အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ စက်တင်ဘာ ၇ တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်သည့် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများသည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။
အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဒေသအသီးသီးတွင် ပြန့်ကျဲနေကြပြီး ထိုလက်နက်ကိုင်အဖွဲ့များကို ကာကွယ်ရေးဝန်ကြီးဌာနက စုစည်းနိုင်ရန် ကြိုးပမ်းနေသည်။
Local Defence Force ဟု ခေါ်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းနေပြီး စစ်ရေးအတွေ့အကြုံရှိသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်သည့် ကော်မတီက စစ်ရေးအရ ဦးဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
ပြည်သူ့ခုခံစစ် လက်နက်ကိုင်တော်လှန်ရေး၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပုံ၊ လက်နက်လိုအပ်ချက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ဖြေကြားထားသည်။
မေး − ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးရည်မှန်းချက်ကို သိပါရစေ။
ဖြေ − တော်လှန်ရေးတစ်ခုရဲ့ အရှိန်အဟုန်ဆိုတာက တစ်သမတ်တည်း အမြဲတမ်းဖြစ်ပျက်နေတာမျိုး မဟုတ်ဘူး။ တိုးတက်မှုဂရပ် တက်တယ်ဆိုရင်တောင်မှ ဖြောင့်ဖြောင့်ကြီးတက်နေတာမျိုး မဟုတ်ဘူး။ အဆင့်တစ်ခုကို ရောက်ရင် ထောင်တက်သွားတာမျိုးရှိပါတယ်။ ရှေ့ကာလမှာကတော့ ပုံမှန်လေးနဲ့ သွားနေပေမဲ့ တကယ့် အရှိန်အဟုန်တစ်ခု ရောက်ပြီးသွားပြီဆိုရင် ထောင်ပြီးတော့ တက်သွားတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး စခဲ့တုန်းကဆိုရင် မတ်၊ ဧပြီ လောက်မှာဆိုရင် တချို့မြို့လေးတွေမှာဆိုရင် တူမီးနဲ့ ဘာနဲ့ ခုခံတာမျိုးရှိပါတယ်။ စစ်သင်တန်းတက်ကြဖို့ ဆိုပြီးတော့ လူငယ်လေးတွေကစပြီး ရည်မှန်းလာပြီးတော့ လွတ်မြောက်နယ်မြေကို သွားပြီးတော့ သင်ယူခဲ့တာတွေရှိတယ်ပေါ့။ အဲဒီလိုကနေ နောက်ထပ် ၆ လပဲ ပြန်ကြည့်လိုက်တော့ မြို့တိုင်းလိုလို နယ်တိုင်းလိုလိုမှာ PDF ဆိုပြီး အဖွဲ့တွေပေါ့လေ Local Defence Force အဖွဲ့တွေဟာ ရှိသွားပြီပေါ့။ အဲဒီတုန်းက ၁ မြို့ ၂ မြို့ လောက်မှာ ရှိတဲ့ နှုန်းနဲ့ နောက် ၁ လမှာ ၁ မြို့ ၂ မြို့ လောက်မှာ ရှိရမယ်ဆိုတဲ့ နှုန်းနဲ့သာဆိုရင် ခုလောက်ကြီး များလာစရာ အကြောင်းမရှိဘူးပေါ့လေ။ ကာလတစ်ခုလောက်ထဲမှာ ခုန်ပြီးတော့ ကူးသွားတယ်ပေါ့။ သူ့ရဲ့ စစ်မျက်နှာပြင်တွေ အများကြီး တစ်ပြိုင်တည်း တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ အဲဒါနဲ့ တစ်ပြိုင်တည်းပဲ ရန်သူ့ဘက်က စိတ်ပိုင်းဆိုင်ရာနဲ့ အနေအထားတစ်ခုကို ထိန်းနိုင်ဖို့ဆိုတာကလည်း Graph Show တစ်ခုကို ရောက်ရင် ထိုးပြီးတော့ ဆင်းသွားနိုင်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာပြိုလဲတဲ့ ကိစ္စရပ်တွေဆိုတော့၊ ယိုင်နဲ့နဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့။ သစ်ပင်တစ်ပင် ပြိုလဲဖို့အတွက်က ခုတ်ချက်ပေါင်းများစွာနဲ့ ခုတ်ရတာပဲ၊ ဒါပေမဲ့ နောက်ဆုံးခုတ်ချက်မှ သစ်ပင်ကြီးက ဝုန်းခနဲ လဲသွားတာပဲ။ ရှေ့က ခုတ်ချက်တွေကြောင့် သစ်ပင်ကြီးမလဲသေးလို့ နောက်က ခုတ်ချက်တွေကြောင့် သစ်ပင်ကြီးမလဲနိုင်ဘူးလို့ ပြောလို့မရဘူး။ ရှေ့က ခုတ်ချက်တွေအားလုံးမှာ သက်ရောက်မှုတွေက ရှိခဲ့တာပဲ။ ဒီသက်ရောက်မှုတွေက အများကြီး ဒီ ၂၀၂၁ ထဲမှာ ရှိထားတယ်။
