သတင်း

အာဆီယံအစည်းအဝေး မစမီ တစ်ရက်အလိုတွင် တပ်ထောက်ခံပွဲများပြုလုပ်

အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရသည့် အာဆီယံအစည်းအဝေးမတိုင်မီ တစ်ရက်အလို ယနေ့ (အောက်တိုဘာ ၂၅) တွင် နေပြည်တော်အပါအဝင် မြို့ကြီးအချို့၌ တပ်မတော်ထောက်ခံပွဲများ တစ်ပြိုင်နက်တည်းပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 

စစ်တပ်အသိုင်းအဝိုင်း၏ Facebook လူမှုကွန်ရက်များနှင့် ဒေသခံအချို့၏ ပြောပြချက်အရ နေပြည်တော်အပါအဝင် မြစ်ကြီးနား၊ မန္တလေး၊ တောင်သာ၊ မတ္တရာ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ကံမ၊ စလင်း၊ မှော်ဘီ၊ မော်လမြိုင် စသည့် မြို့ကြီးများနှင့် ရခိုင်ပြည်နယ် သံတွဲ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းတို့တွင် တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့သည်။ 

ယနေ့နံနက် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် တပ်ထောက်ခံပွဲတွင် လူအင်အား ၃၀ ကျော်က ဆိုင်ကယ်များဖြင့် လှည့်လည်စဉ် မိုးကာအင်္ကျီအောက်တွင် ဝှက်ကာ သေနတ်ကိုင်ဆောင်ထားသူအချို့ ပါဝင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။ 

ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူအချို့သည် မောင်းပြန်သေနတ်ဟု ယူဆရသည့် လက်နက်များကို မိုးကာအင်္ကျီအောက်တွင် ဝှက်ယူလာကြောင်း၊ လက်မောင်းနေရာတွင် အဝါရောင်ဖဲစ တပ်ဆင်ထားသူတချို့မှာ ရဲဝန်ထမ်းဟု ယူဆရကြောင်း ယင်းဒေသခံက ပြောသည်။ 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင် ယနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းက တပ်ထောက်ခံပွဲပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့) 

တပ်ထောက်ခံပွဲဟုဆိုကာ ဆိုင်ကယ်များဖြင့် လှည့်လည်သူများသည် ကျောက်ဆည်အခြေစိုက် ခလရ− ၁၄ (အမှတ် ၁၃ ခြေလျင်တပ်) တွင် လူစုပြီး မြို့ရှောင်လမ်းအတိုင်း တောင်ဘက်သို့ ထွက်သွားကြောင်းလည်း ၎င်းက ဆိုသည်။ 

ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ပေါ်၌ အမျိုးသားရေးအမည်ခံနှင့် စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်သည့် မိုက်ကယ်ကျော်မြင့်ဦးဆောင်ကာ တပ်ထောက်ခံပွဲလုပ်ခဲ့သည်ကို တွေ့ရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်ချစ်တဲ့သူတွေ၊ တိုင်းပြည်ချစ်တဲ့သူတွေ၊ အမှန်တရားလိုလားတဲ့သူတွေ ခင်ဗျ။ မန္တလေးမြို့မှာ အကြမ်းဖက်မှုကင်းစင်စေရမည် ခင်ဗျ။ ဒါ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ အကြမ်းဖက်မှုမှန်သမျှကို ဆန့်ကျင်ရှုတ်ချတဲ့ပွဲ” ဟု မန္တလေးမြို့တွင် ပြုလုပ်သော တပ်ထောက်ခံပွဲတွင် ဟောပြောနေသည့် ရုပ်သံဖိုင်ကို မိုက်ကယ်ကျော်မြင့်က Facebook စာမျက်နှာ၌ တင်ထားသည်။ 

မွန်းလွဲ ၁ နာရီခွဲခန့်တွင် တပ်ထောက်ခံသူများသည် ဆိုင်ကယ်များဖြင့် ၇၃ လမ်းအတိုင်း မြောက်ဘက်သို့ ဦးတည်မောင်းနှင်ကာ မန္တလေးတောင်ခြေတွင် လူစုခဲ့ကြောင်း၊ စစ်သားများ နှစ်ယောက်တစ်တွဲ ကင်းပုန်းချထားသည့်အပြင် ရဲကားများက လုံခြုံရေးပေးခဲ့ကြောင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် မန္တလေးမြို့မှ ‘မြေခွေးတပ်ဖွဲ့’ ဆိုသော အဖွဲ့က ဆိုသည်။ 

