သတင်း

“အနေခက်၊ အသေခက်” ဖြစ်နေသည်ဟု တပ်ထောက်ခံသူဖွင့်ဟ 

စစ်ကောင်စီလက်ထက်တွင် “အနေခက်၊ အသေခက်” ဖြစ်နေသည်ဟု အွန်လိုင်းလူမှုကွန်ရက်တွင် ပြစ်တင်ဝေဖန်ခဲ့မှုဖြင့် တစ်ညတာအဖမ်းခံရပြီး ခံဝန်ကတိဖြင့် ပြန်လည်လွတ်မြောက်လာသော ရန်ကုန်မှ “အမျိုးသားရေး” လှုပ်ရှားသူ ကိုလတ် (မင်္ဂလာတောင်ညွန့်) ဟု ထင်ရှားသည့် ဦးတင်ထွဋ်ဇော်က ပြောသည်။

ဇူလိုင် ၂၄ တွင် ပြန်လွတ်လာသော ကိုလတ်က တပ်မတော်သည် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေအရပ်ရပ် ကျပ်တည်းလာသည်ဟု ဇူလိုင် ၂၅ တွင် Myanmar Now ကို ပြောသည်။

“အခုကတော့ဗျာ … နေရေးလည်း ခက်တယ်၊ သေရေးလည်း ခက်တယ်။ အနေခက် အသေခက်ဘဝပေါ့ဗျာ” ဟု ၁၉၈၈ တွင် တောခိုပြီး ပြန်လည်အဖမ်းခံခဲ့သည့် အသက် ၅၂ နှစ်အရွယ် ဦးတင်ထွဋ်ဇော်က ပြောသည်။

၎င်းသည် တပ်မတော်ထောက်ခံပွဲများ၊ ဦးဝီရသူအတွက် ဆုတောင်းပွဲများတွင် ဦးဆောင်ပါဝင်လေ့ရှိပြီး ဇူလိုင် ၂၃ တွင် ကိုဗစ်ကြောင့်သေဆုံးခဲ့သည့် မိခင်၏ ရုပ်အလောင်း သင်္ဂြိုဟ်ခွင့်ရရန် ရေဝေးသုသာန်၌ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရပုံကို Facebook လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ကာ ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

“မစောင့်နိုင်ဘူး။ မလောက်လို့ရှိရင် လောက်အောင်စီစဉ်ပေးရမယ်။ ဆေးဝါးကုသမှုမနိုင်ရင် သင်္ဂြိုဟ်စက်တော့ လောက်ငအောအောင် လုပ်ပေးနိုင်ရမယ်။ အသုဘချတဲ့၊ သင်္ဂြိုဟ်ကိစ္စ မြေမြှုပ်တဲ့ကိစ္စ အဲ့ဒါ လက်ရှိ နိုင်ငံတော်အုပ်ချုပ်နေတဲ့ သူရဲ့တာဝန်။ အဲ့ဒီလူတွေ တာဝန်ယူရမယ်။ ရှင်းလားမသိဘူး၊ ကျွန်တော်ပြောတာ” ဟု ၎င်းက ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့သည်။ 

အသက် ၃၈ နှစ်အရွယ် တူမဖြစ်သူ ဒေါ်အေးအေးခိုင် ခေါ် ဝလုံးမ၊ အသက် ၇၂ နှစ်အရွယ် ဒေါ်စန်းရီ၊ အသက် ၇၄ နှစ်အရွယ် မိခင် ဒေါ်သန်းအေး စသည့် မိသားစုဝင်တို့သည် ကိုဗစ်ကူးစက်ခံရပြီး ဇူလိုင် ၁၇၊ ၁၈ နှင့် ၂၂ ရက်နေ့များတွင် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သည်ဟု ဦးတင်ထွဋ်ဇော်က ပြောသည်။ 

ဇူလိုင်လ ပထမပတ်မှစ၍ ကိုဗစ်နိုင်တင်းရောဂါလက္ခဏာဖြင့် သေဆုံးသူ ၆၀၀ ခန့်ကို သုသာန်လေးခုသို့ နေ့စဉ် ပို့ဆောင်သင်္ဂြိုဟ်ပေးနေရပြီး ဒုတိယအပတ်အရောက်တွင် အလောင်းများ ပိုမိုများပြားလာ၍ ရုပ်အလောင်းသယ်ယူပေးသည့် အလုပ်ပင် မနိုင်မနင်းဖြစ်လာနေကြသည်။