၂၀၂၂ ထဲမှာဆိုရင် ဒါ လဲသွားနိုင်တဲ့ အနေအထားမျိုးထိ မျှော်မှန်းလို့ ရနိုင်တယ်။ နောက်ဆုံး တော်လှန်ရေးတစ်ခုလုံး မဟုတ်သေးရင်တောင်မှ ကျွန်တော်တို့တွေဟာ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားတွေ ဖော်ဆောင်လာနိုင်တဲ့ အနေအထားမျိုးတွေရှိမယ်။ သေချာတာက စစ်ကောင်စီဟာ ဘယ်လိုမှ တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အနေအထားမျိုးမှာ မရှိဘူး၊ ပြည်သူတွေကပဲ ပြန်လည်ထိန်းချုပ်နိုင်မဲ့ အနေအထားမျိုး၊ ခိုင်မာသေချာတဲ့ မြင်သာတဲ့ အုတ်မြစ်တစ်ခုကို ချပြနိုင်တဲ့ အနေအထားမျိုး ၂၀၂၂ ထဲမှာ သေချာပေါက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး − ၂၀၂၂ ခုနှစ်ထဲမှာ MOD အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်လာနိုင်ဖို့ အလားအလာတွေရော ရှိပါသလား။
ဖြေ − မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေအားလုံးကို တစ်ပြိုင်တည်း သိမ်းတာမျိုးကတော့ မဖြစ်နိုင်ပါဘူး။ ဒါက စစ်ရေးလေ့လာသူတွေလည်း အားလုံးသိပါတယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာထဲမှာ မြို့ပြပြောက်ကျားတွေလည်း ရှိနေမှာဖြစ်သလို မြို့သိမ်းတိုက်ပွဲတွေလည်း ရှိလာနိုင်ပါတယ်။ မြို့သိမ်းတိုက်ပွဲတစ်ခု ဖြစ်ရင်ပြီးရောဆိုတဲ့ ပုံစံမျိုးသိမ်းတာမျိုးမဟုတ်ဘဲနဲ့ သိမ်းတော့မယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘာတွေ အဆုံးအရှုံးရှိလာနိုင်သလဲ၊ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ သိမ်းပြီးရင်ရော ကျွန်တော်တို့ရဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်ကို ရောက်ရဲ့လားပေါ့။ ရောက်ပြီးရင် ဆက်ပြီး အကောင်အထည်ဖော်နိုင်တယ်ဆိုမှ မြို့တစ်မြို့ကို သိမ်းတာ ကျွန်တော်တို့အတွက် ပိုပြီးတော့ ကောင်းမွန်တယ်။ တစ်ဦးတစ်ယောက်ဆုံးဖြတ်တယ်ဆိုတာက တာဝန်ခံရပါတယ်။ သူ့ရည်ရွယ်ချက်တိုင်း၊ ရည်ရွယ်ချက်တိုင်းမှာ ကိုယ့်ရဲ့ တပ်သားအကျအဆုံး အနည်းဆုံး၊ လက်နက်ခဲယမ်းကုန်ကျမှု အနည်းဆုံးဖြစ်ဖို့ လိုတယ်။ မလိုအပ်ဘဲနဲ့ ကုန်ကျမှုတွေ ဆုံးရှုံးမှုတွေ မဖြစ်ရဘူး။
ဘယ်သူတွေ ဘယ်လောက်ထိ နစ်နာသွားမလဲ၊ ပြည်သူ့နစ်နာမှုနဲ့ ကိုယ့်ရဲ့ စစ်ရေးအရရရှိမှုက ဘယ်လိုရှိလဲ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုက Standard Army တစ်ခု ဖွဲ့စည်းချင်တာဖြစ်တဲ့အတွက်ကြောင့် ဒါတွေအကုန်လုံးကို ထည့်သွင်းစဉ်းစားရပါတယ်။
စစ်ကောင်စီလိုမျိုး ပြည်သူတွေ ဘယ်လောက်ထိထိကွာ ဆိုတာမျိုး စဉ်းစားတာမျိုး ကျွန်တော်တို့မှာ မရှိဘူး။ စစ်တပ်တစ်တပ်က ဘယ်လိုစဉ်းစားရမလဲဆိုတဲ့ Standard Army တစ်ခုက စဉ်းစားတဲ့ ပုံစံမျိုးနဲ့ စဉ်းစားပါတယ်။ မြို့သိမ်းတိုက်ပွဲတွေကတော့ ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း လုပ်ဆောင်မဲ့ နည်းလမ်းနဲ့ အချိန်အခါကတော့ ခုနကပြောတဲ့ မဟာဗျူဟာအရ ထည့်သွင်းစဉ်းစားရတဲ့ အချက်အလက်တွေအပေါ်မှာ စဉ်းစားပြီးမှပဲ ဆောင်ရွက်သွားဖို့ရှိမှာဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့လူထုကို နားလည်စေချင်ပါတယ်။ လူထု ရုတ်တရက် စိတ်ဓာတ်တွေ တက်သွားရင် ပြီးရောဆိုပြီး ပြီးမှ စိတ်ဓာတ်ပြန်ပြုတ်ကျမဲ့ ကိစ္စမျိုးကို ကျွန်တော်တို့ မလုပ်ပါဘူး။ ခိုင်ခိုင်မာမာနဲ့ တစ်ဆင့်ချင်းပဲ လှမ်းသွားမှာဖြစ်ပါတယ်။
