ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၃၀) ပြုလုပ်ခဲ့သည့် တပ်မတော်ကို ထောက်ခံကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ရန်ပြုတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားနှစ်ဦး ခေါင်းကွဲဒဏ်ရာ ရရှိသွားသည်။
ရာနှင့်ချီသော ဆန္ဒပြသူများသည် ရွှေတိဂုံဘုရားခြေတော်ရင်းရှိ ကြားတောရလမ်းကို ပိတ်ဆို့ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအင်္ကျီ ဝတ်ဆင်ထားသူတစ်ဦးနှင့် အခြားရပ်ကြည့်သူ ၃ ဦးမှာ ဆန္ဒပြပွဲပါဝင်သူများ၏ ဝိုင်းဝန်းရန်ပြုခြင်းနှင့် ရိုက်နှက်ခြင်း ခံခဲ့ရသည်။
တပ်မတော်ထောက်ခံပွဲကို ဝန်းရံနေသူများက အုတ်ခဲများကိုင်ဆောင်ထားကြပြီး ဝိုင်းဝန်းရိုက်နှက်ရာတွင် အတူပါဝင်ခဲ့သည်ကို တွေ့ရသည်။
ဗဟန်းမြို့နယ် ရေတာရှည်လမ်းတွင် နေထိုင်သူ ဆိုက်ကားသမား ဦးမောင်စိုးသည် NLD အင်္ကျီဝတ်ဆင်ထားသဖြင့် ဆန္ဒပြပွဲတွင် ပါဝင်သူအချို့က “ပွဲဖျက်တာလား” ဟု ဆိုပြီး မေးမြန်းကြိမ်းမောင်းကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။
“ကျွန်တော်က သူတို့ပြောတာ နားထောင်နေတာပါဗျ။ NLD အင်္ကျီဝတ်ထားတာကို သူတို့ပွဲဖျက်ဆီးတယ်ဆိုပြီး ကျွန်တော့်ကို ဝိုင်းလုပ်သွားတာပါဗျ။ ခေါင်းထိသွားတယ်။ ကျွန်တော့်အိတ်ကိုလည်း ဆွဲလုထားကြတယ်။ ကျွန်တော့်အိတ်မှာ ပိုက်ဆံလည်းပါတယ်။ ဖုန်းလည်းပါသွားတယ်။ ကျွန်တော်က မနေ့ကတည်းက ဒီအင်္ကျီဝတ်ထားတာ။ အမြဲတမ်းဝတ်နေကြ” ဟု ဦးမောင်စိုးက ပြောသည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် ဦးမောင်စိုး၏ ခေါင်းနောက်စေ့ကွဲသွားသည့်အပြင် နှုတ်ခမ်းတွင်လည်း ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမောင်စိုးက သတင်းထောက်များကို ဖြေကြားနေစဉ် နောက်နောင် NLD အင်္ကျီမဝတ်ရန် ဆန္ဒပြပွဲတွင် ပါဝင်သူများက လာရောက်သတိပေး ပြောဆိုခဲ့သည်။
ထို့အပြင် ဆန္ဒပြပွဲအနီး လာရောက်နားထောင်သည့် ဗဟန်းမြို့နေ အမျိုးသားတစ်ဦးကိုလည်း ဆန္ဒပြပွဲဖျက်ဆီးသူဟု စွပ်စွဲကာ တပ်ထောက်ခံပွဲပါဝင်သူ ၁၀ ဦးခန့်က အုပ်စုလိုက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဦးခေါင်းကွဲသွားကာ သွေးစိမ့်နေသော ခေါင်းကို လက်ဖြင့်အုပ်လျက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ကို တွေ့ရသည်။ လက်ရှိတွင် အဆိုပါအမျိုးသားသည် ရန်ကုန်ပြည်သူ့ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဌာန၌ ကုသမှုခံယူနေရကြောင်း သိရသည်။
ကြားတောရလမ်းကို ပိတ်ဆို့ကာ ဆန္ဒပြနေသူများသည် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်တချို့ကိုလည်း ရန်ပြုခဲ့ကြသည်။ အငှားယာဉ်မောင်း ဦးစိုးဝင်းသည် ခရီးသည်များတင်ဆောင်လျက် ထိုလမ်းအတိုင်းဖြတ်သန်းစဉ် ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသည်။
“ကျွန်တော့်ကို ဝိုင်းရိုက်တယ်။ ရပ်ကွက်နေဆရာတော်တွေက လိုက်တားပေးလို့ ပြန်ထွက်လာနိုင်တာ” ဟု အငှားယာဉ်မောင်း ဦးစိုးဝင်းက ပြောသည်။
ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဆရာတော်တစ်ပါးက ဝင်ရောက်တားဆီးပေးသောကြောင့် ဦးစိုးဝင်းမှာ ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသော်လည်း ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ခြင်းဖြစ်သည်။
ထိုတပ်ထောက်ခံပွဲ ပါဝင်သူများသည် ဗဟန်းမြို့နယ်အတွင်း နေထိုင်သူများမဟုတ်ကြောင်း ကြားတောရလမ်းရှိ ဆရာတော်တစ်ပါးက မိန့်သည်။
“ဒါက ပြည်သူလူထုသွားတဲ့လမ်း။ ပြည်သူသွားတဲ့လမ်းကို ဘာလာလုပ်ကြတာလဲ။ သူများမြို့နယ်ထဲ ဘာလာလုပ်ကြတာလဲ။ ကိုယ့်မြို့နယ်လည်း မဟုတ်ဘူး။ မတရားသက်သက် လာအနိုင်ကျင့်နေတာ။ ဦးဇင်းတို့ ကြည့်နေတာ အကောင်းမဟုတ်ဘူး။ နောက်နေ့ဆို တန်ပြန်ရိုက်မှာ” ဟု ထိုဆရာတော်က မိန့်သည်။
ယနေ့ဆန္ဒပြပွဲတွင် ပါဝင်သူများက “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လုပ်မယ်ဆို ရဲရဲသာလုပ်ပါ” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ ထို့အပြင် တပ်မတော်ကို ဒီမိုကရေစီစံနှုန်းများလိုက်နာရန် တိုက်တွန်းခဲ့သော အမေရိကန်နှင့် အနောက်နိုင်ငံသံရုံးများကိုလည်း ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ဆန္ဒပြပွဲပါဝင်သူများက ထိုသို့အဖွဲ့လိုက်ရန်ပြုခြင်း၊ ဝိုင်းဝန်းထိုးကြိတ်ခြင်း ပြုလုပ်ချိန်တွင် လုံခြုံရေးရယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့သာရှိပြီး ထို့နောက်တွင် ရဲတပ်ဖွဲ့ဝင်များ တင်ဆောင်လာသော မော်တော်ယာဉ်အချို့ ထပ်မံရောက်ရှိလာသည်ကို တွေ့ရှိရသည်။
ရန်ကုန်မြို့တွင် နေ့စဉ်ရက်ဆက် ပြုလုပ်နေသော တပ်မတော်ထောက်ခံပွဲများအတွင်း ဆန္ဒပြပွဲပါဝင်သူများ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆန္ဒပြသူများကို ထိန်းကျောင်းရန် တိကျသော ညွှန်ကြားချက် ပေးမထားသေးသောကြောင့် အခက်ကြုံနေရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောကြားထားသည်။