အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးပွဲများကို ထောက်ခံပွဲကို စစ်တပ်လုံခြုံရေးများဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ (မေ ၁၉) မွန်းလွဲက ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို၏ ဥပဒေအကြံပေး ရှေ့နေ ဦးအေးပိုင် အပါအဝင် စစ်တပ်ထောက်ခံသူ လူအင်အား ၁၀၀ ကျော်နှင့် သံဃာတော် ၂၀ ခန့် ပါဝင်သည်ကို တွေ့မြင်ခဲ့ရပြီး အနီးကပ် သွားမကြည့်ဝံ့ကြောင်း မြို့တော်ခန်းမတည်ရှိရာ ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“မနက်ကတည်းက စစ်သီချင်းသံတွေ ဖွင့်ပြီး မြို့ထဲမှာ သာသနာ့အလံထောင်ထားတဲ့ ကားတွေ ပတ်နေတာ တွေ့တယ်။ အန္တရာယ်ပြုမှာ စိုးရိမ်လို့ သွားတော့မကြည့်ရဲဘူး” ဟု ထိုအမျိုးသမီးက ဆိုသည်။
ယနေ့ (မေ ၁၉) နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမ၊ မဟာဗန္ဓုလလမ်း၊ ဆူးလေလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း စသည် ရန်ကုန်မြို့လယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရှိနေသည်ကို တွေ့ရသည်ဟု ထိုမြို့နယ်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကား ၇ စင်း၊ ၈ စင်းလောက်က တရုတ်တန်းဘက်ကနေပြီးတော့ ဗိုလ်ချုပ်လမ်းဘက်ကို ပတ်ပြီး ဘူတာကြီးနားမှာ ရပ်ထားတာ တွေ့ခဲ့ရတယ်” ဟု ထိုအမျိုးသားက မြင်တွေ့ရပုံကို ပြောပြသည်။
ဆွေးနွေးပွဲများ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထောက်ခံသည့် ပွဲများကို ဆက်တိုက်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ထိုပွဲများတွင် စစ်တပ်၏ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပါတီဝင်များကို တွေ့ရသည်။
မေ ၁၆ နံနက်က နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထောက်ခံပွဲကျင်းပရာ ထောက်ခံပွဲသွားမည့် ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။
USDP ပါတီဝင်များ အပါအဝင် တပ်ထောက်ခံသူများ Light Truck ကား ၁၀ စီးခန့်ဖြင့် စောင့်ဆိုင်းနေစဉ် နံနက် ၇ နာရီကျော်ခန့်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မနက်ဖြန် (မေ ၂၀) တွင် ကျင်းပမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အကြောင်းပြန်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ရှိသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီဘက်က ထိုသို့ပြောဆိုသော်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ဆွေးနွေးပွဲတက်မည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားသည်။
ဒေသအသီးသီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့ငယ်များ ရှိနေရာ စစ်ကောင်စီက ထိုအဖွဲ့များကို ဆွေးနွေးမည်မဟုတ်ဟု ပြောဆိုလေ့ရှိသည်။
လက်နက်ကိုင်ခုခံသူတို့ကို ထောက်ခံသည်ဟု ယူဆရသူတို့၏ နေအိမ်များကို စစ်တပ်က လိုက်လံမီးရှို့နေသည်ဟု နိုင်ငံအနှံ့အပြားရှိ ဒေသခံတို့က ပြောသော်လည်း စစ်ကောင်စီက မီးရှို့သူမှာ ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း တုံ့ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)