မေး − ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးက ဘယ်အဆင့်အထိ ရောက်နေပြီလဲ။
ဖြေ − တော်လှန်ရေးဆိုတာကတော့ အဆင့်ဆင့်ရှိပါတယ်၊ လက်နက်ကိုင်တော်လှန်ရေးကို အစပျိုးမဲ့ လေ့ကျင့်တာ၊ သင်ကြားတာ၊ လှိုင်းနဲ့နှိုင်းရင်တော့ ဒါကတော့ တော်လှန်ရေးရဲ့ ပထမလှိုင်းပေါ့။ ပြီးတဲ့အခါမှာ ကျွန်တော်တို့ ပြောက်ကျားလှုပ်ရှားလာနိုင်တယ်။ ပြီးရင်တော့ စုဖွဲ့မှုခိုင်ခိုင်မာမာနဲ့ တပ်ရင်း၊ တပ်ဖွဲ့ လှုပ်ရှားမှုတွေ ပေါ်လာမယ်၊ ပြီးရင် နယ်မြေတွေ သိမ်းပိုက်တယ်။ စစ်ရေးအရ အရေးပါတဲ့နေရာမျိုးတွေကို စိုးမိုးတယ်ဆိုတာမျိုးတွေက အဆင့်ဆင့်ဖြစ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ထူးခြားတာက လှိုင်းလုံးတစ်ခုနဲ့တစ်ခု အကူးမှာ နောက်ထပ်လှိုင်းလုံးက နောက်က လိုက်လာတယ်။ တချို့နေရာတွေမှာ လေ့ကျင့်သင်ကြားရေးက ခုထိလုပ်နေတုန်းပဲ။ နောက်ကလှိုင်းကလည်း ရှေ့ကလှိုင်းတွေကို အားထည့်ထည့်ပြီးတော့ ဖြည့်ပေးမယ်ပေါ့နော်။ ခုဟာကတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ၊ ပြောက်ကျားလှုပ်ရှားမှုကို အခြေပြုပြီးတော့ တကယ့်ကို ခိုင်မာတဲ့ စုဖွဲ့ပုံမျိုးနဲ့ လက်နက်အသုံးပြုတာက အစပေါ့နော်။ တပ်ရင်းတပ်ဖွဲ့ကို အခြေခံတဲ့ လှုပ်ရှားမှုမျိုး လုပ်လာနိုင်ပြီဖြစ်ပါတယ်။ ဒီလှိုင်းကနေ နောက်လှိုင်းကို ကူးတဲ့အခါမှာ နောက်ကလည်း တစ်ဆင့်၊ တစ်ဆင့်နဲ့ ကူညီတဲ့ လှိုင်းတွေကလည်း ဆက်လိုက်လာဖို့ရှိပါမယ်။
မေး − ကရင်နီ၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်နေတယ်။ MOD က ဘာတွေ ပြင်ဆင်သွားမလဲ။
ဖြေ − လေကြောင်းကိစ္စက ကျွန်တော်တို့အတွက် တော်တော်လေး အဟန့်အတားဖြစ်စေတဲ့ ကိစ္စဆိုတာကတော့ အမှန်ပါပဲ။ လေကြောင်းဆိုတာကတော့ စစ်ရေးမှာသုံးတာကတော့ ဘယ်လောက်ပဲ ကောင်းတဲ့ လေယာဉ်ပဲသုံးသုံး သူ့အကန့်အသတ်နဲ့ပဲ သူသုံးလို့ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ နောက်တစ်ခုက လေကြောင်းရန်ကို ဘယ်လိုကာကွယ်နိုင်မလဲပေါ့နော်။ ဘယ်လိုကာကွယ်နိုင်မလဲဆိုတော့ ကျွန်တော်တို့ရဲ့ စစ်ရေးမဟာဗျူဟာနဲ့ ကာကွယ်နိုင်ဖို့နဲ့ လက်နက်အရ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ ကိစ္စ၊ ဒီကိစ္စကတော့ သိပ်လွယ်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ လေယာဉ်တစ်ခုကို ပစ်ဖို့ ဟတ်စကီးတစ်ခုကို ပစ်ချဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ အခက်အခဲ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှာဖွေရနိုင်တဲ့ နည်းလမ်းတွေရှိသလို သူတို့ရဲ့ အားသာချက်၊ သူတို့က လက်တံရှည်တဲ့ လက်ဝှေ့သမားဆိုရင် ကျွန်တော်တို့က အနီးကပ်ပြီးထိုးမှာပေါ့၊ ကျွန်တော်တို့ မဟာဗျူဟာနဲ့ပဲ ဘယ်လိုဆောင်ရွက်မလဲပေါ့၊ နောက်တစ်ခု စဉ်းစားတာက လူထုအတွက် ထိခိုက်မှုအနည်းဆုံး ဘယ်လိုလုပ်မလဲပေါ့။
စစ်ကောင်စီကတော့ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ နောက်ဆုံး သူတို့က PDF တွေကို မနိုင်ရင် လူထုကိုပဲ ဒုက္ခပေးတာမျိုးဖြစ်တော့ ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာလည်း လူထုအတွက် ကယ်ဆယ်ရေးပေါ့၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဒါကို စဉ်းစားပြီးတော့ ဆောင်ရွက်ရပါတယ်။
