သတင်း

ခွင့်ပြုချက်မဲ့ ဆန္ဒပြသော အမျိုးသားရေးသမားဆိုသူ ၆ ဦးကို ဒဏ်ငွေနှစ်သောင်းစီ အမိန့်ချ 

ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ဇန်နဝါရီ ၁၂ က ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့သော အမျိုးသားရေးသမားဆိုသူ ၆ ဦးကို ဒဏ်ငွေကျပ်နှစ်သောင်းစီ ပေးဆောင်ရန် လမ်းမတော်မြို့နယ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။ 

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဦးပညာဝံသနှင့် ဦးသက်မျိုးဦးတို့ ပါဝင်သော အမျိုးသားရေးသမားဆိုသူ ၅၀ ခန့်သည် ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အနောက်ပိုင်းခရိုင်တရားရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ 

ထိုသို့ ဆန္ဒထုတ်ဖော်ရန် အသိပေးအကြောင်းကြားခြင်း မရှိသည့်အတွက်ကြောင့် ဆရာတော်ဦးပညာဝံသ၊ ဦးသက်မျိုးဦးနှင့် တခြား အမျိုးသားရေးသမားဆိုသူ ၄ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီးနောက် ယနေ့တွင် မြို့နယ်တရားရုံးက တရားစွဲဆိုကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့စခန်းမှာ ဖွင့်ထားတဲ့ ငြိမ်းစုစီ ၁၉ အတွက် ဒီနေ့မှာပဲ တရားစွဲလိုက်တယ်။ တရားရုံးက ငွေကျပ် နှစ်သောင်းစီ ပေးဆောင်ရန်၊ မဆောင်နိုင်က ထောင်ဒဏ် ၁၅ ကျခံစေလို့ အမိန့်ချလို့ စွပ်စွဲခံရသူ ခြောက်ယောက်က ဒဏ်ငွေဆောင်လိုက်တယ်။ သူတို့က ဝန်ခံလို့ တရားရုံးက တစ်ခါတည်း အမိန့်ချလိုက်တာ” ဟု လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

ဆရာတော်ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခံရပြီးနောက် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။ 

ဦးဝီရသူကို Video conferencing စနစ်ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ကူးစက်မှု​လျှော့ချရေးရည်ရွယ်၍ အသစ်ပြောင်းလဲကျင့်သုံးနေသည့် အွန်းလိုင်းမှတစ်ဆင့် တရားစီရင်ခြင်းသည် စွပ်စွဲခံရသူ ဦးဝီရသူအတွက် ခုခံချေပခွင့် ဆုံးရှုံးသည်ဟုဆိုကာ အမျိုးသားရေးသမားများဆိုသူများက ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဦးဝီရသူအား ချုပ်နှောင်ထားသည့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဆရာတော်ဦးပညာဝံသနှင့် ဦးသက်မျိုးဦးတို့ ဦးဆောင်သော အမျိုးသားရေးသမားများဆိုသူများက ခွင့်ပြုချက်မဲ့ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ခွင့်မပြုချက်မတင်ရသေးသောကြောင့် ဆန္ဒထုတ်ဖော်ခြင်းမပြုရန် ရဲတပ်ဖွဲ့က သွား‌ရောက်ညှိနှိုင်းစဉ် ရဲတပ်ဖွဲ့ဝင်များကို အမျိုးသားရေးသမားဆိုသူများက စတင်တိုက်ခိုက်ရာမှ အင်းစိန်ထောင်ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်တိုက်ခိုက်သည့် အမျိုးသားရေးသမားဆိုသူ ဦးဝင်းထွေးအား ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ၃၅၂နှင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ဖြင့်  အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၆ရက်နေ့က အမှုဖွင့်ထားသည်။ 

ထို့အတူ ဆန္ဒပြပွဲဦးဆောင်သော ဆရာတော်ဦးပညာဝံသ၊ ဦးသက်မျိုးဦးနှင့် ဝန်းရံသူ အရှင်အဂ္ဂဓဇတို့ကိုလည်း ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

အင်းစိန်ထောင်ရှေ့ဆန္ဒပြပွဲမှ အမျိုးသားရေးသမားဆိုသူလေးဦးကို အာမခံပေးထားပြီး နှစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဟု အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးတင်လတ်က ဇန်နဝါရီလ ၁၈ တွင် Myanmar Now ကို ပြောကြားထားသည်။

ဦးဝီရသူအတွက် ဦးဆောင်ဆန္ဒထုတ်ဖော်လျက်ရှိသည့် ဦးသက်မျိုးဦးနှင့် ဆရာတော်ဦးပညာဝံသတို့သည် လမ်းမတော်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင်သာမက ဗဟန်းမြို့နယ်တရားရုံးတွင်လည်း အမှုရင်ဆိုင်နေရသူများဖြစ်သည်။

အမျိုးသားရေးသမားဆိုသူ ဦးသက်မျိုးဦးသည် ဦးဝီရသူအတွက် ဆန္ဒပြပွဲများအပြင် ရိုဟင်ဂျာအသုံးအနှုန်းအပေါ် ဆန္ဒပြမှုများကြောင့် ကမာရွတ်၊ ဗဟန်း၊ လမ်းမတော်နှင့် အင်းစိန်မြို့နယ်တို့တွင် တရားစွဲခံရသည့် ရာဇဝင်ရှိသူဖြစ်သည်။

ယင်းအမှုများအနက် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က စွဲဆိုထားသည့် ငြိမ်းစုစီပုဒ်မ ၂၀ နှင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က စွဲဆိုထားသည့် ငြိမ်းစုစီပုဒ်မ ၁၉ တို့အတွက် တရားရင်ဆိုင်ရန် ကျန်ရှိနေပြီး ကျန်နှစ်မှုမှာမူ ပြစ်ဒဏ်ကျခံပြီးပြီဟု ဦးသက်မျိုးဦးက ပြောသည်။

အလားတူ အမျိုးသားရေးဝါဒီ ဆရာတော်ဦးပညာဝံသသည်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကြောင့် ၅ နှစ်အတွင်း ၅ ကြိမ် တရားစွဲဆိုခံရဖူးသည်။

လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့က စွဲဆိုသည့် အမှုမှာ ဒဏ်ငွေနှစ်သောင်း ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်သော်လည်း အင်းစိန်မြို့နယ်၌ အမှုဖွင့်ထားသည့် ငြိမ်းစုစီပုဒ်မ ၂၀ အတွက် အမှုစစ်ဆေးရန် တရားရုံးက အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဆရာတော် ဦးပညာဝံသက မိန့်သည်။ 

၂၀၂၀ အောက်တိုဘာလအတွင်းကလည်း ရွှေတိဂုံဘုရားပုံရိပ်ကို နင်း၍ ကပြဖော်ဖြေသည်ဟုဆိုကာ Project – K အဖွဲ့ကို ဆန္ဒပြသဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

၂၀၁၉ ခုနှစ်က ဦးဝီရသူဘေးကင်းရေးဟုဆိုကာ လမ်းလျှောက်ဆုတောင်းပွဲ ကျင်းပခဲ့၍ ဗဟန်းမြို့နယ်တရားရုံး၌ စွဲဆိုခံထားရသည့် ငြိမ်းစုစီ ၁၉ အမှုမှာမူ စစ်ဆေးနေဆဲဖြစ်သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်က ရွှေတိဂုံဘုရားအနီး၌ အစိုးရပြုတ်ကျရေး ဆန္ဒပြခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ဗဟန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခံရပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။

Show More

Related Articles

Back to top button