အာဏာမသိမ်းမီကတည်းက သေချာစွာ ပြင်ဆင်ထားသည့် စစ်ကောင်စီကို ရင်ဆိုင်ကြရာတွင် သာမန်ထက်ပိုသည့် အားစိုက်မှု၊ ညီညွတ်မှု လိုအပ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
မတ်လ ၄ ရက်နေ့က ဆက်သွယ်မေးမြန်းစဉ် ဦးနိုင်ထူးအောင်က NUG ၏ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းရေးကော်မရှင်၊ ဒလန်ရှင်းလင်းရေးဆိုင်ရာ ညွှန်ကြားချက်၊ လက်နက်လိုအပ်မှု၊ ယူကရိန်းအရေးမှ ရရှိသည့် သင်ခန်းစာတို့အကြောင်း ပြောပြထားသည်။
မေး − NUG က စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းရေးကော်မရှင်ဆိုပြီးတော့ ဖွဲ့ထားတာရှိပါတယ်၊ ဒီကော်မရှင်က ဘာတွေလုပ်နေပါသလဲ။
ဖြေ − ကျွန်တော်တို့တော်လှန်ရေးဟာ စစ်အာဏာရှင် ဖြုတ်ချရေးဆိုတာထက် ပိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ထားရှိတဲ့ တန်ဖိုးတွေ ထွန်းကားလာဖို့ ဒါဟာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ထားရှိတဲ့ တရားမျှတမှုဆိုင်ရာတွေကို ကျွန်တော်တို့ အလေးထားပြီးတော့ တရားမျှတစွာနဲ့ ဆင်နွှဲတဲ့ စစ်ပွဲတစ်ခုဖြစ်ဖို့ဆိုပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတော်လှန်ရေးကာလမှာလည်း စစ်ရေးပြစ်မှုကျူးလွန်မှုတွေ မဖြစ်စေဖို့ဆိုပြီးတော့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအပြင် တရားရေးဌာနက ပုဂ္ဂိုလ်တွေ ပါဝင်ပြီးတော့ ဖွဲ့စည်းပါတယ်။ ဒီတော်လှန်ရေး စစ်ရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အားလုံးက တကယ့်ကို စည်းကမ်းတကျဖြစ်စေဖို့၊ နောက် …. ဥပဒေများနဲ့အညီ စစ်ဆေးဖို့၊ နောက် …. နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့အညီ ဖြစ်စေဖို့၊ လိုအပ်တဲ့ထိန်းကျောင်းမှုတွေ လုပ်နိုင်ပြီးတော့ တရားသောတော်လှန်ရေးအဖြစ် အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတာဖြစ်ပါတယ်ခင်ဗျ။
မေး − အမှုတွေကို NUG က ဘယ်လိုစစ်ဆေးနေသလဲ၊ ဘယ်လိုအမှုအခင်းတွေ တိုင်ကြားလာကြသလဲ။
ဖြေ − စစ်ရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်ဖြစ်တဲ့အတွက် စစ်ရေးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ မည်သူတွေပဲ ကျူးလွန် ကျူးလွန် တိုင်ကြားနိုင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ နောက် တိုင်ကြားခြင်းမရှိသော်လည်း ကြားသိရတဲ့ ကိစ္စတွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
မေး − အရေးယူမှုတွေ ဘယ်လိုလုပ်မယ်၊ တရားစီရင်မှုကို ဘယ်လိုလုပ်မယ် စသဖြင့် အဲဒီစည်းမျဉ်းစည်းကမ်းတွေကိုလည်း ရှင်းရှင်းလင်းလင်း သိလိုပါတယ်။
ဒီကော်မရှင်ကတော့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ပါ။ တကယ်လို့ ဒီကိစ္စက စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်ဆိုရင်၊ ဒီကိစ္စက အရေးယူဖို့ လိုအပ်တယ်ဆိုရင် စစ်ခုံရုံးနဲ့ စစ်ဆေးအရေးယူနိုင်ဖို့ ဖြစ်သလို အရပ်ဘက်တရားစီရင်ရေးနဲ့ စီရင်ဖို့ လိုအပ်တယ်ဆိုရင်လည်း တရားရေးဝန်ကြီးဌာနကို လွှဲပြောင်းပြီးတော့ စီစဉ်မှုတွေ ဆက်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။