နောက်တစ်ခုက လူထုကို စိတ်ပိုင်းဆိုင်ရာအရလည်း အားလုံးက ဝိုင်းဝန်းပြီးတော့ အားပေးဖို့ လိုပါတယ်။ သူက PDF ကို မနိုင်တဲ့အခါမှာ လူထုကို ဒုက္ခပေးတယ်။ နောက်ပြီးရင် အာရုံကို ဘယ်လိုပြန်လွှဲလဲဆိုတော့ ဒါဟာ PDF တွေရှိလို့ ဒီလိုကိစ္စတွေဖြစ်နေတာ။ မင်းတို့ PDF ကို မထောက်ခံနဲ့ဆိုတဲ့ လူတွေကို အာရုံလွှဲပေးတဲ့ ပုံစံမျိုး လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ ဒေါသတွေ၊ သောကတွေကို လွှဲပေးတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်တတ်တာတွေ ရှိပါတယ်။ ဒါတွေက အကြိမ်ကြိမ်လဲ လုပ်ခဲ့တဲ့ ပုံစံမျိုးရှိတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာလည်း ခိုင်ခိုင်မာမာ ယုံကြည်မှုတွေ တည်ဆောက်တာတွေ တွဲတဲ့လက်တွေလည်း ပိုပြီးတော့မြဲအောင် ဆောင်ရွက်သွားရမဲ့ အနေအထားမျိုးလေးတွေရှိပါတယ်။ ဒါက ရန်သူ့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ကျေးရွာတွေကို ဖျက်ဆီးမှုတွေများလာရင် အရေးကြီးတဲ့အထဲမှာ စိတ်ဓာတ်လည်း ပါပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ ပြန်ပြီးတော့ အချုပ်ပြောရရင်တော့ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာရော စစ်ရေးမဟာဗျူဟာရော လက်နက်ဝယ်ယူရေးမှာလည်း မဟာဗျူဟာနဲ့ ချိတ်ဆက်ပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ လေကြောင်းဟာ အားသာချက်တစ်ခုတော့ဖြစ်ပါတယ်။ ဒါပေမဲ့ လေကြောင်းမှာ စိုးမိုးနိုင်တိုင်း၊ လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေ ရှိနေတယ်ဆိုတိုင်း စစ်ပွဲတစ်ပွဲက နိုင်သွားတာမျိုးတော့ မဟုတ်ပါဘူး။
မေး − အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကော်မတီ (NUCC) နဲ့ MOD နဲ့ ဘယ်လို ညှိနှိုင်း ဆောင်ရွက်နေပါသလဲ။
ဖြေ − အခုဆိုရင် NUCC မှာ ဆိုရင် ကော်မတီတွေရှိလာကြပြီ။ ကာကွယ်ရေးနဲ့ သက်ဆိုင်တဲ့ ကော်မတီ NUCC တစ်ခုလုံးအနေနဲ့ကတော့ Guide Line ပေါ့နော်၊ ကျွန်တော်တို့က ဒီအပေါ်မှာ ပြန်ပြီးတော့ တာဝန်ခံပြီးတော့ အစီရင်ခံပေးတာမျိုးတွေ ဒါတွေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမဲ့ အနေအထားမှာရှိပါတယ်။ NUCC ကလည်း တဖြည်းဖြည်းနဲ့ တည်ဆောက်မှုက အားကောင်းလာတာနဲ့ အမျှပေါ့၊ ကျွန်တော်တို့ အပေါ်မှာ မူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ထိန်းကျောင်းမှုတွေကို စောင့်ကြည့်အကဲဖြတ်မှုတွေ ဆောင်ရွက်လာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေဖြစ်ပါတယ်။
နောက်တစ်ခုက အသေးစိတ် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကျတော့ Central Command and Cooperation Committee ဆိုတာ ရှိပြီးသား၊ ဒီမှာလည်း မဟာမိတ် EAOs တွေနဲ့ သွားတယ်ပေါ့နော်။ တချို့ကိစ္စရပ်တွေကျတော့လဲ Bilateral ပေါ့နော်။ C3C မှာ မပါသေးတဲ့ EAOs တွေနဲ့ ကျတော့လည်း Bilateral ညှိနှိုင်းပြီးတော့ ဆောင်ရွက်တဲ့ ဆောင်ရွက်မှုတွေလည်း ရှိပါတယ်။
မေး − လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်ကတည်း မြန်မာပြည်အနှံ့မှာ Local Defence Force လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအများကြီးက စစ်ကောင်စီကို ကိုယ်ထူကိုယ်ထ တော်လှန်နေကြပါတယ်။ ဒီလို ပြန့်ကျဲနေတဲ့ LDF တွေကို MOD က ဘယ်လို ဦးဆောင်ပြီးတော့ ပြန်လည်စုစည်းသွားမလဲ။
