သတင်း

လွိုင်ကော်တပ်သိမ်းမြေများအတွက် လျော်ကြေးပေးရန် တပ်ကို တောင်းဆိုထားဟု ဝန်ကြီးပြော

လွိုင်ကော်မြို့အဝင်ရှိ တပ်မတော်တပ်ခွဲ နှစ်ခုက ပြန်မစွန့်လွှတ်သေးသည့်မြေများအတွက် တောင်သူများ လျော်ကြေးရနိုင်ရန် တောင်းဆိုထားသည်ဟု ကယားပြည်နယ်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘောစ့်ကို က Myanmar Now ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြောသည်။

လွိုင်ကော်-တောင်ကြီး ကားလမ်းမပေါ်ရှိ အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲနှင့် ဆက်သွယ်ရေးတပ်ခွဲတို့က သိမ်းဆည်းထားသည့်မြေများအတွက် ကာကွယ်ရေးဝန်ကြီးဌာနက လျော်ကြေးပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ ပြီးခဲ့သည့် ဇန်နဝါရီလ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးက လွန်ခဲ့သည့် နှစ်ရက်က ကယားပြည်နယ်လွှတ်တော်တွင် ပြောသွားသည်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြင်ရသည်။

“ပြန်မစွန့်နိုင်ဘူးဆိုရင်တော့ မြေယာလျော်ကြေးလျာထားပေးဖို့ ကျွန်တော်တို့က ဗဟိုကို တင်ထားတယ်။ ဗဟိုကလည်း ကာကွယ်ရေးဝန်ကြီးကို ဆက်တင်ထားတယ်” ၎င်းက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

သို့သော် ကာကွယ်ရေးဝန်ကြီးဌာန၏ အကြောင်းပြန်ကြားချက်ကို သိရမှသာ ပေးချေမည့် လျော်ကြေးနှုန်းထားကို သတ်မှတ်နိုင်မည်ဟုဆိုသည်။ ဒေသခံများကမူ အဆိုပါ​ဒေသများတွင် တောင်ယာမြေ တစ်ဧက ကျပ်သိန်း ၈၀ ဝန်းကျင်နှင့် လယ်မြေတစ်ဧက ကျပ်သိန်းရာချီပြီး ကာလပေါက်ဈေးရှိသည်ဟု ဆိုသည်။

လျော်ကြေးရမည့် မြေဧကမှာ ၁၇၀ ခန့် ရှိနိုင်သည်ဟု ဝန်ကြီးကပြောပြီး တောင်သူများကမူ တပ်ခွဲနှစ်ခုစလုံးက သိမ်းထားသည့် လယ်မြေနှင့် ယာမြေ နှစ်ခုပေါင်း ၃၁၆ ဒသမ ၀၈ ဧက ရှိကြောင်း ပြောသည်။

သို့ရာတွင် မြေသိမ်းခံတောင်သူများဘက်ကမူ လျော်ကြေးထက် မြေကိုသာ ပြန်လိုချင်သည်ဟု ပြောသည်။

“ဒီမြေမှပြန်မရရင်လည်း တခြားမြေနေရာလည်း မရှိဘူးလေ။ သွားလုပ်ကိုင်ဖို့ အခြားနေရာလည်း မရတော့ဘူး” ဟု လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာသား လယ်နှင့်ယာမြေနှစ်မျိုးပေါင်း ၁၀ ဧကခွဲ သိမ်းခံထားရသည့် ခူးရှေးဖဲကပြောသည်။

၎င်းတို့ မြေနီကုန်းကျေးရွာအပါအဝင် ထေးပလော်ခူ၊ သုံးမိုင်လွယ်တမူ၊ ကယန်းကြခူနှင့် ဒေါမူကလား ဆိုသည့် ရွာငါးရွာသားများ လွန်ခဲ့သော နှစ် ၅၀ ကတည်းက စိုက်ပျိုးလာခဲ့ကြသည့် လယ်ယာမြေများကို လွန်ခဲ့သည့် ၂၈ နှစ် ကတည်းက တပ်က သိမ်းဆည်းထားပြီး စီမံကိန်းတစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမရှိကြောင်း ဆိုသည်။

မြေမရှိပါက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းထိခိုက်မည်ဖြစ်ပြီး အကယ်၍ မတတ်နိုင်သည့်အဆုံး မြေလျော်ကြေးပေးလျှင်လည်း တောင်သူအားလုံးအတွက် ကာလပေါက်ဈေးအတိုင်း ရလိုသည်ဟု ခူးရှေးဖဲက ဆက်ပြောသည်။

အဆိုပါမြေဧက ၃၀၀ ကျော် ပြန်လည်ရရှိရန် ၂၀၁၇ ခုနှစ်ကတည်းက ပြည်နယ်အစိုးရထံ တင်ပြထားပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားထားကြောင်း တောင်သူများက ပြောသည်။

၂၀၁၈ ခုနှစ်တွင် မြေယာအငြင်းပွားမှုဖြစ်ပြီး အထက်ပါ အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲက မြေနီကုန်းကျေးရွာမှ တောင်သူနှစ်ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခဲ့သည်။

၎င်းအပြင် ၂၀၁၉ ခုနှစ်အတွင်း လွိုင်ကော်မြို့ရှိ အမှတ် (၂၅၀) ခြေလျင်တပ်၊ အမှတ် (၃၅၆) အမြောက်တပ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ အမှတ် (၃၆၀) အမြောက်တပ်တို့မှ အရာရှိများက တောင်သူ ၄၀ ကျော်ကို အကြိမ်ကြိမ်တရားစွဲထားပြီး ယင်းတို့အနက် ၁၂ ဦးမှာ လွိုင်ကော်အကျဉ်းထောင်မှ တရားရင်ဆိုင်နေရသည်။

ကယားပြည်နယ်တွင် ၁၉၉၀ ပြည့်နှစ်မှစ၍ ၂၀၁၁ ခုနှစ်အထိ တပ်မတော်က သိမ်းဆည်းထားသည့်မြေ ၈,၃၁၃ ဧကရှိပြီး၊ ၇၉၄ ဧကကို စွန့်လွှတ်ခဲ့ကာ ၇,၅၂၀ ဧကမှာ ယနေ့တိုင် စွန့်လွှတ်မှုမရှိသေးကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းများတွင် ဖော်ပြထားသည်။

သို့သော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်တစ်ခုတွင် ၂၀၁၃ မှ ၂၀၁၇ ခုနှစ် မတ်လအထိ ကယားပြည်နယ်၌ တပ်မတော်နှင့် အခြားဌာနဆိုင်ရာတို့က စွန့်လွှတ်ထားသည့်မြေ ၃၈၁၂ ဒသမ ၉၂ ဧက ကို တောင်သူများနှင့် အခြားသက်ဆိုင်သူများထံ လွှဲပြောင်းပေးပြီးကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button