“လုံခြုံရေးကို ကင်းပုန်း၊ ပတ်ကင်းတွေနဲ့ ပေးထားတာ တွေ့ရပါတယ်။ အရပ်ဝတ်နဲ့ အနီးကပ်လိုက်ပါတယ်။ ကင်းပုန်းအထပ်ထပ်ရှိပါတယ်။ ပတ်ကင်း (လှည့်ကင်း) တွေလည်း အချိန်ပြည့်ပတ်တယ်” ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထိုသို့ လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှပင် မန္တလေးတိုင်း မိတ္ထီလာမြို့တွင် တပ်ထောက်ခံပွဲပါဝင်သူများ လှည့်လည်အပြီး နာရီပိုင်းအတွင်း မြို့လယ်ရှိရဲစခန်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယာဉ်တန်းတွင် ပါဝင်သည့် ရဲကားတစ်စီး ဗုံးပစ်တိုက်ခံရမှုကြောင့် အပြင်းအထန်ထိခိုက်ဒဏ်ရာရသည့် ရဲနှင့် စစ်သားများရှိကြောင်း မိတ္ထီလာမြို့ခံများထံမှ သိရသည်။ Myanmar Now က ရရှိခဲ့သည့် ဓာတ်ပုံတွင် ဗုံးပေါက်ကွဲပြီးနောက် ရဲတစ်ဦးလဲကျနေသည်ကို တွေ့ရသည်။

မြို့ကြီးအချို့တွင် အချိန်ကိုက်ပြုလုပ်သည့် အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည်ဆိုသော စစ်တပ်ထောက်ခံပွဲများကို မည်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များက ဦးဆောင်ပြုလုပ်သည်ကို အတိအကျမသိရသော်လည်း တပ်မတော်သားများကို အရပ်ဝတ်ဖြင့် ပါဝင်စေခဲ့ကြောင်း အာဏာဖီဆန်ထားသူ စစ်တပ်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ၎င်း၏ Facebook တွင် ရေးတင်ထားသည်။ 

“တပ်နယ်အစီအစဉ်ပါ။ ကျွန်တော်တို့တပ်က အရပ်သားပုံစံနဲ့ သွားကြမှာပါ” ဟု တပ်ထောက်ခံပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ရေးသားထားသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ နံနက် ၈ နာရီခန့်က ဘုန်းကြီးနှစ်ပါးအပါအဝင် လူ ၂၀၀ ခန့်ဖြင့် တပ်ထောက်ခံပွဲပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် လုံခြုံရေးယူပေးထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ 

“၈ ပေခြားတစ်ယောက်၊ ၈ ပေခြားတစ်ယောက်၊ ရဲတွေ တစ်လမ်းလုံး။ အထဲမှာ သူတို့က သိုသိုသိပ်သိပ်ပဲ လုပ်သွားတာ၊ ကားတွေနဲ့ ဝင်လာတာ လှည့်ခြင်းပြုခြင်း မရှိဘူး။ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ ဝင်လာတာလည်း မသိဘူး” ဟု ၎င်းက ပြောသည်။

တပ်မတော်ထောက်ခံသူတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးတင်ထားချက်အရ ဘုန်းကြီးနှစ်ပါးက ဦးဆောင်ဟောပြောနေပြီး အစိမ်းရောင်ဆိုင်းဘုတ် ကိုယ်စီကိုင်ဆောင်ထားသူ ၂၀၀ ခန့် တွေ့ရသည်။

အောက်တိုဘာ ၂၆ တွင် စတင်ကျင်းပတော့မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ထားသည်။ 

အာဆီယံအစည်းအဝေးသို့ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားရန်ရှိသည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးတက်ရောက်ရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို အာဆီယံဘက်က ဖိတ်ကြားထားသည်ဟု သိရသော်လည်း စစ်ကောင်စီက စေလွှတ်ခြင်း ရှိမရှိ မသိရသေးပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် စစ်တပ်က အာဏာမသိမ်းမီ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် တပ်ထောက်ခံပွဲများ ရက်အတန်ကြာ ဆက်တိုက်ပေါ်ပေါက်ခဲ့ဖူးသည်။

ထိုတပ်ထောက်ခံပွဲ ဦးဆောင်ပါဝင်သူအချို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာသိမ်းရန် တိုက်တွန်းဟောပြောခြင်းများ ရှိခဲ့သည့်နည်းတူ ထောက်ခံပွဲပါဝင်သူအချို့ကလည်း ဘေးမှရပ်ကြည့်သူများကို ရန်ပြုတိုက်ခိုက်ခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button