ဖြေ − မိမိအစီအစဉ်နဲ့ မိမိ စစ်အာဏာရှင်ကို တော်လှန်ဖို့ဆိုပြီးတော့ ဖွဲ့စည်းလာကြတဲ့ Local Defence Force တွေကတော့ တစ်နိုင်ငံလုံးမှာ အများကြီးရှိပါတယ်။ ဒါကလည်း လေးစားဂုဏ်ယူရမဲ့ ကိစ္စဖြစ်ပါတယ်။ Local Defence Force တွေ ဖွဲ့နိုင်လို့လည်း လေးစားပါတယ်၊ ဂုဏ်ယူပါတယ်လို့လည်း ပြောချင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ ဖွဲ့စည်းပုံကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့နဲ့ မတူကြဘူးဆိုတာမျိုးတော့ ရှိတာပေါ့။ တချို့အဖွဲ့တွေဆိုရင် ၁၀ ယောက် ၁၅ ယောက်ပဲ ရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ တချို့အဖွဲ့ဆိုရင် လူ ၁၀၀၀ လောက် ရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒီအပြင် သင်တန်းပေးတဲ့ ကာလတွေလည်း မတူညီကြဘူးပေါ့။ တချို့ဆိုရင် သင်တန်းက ၁ လလောက် ပေးထားတာ ရှိနိုင်တယ်။ ၂ လလောက် ပေးထားတာ ရှိနိုင်တယ်။ တချို့ကလည်း ၁ ပတ်လောက်ပဲ ပေးထားတာမျိုးလည်း ရှိနိုင်တယ်။ ပြောက်ကျားပုံစံမျိုး ဆောင်ရွက်တဲ့ ကိစ္စတချို့တော့ လုပ်လို့ရပေမဲ့ အစုအဖွဲ့နဲ့ တိုက်ပွဲဝင်မဲ့ ပုံစံမျိုးမှာတော့ တချို့အဖွဲ့တွေမှာက အခက်အခဲရှိနိုင်ပါတယ်။ MOD မှာက စုဖွဲ့ပုံ ၂ မျိုးရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နဲ့ PDF တပ်ရင်းများဆိုပြီးတော့ ရှိပါတယ်။ ပ.က.ဖ ကတော့ မြို့နယ်ကို အခြေခံပါတယ်။ မြို့နယ်ကို အခြေခံပြီး မြို့နယ်အတွင်းက လှုပ်ရှားမှုတွေကိုပဲ အဓိကထားပြီး ဆောင်ရွက်တယ်။ ပြီးတော့ ပြောက်ကျားဆန်တယ်ဆိုတာမျိုးပေါ့။ ပြည်သူ့စစ်မဟာဗျူဟာအရ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒေသခံတွေနဲ့ ဆောင်ရွက်မဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ PDF တပ်ရင်းတွေဖြစ်ပါတယ်။ PDF တပ်ရင်းတွေကတော့ စတင်စုဖွဲ့မဲ့ နေရာပေါ်မှာ အခြေခံပြီးပေါ့နော် ခရိုင်အလိုက်နာမည်တွေနဲ့ ဖော်ဆောင်တာမျိုးတွေရှိပါတယ်။ တချို့တပ်ရင်းတွေကျတော့ တပ်ရင်းနံပါတ်တွေ နံပါတ်တွေ အလိုက်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ သူတို့ကတော့ တပ်ရင်းတပ်ဖွဲ့ စုဖွဲ့မှုကို အခြေခံတယ်။ မြို့နယ်ကို အခြေခံတာမဟုတ်ဘူး။ လိုအပ်ရင် လိုအပ်တဲ့ နေရာမျိုးကို တာဝန်သွားရောက်ပြီးတော့ ထမ်းဆောင်ရမယ်ပေါ့။ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားတဲ့ အင်အားမျိုးဖြစ်ပါတယ်။ Local Defence Force တွေ Join တော့မယ်ဆိုရင် သူတို့ကို ပြန်ပြီးတော့ မေးပါတယ်၊ ပ.က.ဖ ပုံစံမျိုး ကိုယ့်မြို့နယ်မှာပဲ ကိုယ် လှုပ်ရှားချင်သလား၊ ဒါမှမဟုတ်ရင် PDF တပ်ရင်းပုံစံမျိုး တိုက်ခိုက်ရေးပုံစံမျိုးနဲ့ တိုက်ပွဲဝင်ချင်သလားဆိုပြီးတော့ မေးပါတယ်။ တပ်ရင်း ၁ ရင်းစာ ရနိုင်တယ်ဆိုရင်တော့ တပ်ရင်း ၁ ရင်းနဲ့ ပါဝင်နိုင်ဖို့ပေါ့။ တပ်ခွဲ ၁ ခွဲစာ ရနိုင်မယ်ဆိုရင်လည်း သူတို့နဲ့ နီးစပ်ပြီးတော့ ပေါင်းစည်းနိုင်မဲ့ ဒေသမှာရှိသူတွေနဲ့ စုဖွဲ့ပြီးတော့ တပ်ရင်း ၁ ရင်းဖြစ်အောင် ဖွဲ့စည်းပေးတာမျိုးလည်း ရှိပါတယ်။ တချို့ကျတော့လည်း တပ်ရင်း ၁ ရင်း၊ ၂ ရင်း၊ ၃ ရင်း ရနိုင်တဲ့ Local Defence Force တွေလည်း ရှိပါတယ်။ ဒီအခါကျတော့လည်း တပ်ရင်း ၂ ရင်း၊ ၃ ရင်း နဲ့ ပါဝင်နိုင်အောင် စီစဉ်ပေးပါတယ်။ နောက်ပြီးတော့ ဒီစုဖွဲ့မှု သင်တန်းအနေအထားကို ပြန်လေ့လာပါတယ်။ သင်တန်းတွေပြန်ပေးဖို့ လိုအပ်မလားဆိုပြီးတော့ လေ့လာပါတယ်။ ကျွန်တော်တို့က စီစဉ်ပါတယ်။ ကျွန်တော်တို့က Local Defence Force တွေကို ပုံစံ အတင်းကြီးပြောင်းပစ်ဖို့ မဟုတ်ဘဲနဲ့ သူတို့မှာရှိရင်းစွဲနဲ့ သူတို့မှာ ပါဝင်နိုင်တဲ့ အင်အား၊ သူတို့ပါဝင်နိုင်ဖို့ မျှော်မှန်းထားတဲ့ အနေအထား ဒါတွေကို မူတည်ပြီးတော့ ကျွန်တော်တို့က သူတို့နဲ့ အသင့်တော်ဆုံးဖြစ်ပြီး Chain of Command ထဲမှာ ပါဝင်နိုင်အောင်လို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
မေး − MOD ရဲ့ ခရိုင်အလိုက်တပ်ရင်းတွေထဲကို မပါဝင်နိုင်တဲ့ LDF တွေကိုရော ဘယ်လို ဆက်လက် ညှိနှိုင်းသွားမလဲ။
ဖြေ − ကျွန်တော်တို့ ခုနက ရှေ့မှာ ပြောပြခဲ့တဲ့ ပုံစံအတိုင်းဆိုရင် တော်တော်လေးပေါ့နော် Local Defence Force တွေအတွက် အဆင်ပြေအောင် လုပ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ Local Defence Force တွေက သူတို့ ပါဝင်လို့ရတဲ့ အနေအထားက ကျွန်တော်တို့ဖွဲ့စည်းပုံထဲကို ပါဝင်ရတဲ့ပုံစံက အရမ်းကြီး အခက်အခဲမဖြစ်တဲ့ အနေအထားဖြစ်တာကြောင့် ဒါကို သူတို့လည်း နားလည်လာတဲ့အခါမှာ တော်တော်များများကတော့ ပါဝင်လာကြတာရှိပါတယ်။ ဒါပေမဲ့ ခုနကပြောသလိုပေါ့ မပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။ ဘယ်လိုမျိုးပေါင်းစည်းနိုင်မယ်ဆိုတာကို စဉ်းစားတယ်။ အဓိကကတော့ ကျွန်တော်တို့ Chain of Command (အဆင့်ဆင့်အမိန့်နာခံမှု) က အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့က နားလည်အောင်တော့ သေချာရှင်းပြရပါတယ်။ ဘာလို့လဲဆိုတော့ Chain of Command ဆိုတာက EAOs တွေပါ ပါလာပြီ။ C3C ကလာတဲ့ Command တွေဆိုရင် တကယ့်ကို အတွေ့အကြုံရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကိုယ်တိုင်ပါ ပါဝင်တယ်။ မဟာမိတ်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ်တိုင်ကိုက မဟာမိတ်တပ်ပေါင်းစုလိုပုံစံ အသွင်ဆောင်တဲ့ ကျွန်တော်တို့ Chain of Command အောက်မှာ ပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့် Chain of Command အောက်မှာ ပါဝင်နေမှ ပိုပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုတာ သူတို့ကို ရှင်းပြတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံလည်း ပျက်သွားအောင်လုပ်တာမဟုတ်တဲ့အတွက်ကြောင့် လောလောဆယ်မှာတော့ Chain of Command ရဲ့ အရေးပါပုံနဲ့ ဘာကြောင့်ပါဝင်သင့်တယ်ဆိုတာနဲ့ ဘာကြောင့် ထိထိရောက်ရောက် ဝင်ရောက်ဖို့သင့်တယ်ဆိုတာလေးကို နည်းလမ်းပေါင်းစုံနဲ့ ဆွေးနွေးပြီးတော့ သူတို့ရဲ့ စိတ်ပူမှုတွေကို ဘယ်လိုမျိုး လျော့ပါးသွားအောင်လုပ်မလဲဆိုတဲ့ နည်းလမ်းရှာပြီးတော့ ချဉ်းကပ်တဲ့ပုံစံမျိုးနဲ့ လုပ်ပါတယ်။ ပြီးတော့ တချို့က နားလည်မှုလွဲနေကြတာက စတင်စုဖွဲ့ရေးမှာလုပ်တာက စစ်ရေးနားမလည်တဲ့သူတွေဖြစ်နေတယ်။ နိုင်ငံရေးဘက်ကသူတွေဖြစ်နေတယ်ပေါ့။ ဒါဆိုရင် စစ်ရေး Command ကို သူတို့က နားမလည်ဘဲနဲ့ ပေးမှာလားပေါ့။ ကျွန်တော်တို့က ဒါကို ရှင်းပြရတယ်။ တကယ်လို့ Chain of Command လာမယ်ဆိုရင် C3C ကနေ ဆင်းသက်လာမဲ့ Chain of Command က စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေပဲဖြစ်တယ်။ ဒါတွေက ဖြစ်မြောက်ရေးကာလမှာပဲ ပါဝင်ဆောင်ရွက်နေတာဖြစ်တယ်။ တကယ်တော့ ဘယ်သူပဲဖြစ်ဖြစ် PDF မှာ တာဝန်ထမ်းဆောင်ရင်တော့ စစ်သင်တန်းသွားရမယ်။ စစ်သင်တန်းမှာ ထူးချွန်နေရင်တော့ တစ်မျိုး ဒီလိုမျိုးပုံစံမျိုး စီစဉ်ထားတယ်ဆိုတာကို နားလည်လာအောင် ရှင်းပြရပါတယ်။ အဲဒီအခါမှာတော့ Local Defence Force တွေက တော်တော်များများ ပါဝင်မှုမြင့်တက်လာတာကို တွေ့ရပါတယ်။
