိတယ်။ မပေးနိုင်ဘူး၊ ပေးဖို့လည်း မရှိကြဘူး။ မြို့ကလူတွေ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတာ။ ရေတောင်းသောက်တောင် မတိုက်ဘူး” ဟု ၎င်းက ကျေးရွာဒေသခံများကို ကိုးကား၍ ပြောသည်။
ကိုဗစ်နိုင်တင်းကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း များပြားလာသဖြင့် အောက်တိုဘာ ၁၉ မှ နိုဝင်ဘာ ၂ အထိ Semi -lockdown ချထားသည့် ဟိုပုံးမြို့တွင် တပ်ထောက်ခံပွဲလှည့်သူတို့သည် မြို့လယ်ကျောက်တိုင်ကွင်း၌ စုဝေးပြီး အနောက်မြို့ပတ်လမ်းအတိုင်း လှည့်လည်ခဲ့ကြသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင်လည်း ယနေ့ တပ်ထောက်ခံပွဲ ကျင်းပခဲ့ပြီး စစ်သားနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များသာ ပါဝင်ကြောင်း အမ်းမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“လူတွေစုပြီး ကားနဲ့လှည့်တာပေါ့ မြို့တွေပေါ်မှာ။ တစ်အိမ်တစ်ယောက် မပါမနေရတော့ မဟုတ်ဘူးတဲ့။ သူတို့ တပ်မိသားစုဝင်တွေပဲ အားလုံးပါတယ်။ အရပ်သားတွေတော့ တစ်ယောက်စနှစ်ယောက်စ ပါရင်လည်း ပါလိမ့်မယ်တဲ့” ဟု ၎င်းက ဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ပြီး ကြည်း၊ ရေ၊ လေ တပ်ရင်းတပ်ဖွဲ့များ ဝိုင်းနေသည့် အမ်းမြို့နယ်တွင် တပ်မိသားစုဝင် ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
တပ်ထောက်ခံပွဲတွင် ပါဝင်ရန် မက်လုံးပေးသည်၊ ခြိမ်းခြောက်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ထောက်ခံချီတက်သူတို့ကို အရပ်ဝတ်လက်နက်ကိုင်များက လုံခြုံရေးပေးခဲ့သည်၊ ကိုဗစ်ကာလ လူငါးဦးထက် ပိုမစုရဟူသော ကန့်သတ်ချက်ကို စစ်ကောင်စီကိုယ်တိုင် ချိုးဖောက်ပြီး ပွဲဖြစ်မြောက်ရေးစီစဉ်ခဲ့သည်ဟု အွန်လိုင်းလူမှုကွန်ရက်တွင် ဝေဖန်နေကြသည်။
အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ တစ်ရက်အလို အောက်တိုဘာ ၁၅ ကတည်းက မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တပ်ထောက်ခံပွဲများ ပြုလုပ်နေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။
ယနေ့တွင် နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း ဒလမြို့၊ ရှမ်းပြည်နယ် ဟိုပုံးမြို့နှင့် ရခိုင်ပြည်နယ် အမ်းမြို့တို့၌ တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ပြီး ယမန်နေ့ကလည်း ရပ်စောက်၊ ကွမ်းလုံ၊ လောက်ကိုင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံဖြူဇရပ်၊ ထားဝယ်နှင့် မြိတ်တို့တွင် ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၂၅ ကလည်း နေပြည်တော်အပါအဝင် မြို့ပေါင်း ၂၀ တွင် တပ်ထောက်ခံပွဲများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြသည်။
ယင်းနေ့က သံတွဲမြို့နယ် ငပလီမြို့တွင်လည်း စစ်မှုထမ်းဟောင်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ တပ်မိသားစုများနှင့် စစ်တပ်ထောက်ခံသူ လူနည်းစုတို့ စုဝေးခဲ့ကြသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“တပ်မတော်ထောက်ခံပွဲ လုပ်တယ်ဆိုတာကိုတော့ ကြားလိုက်တယ်။ ဒါပေမဲ့ သေချာတော့မသိဘူး။ မြို့မအားကစားကွင်းနား ရောက်တဲ့အခါမှာ ဒို့အရေး ဒို့အရေးဆိုပြီး အော်သံကြားတဲ့အခါ လိုက်စုံစမ်းတော့ စစ်တပ်ထောက်ခံပွဲလုပ်တာတဲ့” ဟု ငပလီမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ၌ မန္တလေးမြို့တပ်ထောက်ခံပွဲတွင် အမျိုးသားရေးအမည်ခံ တပ်ထောက်ခံသူ မိုက်ကယ်ကျော်မြင့် ဟောပြောခဲ့ပြီး ယမန်နေ့ (အောက်တိုဘာ ၂၆) မွန်ပြည်နယ် သံဖြူဇရပ်ဟောပြောပွဲတွင် အာဏာသိမ်းမှုထောက်ခံသူ ငါးမင်းဆွေ တက်ရောက်ဟောပြောခဲ့သည်။
“နံပါတ်တစ် ဒီနိုင်ငံကြီးကို တပ်မတော်က ကာကွယ်လို့ ငါတို့က ထောက်ခံတာ။ နံပါတ်နှစ်အချက် ဘာကြောင့် ထောက်ခံသလဲ၊ ဒီနိုင်ငံကြီး ထာဝရငြိမ်းချမ်းရေးရဖို့ တပ်မတော်မပါရင် မဖြစ်ဘူး။ အဲဒါမှန်တဲ့စကားပဲ။ နံပါတ်သုံးအချက် တပ်မတော်ဟာ နိုင်ငံတော်ကို တည်ဆောက်နိုင်တယ်” ဟု ငါးမင်းဆွေက ဟောပြောကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် တင်ထားသော ရုပ်သံတွင် တွေ့ရသည်။
တပ်ထောက်ခံပွဲများတွင် တူညီသည့်အချက်မှာ အာဆီယံ၏ မည်သည့်ဝင်ရောက်စွက်ဖက်မှုမှ လက်မခံ၊ OIC နောက်လိုက် ကုလသမဂ္ဂ (အလိုမရှိ) စသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။
OIC သည် မဘသဘက်တော်သားတို့ ဆန့်ကျင်သည့် ပြည်ပအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
တပ်ထောက်ခံပွဲ ကြွေးကြော်ချက်များမှာ စစ်ကောင်စီဘက်တော်သားတို့၏ စိတ်နေစိတ်ထားကို ထင်ဟပ်နေသည်ဟု ထားဝယ်မြို့နယ် သပြေချောင်းရွာခံတစ်ဦးက ပြောသည်။
“သူတို့ရဲ့ ခေါင်းဆောင်ကြီးက ပြောတယ်လေ (အာဆီယံနဲ့ ကုလသမဂ္ဂက) သူတို့ကို မထောက်ခံလည်း ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့ အခု သူတို့ရဲ့ ကြွေးကြော်သံကကျတော့ အာဆီယံကို ဆန့်ကျင်သလေး၊ အနောက်တိုင်းက ချုပ်ကိုင်ထားတဲ့အဖွဲ့တွေက သူတို့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာလေး ဘာလေးနဲ့ အဲလိုတွေ ကြွေးကြော်တာ ခင်ဗျ။ အဲလိုတွေပြောတာတော့ အဓိပ္ပာယ်မဲ့ပြီးတော့ ဟာသဆန်တာပဲရှိတယ်” ဟု ထိုအမျိုးသားက ဝေဖန်သည်။
မြန်မာနိုင်ငံကိုယ်စားလှယ်မပါသည့် အာဆီယံထိပ်သီးအစည်းအဝေးကို ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်က စတင်ကျင်းပခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်ခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်