သတင်း

မြစ်ငယ်မှ ၇၀ ကျော် အဘွားနှင့် ၅ နှစ်သမီးကို စစ်တပ်က ရိုက်နှက် 

ယမန်နေ့ (အောက်တိုဘာ ၂၆ ရက်နေ့) က မန္တလေး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ သရက်တန်းကျေးရွာတွင် ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ မိသားစုဝင်များကို ယူနီဖောင်းဝတ် စစ်သားများက ခြိမ်းခြောက်ရိုက်နှက်ခဲ့ရာတွင် သက်ကြီးရွယ်အိုနှင့် ၅ နှစ်ကလေးကိုပါမချန် ရိုက်နှက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုရွာအနီးရှိ စစ်တပ်ပိုင် Mytel မိုဘိုင်းဖုန်းတာဝါတိုင်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အောက်တိုဘာ ၂၃ ၌ ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် အောက်တိုဘာ ၂၅ နှင့်၂၆ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ထိုသို့ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု သရက်တန်းရွာသားတစ်ဦးက ဆိုသည်။

“အသက် ၇၀ အရွယ် အဘွားကအစ ရိုက်တယ်၊ အသက် ၅ နှစ်အရွယ်ကလေးလေးကို ရိုက်တာဆို ညိုမည်းရာတွေကို ဖြစ်လို့။ သူတို့ဆို အမျိုးတော်တယ်ဆိုရုံပဲဗျာ။ တစ်ရွာလုံးကိုလည်း လမ်းတွေ့သမျှ၊ မြင်သမျှကိုလည်း ရိုက်တာတွေ လုပ်တယ်” ဟု ၎င်းက မြင်တွေ့ရပုံကို ပြောသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် ၅ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၇၀ အရွယ် အဘွားတို့၏ ကျောပြင်၊ ပေါင်၊ လက်မောင်းတို့တွင် အညိုအမည်းဒဏ်ရာများကို တွေ့ရှိရသည်။

အိမ်ခြေ ၆၀၀ ခန့်ရှိသော ထိုရွာကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းနေသည်ဟု မြစ်ငယ်မြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ မြစ်ငယ်ထဲက သရက်တန်းဆိုတဲ့ရွာက NLD ထောက်ခံသူတွေချည်းနေတဲ့ရွာလို့ ပြောရမယ်။ ရွေးကောက်ပွဲအောင်ပွဲခံတော့လည်း တစ်ရွာလုံးကျွတ်ကို ချတာ။ ဆန္ဒပြတော့လည်း မြစ်ငယ်ထဲမှာ အားအကောင်းဆုံးလို့ ပြောလို့ရတဲ့ရွာ။ အဲ့ဒီရွာက အခုကျတော့ ပစ်မှတ်ထားခံနေရတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။ 

“မြစ်ငယ်ထဲမှာ တစ်ခုခုဆို သရက်တန်း(ရွာ) ကို အရင်ဝင်စီးတယ်၊ ရိုက်နှက်တယ်။ ဖမ်းဆီးတယ်၊ ဒါမျိုးတွေ ဖြစ်နေတာ”  

နေအိမ်နှင့် ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ ဆန္ဒပြခေါင်းဆောင်၏ မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ်များကို စစ်ကောင်စီတပ်က ထိုရွာသို့ ဝင်စီးနင်းတိုင်း ရိုက်နှက်ကြောင်း ရွာသားများထံမှ သိရသည်။ 

စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် မြစ်ငယ်မြို့ မီးရထားဝန်ထမ်းများကို နေအိမ်လိုင်းခန်းများမှ ဖယ်ရှားခြင်း၊ ဖမ်းဆီးခြင်းများကို လုပ်ခဲ့စဉ်ကလည်း သရက်တန်းရွာသားများက မြစ်ငယ်ရဲစခန်းကို ဝိုင်းကာ ဖမ်းထားသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းများရှိသည့်အတွက် ပိုမိုပစ်မှတ်ထားခံနေရခြင်း ဖြစ်နိုင်ကြောင်း အထက်ပါသရက်တန်းရွာဒေသခံက ဆိုသည်။ 

“တကယ်ဆို တာဝါတိုင်တိုက်ခိုက်ခံရတာက PDF တွေ လုပ်တာဆိုတာ လူတိုင်းသိနေတာပဲ။ မဆိုင်တဲ့ ရွာသားတွေကို ဘာမှ မဲစရာမှ မရှိတာ။ သက်သက်ကို နှိပ်စက်ချင်လို့ နှိပ်စက်နေတာလို့ပဲ ယူဆတယ်”ဟု ၎င်းက ဆက်ပြောသည်။

သရက်တန်းရွာခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ဝင်ရောက်စီးနင်းမှုများကြောင့် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများ ခံရမည်ကို ကြောက်ရွံ့သည့်အတွက် အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန္ဒပြခေါင်းဆောင်သည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

မန္တလေးမြို့မှ ၉ မိုင်အကွာတွင်ရှိသော မြစ်ငယ်မြို့တွင် ​​CDM မီးရထားဝန်ထမ်းများသတင်းကို စစ်တပ်ထံ သတင်းပေးနေသည်ဟု စွပ်စွဲခံရသည့် မီးရထားအရာရှိတစ်ဦး စက်တင်ဘာ ၆ ၌ ဈေးအနီး ပစ်သတ်ခံရပြီး မြစ်ငယ်မြို့၊ ၁၂ ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုသည်လည်း ဇူလိုင် ၁၄ ၌ မြစ်ငယ်ဈေးဝင်ပေါက်အနီးတွင် အနီးကပ်ပစ်သတ်ခံရသည်။ 

ထိုမီးရထားအရာရှိ ပစ်သတ်ခံရစဉ်ကလည်း သရက်တန်းကျေးရွာအတွင်း စစ်တပ်ဝင်လာပြီး ရွာသားတချို့ကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ 

ယနေ့ညနေပိုင်းအထိ သရက်တန်းဒေသခံများနှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုချက်အရ စစ်သားများက ရိုက်နှက်ခဲ့သောကြောင့် ဒေသခံတချို့ လက်ကျိုးသည်အထိ ဒဏ်ရာရခဲ့ကြောင်း၊ ရွာသားအများစု ထွက်ပြေးနေသောကြောင့် ရွာ၌ လူအနည်းငယ်သာ ကျန်တော့ကြောင်း သိရသည်။ 

စစ်တပ်က သရက်တန်းရွာသားတို့ကို ရိုက်နှက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ဖော်ပြနိုင်ရေးအတွက် စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့ညနေပိုင်းတွင် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button