မေး − စစ်လက်နက်လိုအပ်ချက်ကိုရော MOD က ဘယ်လိုဖြည့်ဆည်းသွားမလဲ။
ဖြေ − ကျွန်တော်တို့ စစ်လက်နက်ရရှိရေးဆိုတာကတော့ ဖြတ်သန်းရတဲ့ အဆင့်တွေနဲ့ အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့နော်။ တစ်ခုကတော့ စစ်လက်နက်ဝယ်ယူဖို့အတွက်က နံပါတ်တစ်ကတော့ ပိုက်ဆံ။ ပြီးတော့ စျေးကလည်း စစ်လက်နက်ပစ္စည်းဆိုတဲ့ဟာကလည်း တော်တော်လေးကို စျေးကြီးတယ်။ ဒေါ်လာ ထောင်နဲ့ချီပြီးတော့ ရှိတယ်။ ရိုးရိုးရိုင်ဖယ်တစ်လက်ကိုပဲ။ လက်နက်ကြီး၊ လက်နက်လတ်တို့ လက်နက်ငယ်တို့ ဒါတွေ တွဲရမယ်ဆိုရင်တော့ ကုန်ကျစရိတ်က တော်တော်များပါတယ်။ တပ်ရင်း ၁ ရင်းကိုပဲ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ရှိတယ်။ အနည်းဆုံးကို ဒေါ်လာ ၂ သန်း တပ်ဆင်ရင် တပ်ဆင်နိုင်သလောက်ပေါ့နော်။ ခဲယမ်းဆိုတာကလည်း တိုက်ပွဲ ဖြစ်ရင်ဖြစ်သလောက် သုံးရတာပဲ။ လက်နက်တင်မကဘဲ ခဲယမ်းကလည်း တိုက်ပွဲ များရင်များသလောက် လိုအပ်ချက်က ရှိနေတယ်။ အဲဒီတော့ ငွေရေးကြေးရေးကတော့ ကုန်ကျစရိတ်များတယ်။
နံပါတ် (၁)ကတော့ NUG MOD ပဲ ပြောပြော၊ CRPH ကတည်းက အလှူငွေရရှိခဲ့တဲ့ဟာတွေက တော်တော်များများက ပွင့်လင်းမြင်သာရှိထားပြီးသား ကိစ္စရပ်တွေပဲ။ Bond ဆိုလည်း ဘယ်လောက်ဖိုး ရောင်းရတယ်ဆိုတဲ့ ကိစ္စက သိနေတာပဲ။ နောက်တစ်ခုက ကျွန်တော်တို့ ကာကွယ်ရေးအတွက် သီးသန့်လုပ်တဲ့ Raffle Ticket ဆိုရင် ဘယ်လောက်ရောင်းရတယ်ဆိုတာ အကုန်လုံး တိတိကျကျသိနေတာပဲ။ လက်ရှိအနေအထားအရ ကျွန်တော်တို့ဆီမှာ ဝင်ငွေဘယ်လောက်လောက်ရှိနိုင်တယ်၊ ဒီအထဲမှာ ကာကွယ်ရေးကို ဘယ်လောက်လောက် သုံးထားနိုင်တယ်ဆိုတဲ့ ကိစ္စမျိုးဟာ အနီးစပ်ဆုံးကတော့ လူတိုင်းခန့်မှန်းနိုင်တဲ့ အနေအထားရှိပါတယ်။ ကျွန်တော်တို့ဆီဝင်ထားတဲ့ ဝင်ငွေအနေအထားနဲ့ ရှိနေတဲ့ PDF အင်အားနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လောက်လောက်ပဲ တပ်ဆင်နိုင်မယ်ဆိုတဲ့ အနေအထားက အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါတယ်။
နံပါတ် (၂) ကတော့ ဝယ်ယူချင်တိုင်းလည်း ဝယ်ယူလို့ မရပါဘူး။ ဒီကိစ္စတွေက လျှို့လျှို့ဝှက်ဝှက်ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲဆောင်ရွက်ရတဲ့ အနေအထားမျိုးရှိပါတယ်။
နံပါတ် (၃) ဝယ်ယူရရှိလို့ရတဲ့ နေရာနဲ့ အသုံးပြုလို့ရမဲ့ နေရာနဲ့ ကြားမှာ ပို့ဆောင်ရေးအခက်အခဲတွေရှိပါတယ်။ တချို့နေရာတွေက လနဲ့ချီပြီးတော့ ပို့ဆောင်ရတဲ့ အနေအထားမျိုးတွေရှိပါတယ်။
ဒါတွေကို ကျော်လွှားနိုင်ဖို့က နံပါတ် ၁ က ရန်ပုံငွေရရှိရေးကို မြှင့်တင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ရပါတယ်။ တချို့ကလည်း အထင်လွဲတာတွေရှိပါတယ်။ MOD ကို လှူဒါန်းရင် ဒေသခံတွေဆီကို မရောက်ဘူးလားပေါ့။ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ၊ ဆက်သွယ်ရေးအခက်အခဲတွေ၊ ဦးစားပေးတပ်ဆင်ရတာမျိုးတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကြောင့် တချို့က နားလည်မှုလွဲတဲ့ဟာမျိုးတွေရှိတယ်။ ဒါတွေကို နားလည်အောင် ဖြေရှင်းရတယ်။ ကျွန်တော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတယ်ဆိုတာကို နားလည်အောင် စီစဉ်ဆောင်ရွက်ပြီးတော့ ပြောကြားရပါတယ်။