အဓိကကတော့ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးပြီးတဲ့အထိ ဆက်လက်သယ်ဆောင်သွားရမဲ့ကိစ္စတွေလည်း ရှိနေပါတယ်၊ ဒါပေမဲ့ အမှန်တရားက ပျောက်ကွယ်မသွားဘူး၊ မှန်ကန်တဲ့တရားမျှတမှုတွေ ယူဆောင်ပေးနိုင်ဖို့အတွက်ဆိုပြီးတော့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မေး − ဒီအလုပ်တွေကို လုပ်ဖို့ကော NUG အနေနဲ့ ဘယ်လောက်ထိ အဆင်သင့်ဖြစ်နေပြီလဲ။
ဖြေ − ကော်မရှင်ဖွဲ့စည်းတာတော့ ရက်ပိုင်းပဲရှိပါသေးတယ်၊ စစ်ဆေးမှုတွေလုပ်နေတဲ့ အမှုအခင်းတွေမှာ စတင်ပြီး ရှိနေပြီဖြစ်ပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေလည်း ဒီကော်မရှင်ထဲမှာပါတဲ့ ကာကွယ်ရေးနဲ့ တရားရေးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ စတင်ပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
မေး − အိမ်တွေလည်း ရာနဲ့ချီပြီးတော့ မီးရှို့ခံရတယ်။ ဒါတွေကို NUG အနေနဲ့ ဘယ်လိုဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမယ်၊ ဒါတွေကို ရပ်တန့်ဖို့ ဘာတွေလုပ်နေတယ်ဆိုတာ သိချင်ပါတယ်။
ဖြေ − ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF တွေကို ဖွဲ့စည်းတဲ့အခါမှာ နံပတ် ၁ ကတော့ ပြည်သူ့လုံခြုံရေးကဏ္ဍဆိုတာ ထည့်ပြီးတော့ စစ်မဟာဗျူဟာတွေ စဉ်းစားတဲ့အခါမှာ၊ စစ်ရေးတွေ စဉ်းစားတဲ့အခါမှာ လူထုထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီကလည်း အင်အားတော်တော်လည်းရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သလို အကြမ်းဖက်မှုတွေကို လုပ်တာမှာလည်းပဲ လက်ယဉ်နေတဲ့အခါမှာ (PDF တွေ) ကာကွယ်နေတဲ့ ကြားထဲကပဲ ဖြစ်သွားတာတွေ ရှိပါတယ်။ ဒီအတွက်လည်းပဲ ကျွန်တော်တို့က ဥပဒေများနဲ့အညီ အရေးယူနိုင်ဖို့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ မှတ်တမ်းရယူထားတာတွေ၊ နိုင်ငံတကာကို တင်ပြနိုင်ဖို့၊ အရေးယူမှုတွေလုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူထုထိခိုက်မှုတွေ လျော့ပါးစေဖို့၊ တော်လှန်ရေးကာလမှာကော တော်လှန်ရေးအလွန်ကာလမှာကော သူတို့ရဲ့ နစ်နာခဲ့မှုတွေအတွက် ပြန်လည်ကုစားဖို့အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး − အထိအခိုက်တွေကလည်း တော်တော်များနေပြီဆိုတော့ ဒါတွေက ဘယ်လောက်ထိ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် ဖြစ်လာနိုင်မလဲ။
ဖြေ − အမြန်ဆုံးနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးချင်ပေမဲ့လည်း တချို့နေရာတွေမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ တချို့ကိစ္စတွေက တော်လှန်ရေးကာလအတွင်းမှာ ဆောင်ရွက်ရတာတွေ ရှိသလို တချို့တွေကလည်း တော်လှန်ရေးအလွန်မှာ ဆောင်ရွက်ရတာတွေ ရှိပါလိမ့်မယ်။ ဒီတော်လှန်ရေးကာလမှာတော့ အကန့်အသတ်တစ်ခုနဲ့ ဆောင်ရွက်နိုင်မယ်ဆိုတာကိုတော့ ပြည်သူတွေအားလုံး နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။
မေး − ဒလန်ဆိုပြီးတော့ လူမှားပြီး သတ်ဖြတ်ခံရတာတွေကို NUG ရဲ့ ဝန်ကြီးဌာနအနေနဲ့ ဘာလုပ်ထုံးလုပ်နည်းတွေ ရှိပါသလဲ။ မှားယွင်းမှုတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းနေပါသလဲ။