ဇူလိုင်လ တတိယအပတ်မှစ၍ ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာဖြင့် နေ့စဉ်သေဆုံးသူ အများအပြားရှိနေပြီး ရုပ်အလောင်းများပို့ဆောင်ရန် နာရေးတင်ယာဉ်များ မလုံလောက်သဖြင့် ဘေးတွဲဆိုက်ကားပင်မကျန် ကြုံရာယာဉ်များဖြင့် သုသာန်အသီးသီးသို့ ပို့ဆောင်နေကြရသည်ကို တွေ့ရသည်။

ရန်ကုန်ရှိ ရေဝေး၊ ထိန်ပင်၊ ကျီစုနှင့် ကျူရှောင် စသည့် သုသာန်များတွင် ဇူလိုင် ၁၄ မှ ၁၉ ရက်အတွင်း ရုပ်အလောင်းပေါင်း ၅၅၀၀ ကျော် သင်္ဂြိုဟ်ခဲ့ရကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော်လည်း အဆိုပါ ကိန်းဂဏန်းနှင့် ပတ်သက်၍ Myanmar Now က အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းတွင်မူ အထက်ပါ ၆ ရက်အတွင်း တစ်နိုင်ငံလုံးသေဆုံးသူဦးရေ ၁၅၀၀ ပင် မပြည့်ခဲ့ပေ။ 

ထိုရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် မကြာခဏ တိုက်ရိုက်လွှင့်ကာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သော်လည်း ဇူလိုင် ၂၃ ညနေပိုင်းတွင် ထိုရုပ်သံဖိုင်များကို ဖြုတ်ချခဲ့သည်ဟု ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံလာရသဖြင့် ဖြုတ်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဇူလိုင် ၂၃ ရက် ည ၁၀ နာရီခန့်တွင် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) မှ ဗိုလ်ကြီးသန့်ဇင်ဆိုသူနှင့် အခြားအရာရှိတစ်ဦး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ၎င်း၏နေအိမ်သို့ လာရောက်စစ်ဆေးခဲ့ပြီး ည ၁၂ နာရီခန့်တွင် ပြည်ထဲရေးဝန်ကြီးဌာနအမိန့်အရဟုဆိုကာ ရဲနှင့် စစ်သား အများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ကိုဗစ်ကြောင့် နေ့စဉ် ရာနှင့်ချီ သေဆုံးနေသော ရန်ကုန်အခြေအနေနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ထိုသို့ပြောဆိုခဲ့ခြင်းမှာ သုသာန်တာဝန်ရှိသူများက အခြေအနေအမှန်ကို အထက်လူကြီးမသိစေရန် ဖုံးကွယ်ထိမ်ချန်ထားသောကြောင့်ဖြစ်သည်ဟု ဦးတင်ထွဋ်ဇော်က ဆိုသည်။ 

“အတိုက်အခံတွေဘက်ကနေ ဒါတွေကို လာရိုက်တင်တဲ့အခါကျရင်လည်း ဆိုက်ဝါးတို့၊ ဂျင်းတို့ ဖြစ်တယ်ပေါ့။ အဲ့ဒီတော့ ကျွန်တော်က နဂိုကတည်းကလည်း တပ်ထောက်ခံခဲ့တဲ့သူ။ အမျိုးသားရေးလုပ်ခဲ့တဲ့သူတစ်ယောက်ဆိုတော့ ကျွန်တော့်အကောင့်ကနေတင်ရင် ဒါအမှန်တရားဆိုတာ လူတွေမြင်မယ်ပေါ့။ နိုင်ငံတော်ကလည်း သိမယ်ပေါ့။ အဲ့ဒီလိုသဘောနဲ့ တင်လိုက်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို ဝေဖန်ပြစ်တင်မှုဖြင့် ထိုသို့ဖမ်းဆီးအရေးယူခံရသည့်အပေါ် အမျိုးသားရေးဆရာတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခက “ဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့ပေါ့” ဟု မှတ်ချက်ပြုသည်။

Show More

Related Articles

Back to top button