စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် လူအင်အားအများအပြားရှိနေသော်လည်း ၎င်းတို့ကို လက်နက်တပ်ဆင်ပေးရန် အခက်တွေ့နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ပြောသည်။
ရုရှား၏ကျူးကျော်တိုက်ခိုက်မှုကို ခံနေရသည့် ယူကရိန်းနိုင်ငံသည် စစ်လက်နက်ပစ္စည်းနှင့် ငွေကြေးအများအပြား ရရှိနေချိန်တွင် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ကို ရင်ဆိုင်ရသူတို့၏ အခြေအနေမှာ ပိုမိုပေါ်လွင်လာသည်။
“တကယ့်လက်တွေ့မှာတော့ ရန်ပုံငွေကော၊ လက်နက်ရရှိဖို့ကော အားလုံးကို တစ်ပြိုင်တည်း မြှင့်တင်နိုင်ဖို့လုပ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ NUG ကာကွယ်ရေးဌာနရဲ့ အဓိကထားဆောင်ရွက်တဲ့ ကိစ္စရပ်ဖြစ်သလို ဒီကိစ္စကလည်း အခက်အခဲများစွာထဲက ဆောင်ရွက်ရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောသည်။
ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံများက ရန်ပုံငွေ ဒေါ်လာသန်းနှင့်ချီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ မြန်မာ့တော်လှန်ရေးအတွက် ရန်ပုံငွေရရှိမှုမှာ ဒေါ်လာ ၁၀ သန်းခန့်သာ ရရှိသေးသည်ဟုလည်း သူက ဆိုသည်။
မြို့နယ်အများအပြားတွင် လက်နက်ကိုင်တော်လှန်သူများ ရှိနေပြီး အရေအတွက်အားဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ၁၀၀၀၀ ပြည့်သည်ဟု NUG က ထုတ်ပြန်သည်။ ဦးနိုင်ထူးအောင်ကမူ လက်ရှိတွင် အင်အား သိန်းနှင့်ချီရှိနေပြီဟု Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုသည်။ ထိုအထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လေ့ကျင့်သင်ကြားပေးလိုက်သူများလည်း ပါဝင်သည်။
အလှူငွေရရှိသည့် အဖွဲ့တချို့က ပစ်အားကောင်းသော တိုက်ပွဲဝင် ရိုင်ဖယ်သေနတ်နှင့် ကျည်ဆန်ကို နယ်စပ်မှောင်ခိုစျေးကွက်မှ စျေးကြီးပေးဝယ်ပြီး ခက်ခက်ခဲခဲတင်သွင်းနေကြသည်။
လက်နက်လိုအပ်ချက်အခက်အခဲကို ဖြေရှင်းသည့်အနေဖြင့် ကိုယ်တိုင်လည်း ထုတ်လုပ်နေသည်ဟု ဦးနိုင်ထူးအောင်က ပြောသည်။
“မဟာဗျူဟာမြောက်တဲ့နေရာတွေကို အကောင်းဆုံး ဘယ်လိုရောက်မလဲဆိုတဲ့ အစီအမံတွေ ပြုလုပ်ပြီးတော့ ပို့တာတွေရှိသလို ဒေသတွင်းမှာ ကောင်းမွန်တဲ့ ထုတ်လုပ်မှုတွေရှိတဲ့သူတွေနဲ့ ချိတ်ဆက်ပြီးတော့လည်း ကာကွယ်ရေးပစ္စည်းတွေကို ထုတ်လုပ်ရေးမှာ အကောင်းဆုံးထုတ်နေတာတွေလည်း ရှိပါတယ်” ဟု သူက ဆိုသည်။
ဤအတောအတွင်း ဒေသအသီးသီးမှ ပြောက်ကျားအဖွဲ့များကလည်း လက်နက်ထုတ်လုပ်နေကြောင်း လူသိရှင်ကြား ကြေညာနေကြပြီး ထိုအထဲတွင် NUG ၏ ထောက်ပံ့မှုရရှိသည့်အဖွဲ့ မည်မျှပါဝင်သည်ကို မသိရသေးပေ။
စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်နေသော အဖွဲ့များက ဖောက်ခွဲရေးပစ္စည်းကို အများဆုံးအသုံးပြုနေကြပြီး တိုက်ပွဲဝင်လက်နက်ထောက်ပံ့မှု လိုအပ်ကြောင်း အကြိမ်ကြိမ်ပြောဆိုနေကြသည်။
တိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားနေပြီး ခုခံတော်လှန်သူတို့၏ လက်နက်အများအပြား ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ မန္တလေးနှင့် ရန်ကုန်တွင် လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ချက်နိုင်ငံအခြေစိုက် ထင်ရှားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ Mr.Igor Blazevic က မြန်မာ့အရေးသည် ယူကရိန်းကျူးကျော်ခံရမှုဖြစ်စဉ်နှင့် ကွာခြားကြောင်း၊ ကမ္ဘာ့နိုင်ငံအများအပြားက ယူကရိန်းနိုင်ငံကို လက်နက်နှင့် ငွေကြေး ထောက်ပံ့နေကြခြင်းမှာ ရုရှား၏အန္တရာယ်ကြောင့်ဖြစ်ကြောင်း ထောက်ပြသည်။
