
ကရင်ပြည်နယ် မြဝတီမြို့တွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်နှစ်ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေဖြင့် ယနေ့နံနက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။
မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ဦးရဲထွဋ်ပိုင်နှင့် ပါတီဝင် ဦးဇော်မင်းထွန်းတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်ဟု မြို့နယ်ရဲစခန်းမှူးက Myanmar Now ကို ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင် ဦးဇော်မင်းထွန်းမှာ ယမန်နေ့ (ဇန်နဝါရီ ၂၁)က မြဝတီ ဘုရင့်နောင်ဈေးရှေ့တွင် PPE ဝတ်စုံဖြင့် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ကြိုတင်ခွင့်ပြုချက်လုံးဝမယူခဲ့ကြောင်း၊ လူဦးရေ ၁၆ ဦးဖြင့် ဆန္ဒပြခဲ့သည့် ဦးရဲထွဋ်ပိုင်မှာ ပွဲမစမီ နာရီဝက်အလိုတွင်မှ ငြိမ်းစုစီလာတင်ခြင်းဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးက ပြောသည်။
“(နံနက်) ၁၀ နာရီလောက်မှာတင်တယ် ၁၀ နာရီခွဲလောက်မှာ သူက လူစုပြီးကိုင်ထည့်လိုက်တာ” ဟု ၎င်းက ဆိုသည်။
ငြိမ်းစုစီဥပဒေအရ ဆန္ဒပြမည့်သူများသည် သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ ၄၈ နာရီ ကြိုတင်ပြီး အသိပေးရမည်ဖြစ်သည်။
ဦးဇော်မင်းထွန်းနှင့် ဦးရဲထွဋ်ပိုင်တို့ကို ၁၅ ရက်အတွင်း တရားစွဲဆိုသွားမည်ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးကို မြဝတီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အာမခံဖြင့် လာရောက်ထုတ်ယူသွားကြောင်းလည်း ဒုရဲမှူးအောင်ကျော်ဦးက ပြောသည်။
မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ချင်းကမူ ဆန္ဒပြပွဲကို ပါတီက ဦးဆောင်ပြုလုပ်ခြင်း မရှိကြောင်း၊ ဆန္ဒပြသူများက အကူအညီတောင်းခံ၍ ရှေ့နေတစ်ဦးအနေဖြင့် သွားရောက်ကူညီခြင်းသာဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်က ရှေ့နေဆိုတော့ အနီးစပ်ဆုံး ကျွန်တော့်ကို အကူအညီတောင်းတာပေါ့နော်။ ဒါပေမယ့် ကျွန်တော့်ကိုမြင်တာကျတော့ ပါတီနဲ့ တွဲတွဲမြင်သလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

တပ်ထောက်ခံပွဲပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များကို ညွှန်ကြားခြင်းမရှိဘဲ ပါတီဝင်များ၏ ဆန္ဒအလျောက် ဆန္ဒဖော်ထုတ်ခြင်းသာဖြစ်ပြီး အမျိုးသားရေးသမားဆိုသူများပါဝင်နိုင်ကြောင်းလည်း ဦးခင်မောင်ချင်းက ပြောသည်။
“ကိုဗစ်စည်းကမ်းနဲ့အညီ PPE ဝတ်စုံ အပြည့်အစုံဝတ်တယ်၊ ကျွန်တော်တစ်ယောက်က လွဲလို့ပေါ့။ နှာခေါင်းစည်းတပ်တယ်၊ အကုန်လုပ်ပြီးသွားတာ” ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးရဲထွဋ်ပိုင်က ပြောသည်။
၎င်းအနေဖြင့် ပွဲမစမီ ၄၈ နာရီ ကြိုတင်အကြောင်းကြားမည်ဟု မသိရှိထားဘဲ ၄၈ နာရီအတွင်း ကြိုတင်အကြောင်းကြားရမည်ဟုသာ သိထားသည့်အတွက် တစ်နာရီအလိုမှ အကြောင်းကြားခဲ့သည်ဟု ဦးရဲထွဋ်ပိုင်က ဆက်လက်ပြောသည်။
“လူ့အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို တကြော်ကြော်အော်ပြီးတော့ တက်လာတဲ့ အစိုးရလက်ထက်ကျမှ ကျွန်တော်တို့ ငြိမ်းစုစီတရားဝင်တင်တယ်၊ ကိုဗစ်ကာလဆိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ကျွန်တော်တို့ လုပ်ရက်သားနဲ့ အခုလိုငြိတယ်ဆိုတာက မဖြစ်သင့်တော့ဘူး။ ဒီမိုကရေစီအစိုးရလက်ထက်မှာ” ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ နိုင်ငံအနှံ့တွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ၁၅ ခုထက်မနည်း ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံတွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူများကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
တပ်မတော်ကို ထောက်ခံပွဲများ ပြုလုပ်နေချိန်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင်မူ တပ်မတော်ကို ရှုတ်ချကြောင်း ထောင်နှင့်ချီသော ဒေသခံများက ဆန္ဒဖော်ထုတ်မှုများလည်း ရှိခဲ့သည်။