နိုင်ငံရေးအကျဉ်းသား ၄ ဦး သေဒဏ်စီရင်မှုကို ထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုကို ယနေ့ (ဇူလိုင် ၂၉) နံနက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။
မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလပန်းခြံရှေ့နေရာကို လမ်း ခေတ္တပိတ်လိုက်ပြီး ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းမတစ်လျှောက်တွင်လည်း လက်နက်ကိုင်အင်အား ရာချီချထားကာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မြို့ခံများက ပြောသည်။
နံနက်ပိုင်း မြို့တော်ခန်းမရှေ့တွင် စစ်တပ်ထောက်ခံသူ ရာဂဏန်းခန့် စုရုံးရောက်ရှိနေပြီး စစ်ချီတေးများ၊ အမျိုးသားရေးသီချင်းများ ဖွင့်လှစ်သီဆိုနေကြကြောင်း၊ သေဒဏ်စီရင်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၄ ဦး၏ လုပ်ရပ်များဆိုသည့် ပိုစတာများကပ်ထားကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်သည့် သေဒဏ်ထောက်ခံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေလည်း ရောက်နေသည်ဟု ထိုနေရာရှိ Myanmar Now သတင်းရင်းမြစ်က ဆိုသည်။
အချိန် ၁ နာရီခန့်ကြာမြင့်သည့် သေဒဏ်ထောက်ခံပွဲ ကျင်းပနိုင်ရန် ယမန်နေ့ ညပိုင်းကပင် ဆန္ဒပြပွဲလုပ်မည့် နေရာနှင့် အနီးဆုံးမြို့နယ်များဖြစ်သည့် ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်များတွင် စစ်တပ်ချထားသည်ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနဲ့ ဆူးလေးဘုရားလမ်းတစ်လျှောက်မှာ မနေ့ညကတည်းက စစ်တပ်နဲ့ ရဲက လမ်းထိပ်တွေတိုင်းမှာ လုံခြုံရေးယူထားတယ်။ ခုမနက်မှာလည်း မဟာဗန္ဓုလလမ်းတစ်လျှောက်မှာ မဂိုလမ်းကနေ ပန်းဆိုးတမ်းလမ်းအထိ ပိတ်ထားတာ တွေ့ရတယ်” ဟု ၎င်းက ပြောပြသည်။
ယနေ့နံနက် ၈ နာရီခန့်ကပင် စစ်တပ်ထောက်ခံသူများသည် ဒိုင်နာကားများဖြင့် ရောက်ရှိလာကြကြောင်း ထိုနေရာအနီး နေထိုင်သူတစ်ဦးကလည်း ပြောသည်။
“ပန်းဆိုးတန်းကနေစပြီး ပိတ်ထားတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ဖုန်းတွေ ယူစစ်နေတယ်။ ကမ်းနားလမ်းနဲ့ အနော်ရထာလမ်းပဲ ဖွင့်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ကျန် ၂ ဦးကို သေဒဏ်စီရင်ပြီးကြောင်း ဇူလိုင် ၂၅ တွင် စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် ဇူလိုင် ၂၇ နေ့လယ်ပိုင်းတွင် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ မိသားစုဝင်များနေထိုင်ရာ နေအိမ်များသို့ စစ်တပ်ထောက်ခံသူဟုဆိုသူ ၅၀ ခန့်က အုပ်စုဖွဲ့လာရောက် တိုက်ခိုက် ခြိမ်းခြောက်ခဲ့ကြသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံပေးရန် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားရေးအစွန်းရောက် စွမ်းအားရှင်၊ ပျူစောထီး၊ လူရမ်းကားများကို ငွေကြေးပေးစည်းရုံးကာ ဆန္ဒပြပွဲများ မကြာခဏ စီစဉ်လေ့ရှိသည်။
ပြီးခဲ့သည့် မေ ၁၆ က စစ်တပ်ရုံးစိုက်ရာ နေပြည်တော်တွင် စစ်တပ်ထောက်ခံပွဲသွားမည့် မော်တော်ယာဉ်တန်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ထောက်ခံပွဲလာသူ ၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)