“တိုက်ရိုက်ခြိမ်းခြောက်ခံရတာကြောင့် အနောက်နိုင်ငံတွေက ပြတ်ပြတ်သားသား ထိထိရောက်ရောက်နဲ့ ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်ကြတာပါ။ မြန်မာနိုင်ငံကတော့ ဒီလို အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် အလေးထားရတာမျိုး မရှိပါဘူး” ဟု Mr. Igor Blazevic က ပြောသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု များပြားပြီး အမေရိကန်နှင့် ဥရောပ၏ အကျိုးစီးပွားများ မရှိသလောက်ဖြစ်နေသည့် အခြေအနေကြောင့်လည်း မြန်မာ့အရေးအပေါ် အာရုံစိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု သူက သုံးသပ်သည်။
“အမေရိကန်ဟာ မြန်မာနိုင်ငံကို တရုတ်နဲ့ အနောက်နိုင်ငံတွေအတွက် ကြားခံစစ်မြေပြင်ဖြစ်သွားမှာ မလိုလားပါဘူး။ ကြားခံစစ်မြေပြင်ဟာ မြန်မာပြည်သူတွေအတွက် မကောင်းပါဘူး” ဟု သူက ပြောသည်။
“ပြီးတော့ တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ စစ်အာဏာရှင်ဟာ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံပေးထားတဲ့ ခုခံကာကွယ်ရေးလှုပ်ရှားတွေမှုကို သေချာပေါက်နိုင်သွားမယ်လို့ အမေရိကန်မူဝါဒရေးဆွဲသူတွေနဲ့ လုံခြုံရေးနည်းဗျူဟာပညာရှင်များက သတိထားမိပါတယ်”
NUG ကို အနောက်အုပ်စုက အသိအမှတ်ပြုစေလိုသည့် Mr. Igor Blazevic က မြန်မာနိုင်ငံမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလွယ်တကူသယ်ဆောင်နိုင်သည့် လေကြောင်းကာကွယ်ရေးစနစ် ခေါ် Man Portable Air Defense System – MANPADS လေယာဉ်ပစ်ပခုံးထမ်းလောင်ချာ ဒါဇင်ပေါင်းများစွာနှင့် တင့်ကားဖျက်ဒုံးလက်နက် ခေါ် Man Portable Anti -Tank Guided Missiles – the MPATGM ရာပေါင်းများစွာ ပံ့ပိုးပေးသည်ကို မြင်လိုသည်ဟု ပြောသည်။
“အဲဒါတွေကမှ အရပ်သား မြောက်မြားစွာကို အကြမ်းဖက်နေတဲ့ တပ်မတော်ရဲ့ စွမ်းအားကို ဖြိုချပြီး စစ်ကောင်စီ ပြုတ်ကြဖို့ နီးစပ်လာမှာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒါတွေဖြစ်လာဖို့ အများကြီးလုပ်ရဦးမှာပါ” သူက Myanmar Now ကို ပြောသည်။
လေယာဉ်ပစ်ပခုံးထမ်းလောင်ချာသည် ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တွင် ရှိနေသည်။ ၂၀၁၉ နှစ်ကုန်ပိုင်းက နမ့်ဆန်မြို့နယ် ကျေးလက်ဒေသနေအိမ်တစ်လုံး၏ မြေအောက်ခန်းတွင် သိမ်းဆည်းရမိသည့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ လက်နက်များထဲတွင် လေယာဉ်ပစ်ဒုံးလက်နက်ပါဝင်သည်။
အနောက်နိုင်ငံများက စစ်အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို လက်နက်ထောက်ပံ့ခြင်း မရှိသော်လည်း စစ်ကောင်စီ၏ ထိပ်တန်းတာဝန်ရှိသူများ၊ စစ်အုပ်စုနှင့် ဆက်စပ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များကို ပစ်မှတ်ထားပိတ်ဆို့နေသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်ကမူ ထို့ထက်ပိုပြီး မျှော်လင့်လျက်ရှိသည်။
“နိုင်ငံတကာပိတ်ဆို့မှုတွေလည်း အရင်ထက်ပိုပြီးတော့ အားကောင်းလာပေမဲ့ မလုံလောက်သေးပါဘူး။ ဒါဟာလည်း နိုင်ငံတကာရဲ့ အာဏာချိန်ခွင်လျှာညှိတဲ့အပေါ်မှာလည်း ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ်” ဟု NUG ကာကွယ်ရေးဌာနအတွင်းဝန်က ပြောသည်။
“ထိရောက်တဲ့ ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေဖြစ်လာနိုင်ဖို့လည်း NUG အစိုးရတစ်ခုလုံးက မြှင့်တင်ပြီးဆောင်ရွက်နေပါတယ်” ဟု အတွင်းဝန်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)