ဒုတိယနည်းလမ်းကတော့ လက်နက်ဝယ်ယူတဲ့ နေရာမှာ အကောင်းဆုံး၊ အသက်သာဆုံး၊ ပစ္စည်းအကောင်းဆုံး ဘယ်လိုနေရာမှာ ရနိုင်မလဲဆိုတာကို ရှာဖွေရပါတယ်။ အရေအတွက်နည်းနည်းမှာ ပြဿနာမရှိပေမဲ့ အရေအတွက်များတဲ့အခါမှာ ပြသနာရှိတာမျိုး၊ ကြိုးစားရပါတယ်။ နောက်တစ်ခုကတော့ ပို့ဆောင်ရေးကိစ္စကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါတယ်။ အလေအလွင့် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရပါတယ်။ အလေအလွင့် မရှိသလောက်ဖြစ်အောင် ကြိုးစားရပါတယ်။ ရှေ့မှာလည်း တချို့ဟာတွေ ဖမ်းမိတာတွေရှိတယ်ပေါ့။ စစ်ကောင်စီဘက်ကလည်း ဒါနဲ့ပတ်သက်ရင် မရမက နောက်ကနေလိုက်ပြီး ဟန့်တားတာမျိုးတွေ ရှိတယ်။ လက်နက်တပ်ဆင်နိုင်တဲ့ အင်အားကတော့ မကြာခင်မှာ အခုထက် အများကြီးတိုးလာနိုင်ဖို့ ရှိပါတယ်။
မေး − ပြည်သူ့ခုခံစစ်အောင်မြင်အောင် လုပ်ဆောင်သွားမဲ့ ၂၀၂၂ ခုနှစ်အတွက် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး MOD က ပြည်သူကို ဘာတွေ အသိပေးချင်ပါသလဲ။
ဖြေ − တော်လှန်ရေးကတော့ ပန်းခင်းလမ်းမဟုတ်ဘူးဆိုတာကို အားလုံးလဲ သိထားပြီးသားပါ။ အကုန်လုံးကလည်း အခက်အခဲတွေနဲ့လည်း ကြုံရတာပေါ့။ တော်လှန်ရေးကလည်း တစ်နှစ်ပြည့်ပြီဆိုတော့ အားလုံးက စိတ်ရောလူရော ပင်ပန်းတာတွေ အများကြီးကြုံနေရပြီလို့ ထင်ပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေပဲ ပင်ပန်းနေတာ မဟုတ်ပါဘူး၊ ရန်သူဘက်က စစ်ကောင်စီဘက်ကလည်း အများကြီး စိတ်ပိုင်းဆိုင်ရာအရ ကျဆင်းမှုတွေ ပင်ပန်းမှုတွေ အများကြီးဖြစ်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့က အမြန်ဆုံးပေါ့လေ ဒီတော်လှန်ရေးကို အပြီးသတ်နိုင်သွားဖို့ ကြိုးစားသွားဖို့ဆိုတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက စစ်ရေးကိစ္စဆိုတာက အရမ်းဆန္ဒစောလို့ရတာမျိုး မဟုတ်ဘူး၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ လိုအပ်တဲ့ အချိန်အခါကောင်းကို စောင့်ဖို့တွေ ဒါတွေ မလုပ်ဘဲနဲ့ တိုက်တိုက်တိုက်ဆိုပြီး လုပ်လိုက်လို့မရဘူး။ မြန်ချင်တယ်ဆိုတိုင်းတောင်မှ ကျွန်တော်တို့ဘက်က နိုင်ဖို့က ကျိန်းသေဖို့အတွက်က စဉ်းစားရတဲ့ အနေအထားတွေရှိပါတယ်။ ဒါလေးကိုလည်း နားလည်စေချင်ပါတယ်။ MOD ရဲ့ ကိုယ်စားပြောရမယ်ဆိုရင်လည်း ကျွန်တော်တို့ MOD မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အားလုံးက ကြိုးစားနေပါတယ်။ ပြည်သူ့ရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီးရင် အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ လုပ်သွားဖို့ ရှိပါတယ်။ ဒီကာလမှာ ပြည်သူတွေအနေနဲ့ စိတ်ညစ်ညူးစရာတွေရှိရင် ကျွန်တော်တို့အနေနဲ့ MOD ကိုယ်စား တောင်းပန်ကြောင်းနဲ့ ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ်၊ အကောင်းဆုံးလဲ ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းနဲ့ ပြည်သူအားလုံး လက်တွဲညီညီနဲ့ ဆောင်ရွက်သွားဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)