ဖြေ − နိုင်ငံတကာရဲ့ စစ်ရေးဆိုင်ရာ ဥပဒေမှာကော လုပ်ထုံးလုပ်နည်းတွေမှာပါ စစ်ရေးဆိုင်ရာ ပစ်မှတ်တစ်ခုလို့ သတ်မှတ်ပြီးတော့ တိုက်ခိုက်တော့မယ်ဆိုရင် သူ့ရဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ အစွန်းနှစ်ဖက်ကို ရှောင်ဖို့ လိုပါတယ်၊ တချို့က အရပ်ဝတ် ဝတ်ထားပေမဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတယ်ဆိုရင်တော့ ဒါက စစ်ရေးအရ အရေးယူတာမျိုးလည်း ဖြစ်နိုင်သလို ဒါပေမဲ့ ကိုယ်နဲ့ အယူအဆမတူဘူးဆိုတိုင်း ဒါမှမဟုတ် ကိုယ့်ကို မထောက်ခံဘူးဆိုတိုင်း ရန်သူတစ်ဦးလို့ သတ်မှတ်ဖို့ စစ်ရေးပစ်မှတ်တစ်ခုလို့ သတ်မှတ်မှု မလုပ်ဖို့ အင်မတန်မှ လိုပါတယ်။ ဒါကြောင့် စစ်ရေးပစ်မှတ်တစ်ခု သတ်မှတ်ရတော့မယ်ဆိုရင် တစ်ဦးတစ်ယောက်ကနေပြီးတော့ ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ တကယ့်ကို သက်သေတွေနဲ့ အဖွဲ့တစ်ခုဖွဲ့စည်းပြီး ဆုံးဖြတ်ပြီးတော့မှ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ဆောင်ရွက်ဖို့၊ သတ်မှတ်ဖို့ ညွှန်ကြားထားပါတယ်။ PDF တွေကလည်း ပူးပေါင်းပါဝင်မှုရှိလာတာကို ကျွန်တော်တို့တွေ့နေရပါတယ်။
မေး − စနစ်ဆိုး ရပ်နိုင်ဖို့ NUG အနေနဲ့ ဘယ်လောက်ထိ လုပ်နိုင်မလဲ။
ဖြေ − ဘယ်အချိန်မှာ တိုက်ပွဲပြီးနိုင်မလဲဆိုတာကတော့ ပြည်သူတွေအားလုံးရဲ့ ညီညွတ်မှုတွေ စည်းလုံးမှုတွေ အားစိုက်မှုတွေရယ် ပိုပြီးအားကောင်းလာရင်တော့ ပိုပြီးမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက်ပိုင်းလပိုင်းအတွင်းမှာ ပြီးသွားနိုင်တဲ့ တော်လှန်ရေးမျိုးမဟုတ်ဘူး။ ဒါပေမဲ့ မကြာခင်ကာလအတွင်းမှာဆိုရင် အဖြူအမဲကွဲမဲ့ အနေအထားမျိုးတော့ ဖြစ်လာနိုင်ပါတယ်။ လွယ်လွယ်ကူကူတော့ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ အားစိုက်မှုတွေ၊ အားထုတ်မှုတွေ လိုအပ်မှာဖြစ်ပါတယ်၊ ဒါဟာလည်း တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ညံ့လို့မဟုတ်ဘူး၊ အားနည်းနေလို့မဟုတ်ဘူး၊ ရန်သူဟာ သေသေချာချာ ပြင်ဆင်မှုတွေ ပြုလုပ်ထားလို့ဖြစ်ပါတယ်။
ဥပမာပြောရရင်
CDM လှုပ်ရှားမှုတွေဟာ တကယ့်ကို အားကောင်းတဲ့လှုပ်ရှားမှုတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ စစ်ကောင်စီဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဝန်ထမ်းယန္တရားတွေထဲမှာ စစ်တပ်က ပုဂ္ဂိုလ်တွေ ထည့်သွင်းထားပါတယ်။ ဒါတွေဟာ သူတို့အာဏာကို နှစ်ပေါင်းများစွာ ဆုပ်ကိုင်နိုင်ဖို့ ပြင်ဆင်မှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီယန္တရားတစ်ခုဟာ ဆက်လက်ပြီးတော့ လည်ပတ်လို့ရသွားတာဖြစ်ပါတယ်၊ ဒါပေမဲ့ ခုထိလည်း ယန္တရားဟာ လုံးဝကြီး ပြန်လည်ပြီးတော့ နာလန်ထူနိုင်တဲ့အနေအထားမရှိဘူး၊ ကာလတိုအတွင်းမှာလည်း ဖြစ်လာစရာအကြောင်းလည်း မရှိပါဘူး။
ခရီးတစ်ခုလည်း ရောက်နေပြီဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့ အင်အားရှိရှိနဲ့ တောင့်ခံထားဖို့ လိုပါတယ်၊ လာမဲ့အနာဂတ်မှာ ဆုံးဖြတ်ပေးသွားမှာကတော့ ကျွန်တော်တို့ရဲ့ စည်းလုံးမှုနဲ့ တောင့်ခံနိုင်စွမ်းအားပဲ ဖြစ်ပါတယ်။
မေး − ကမ္ဘာ့အခင်းအကျင်းကို ပြန်ကြည့်ရင်လည်း နိုင်ငံခြားသားတွေကို ဖိတ်ခေါ်ပြီး တိုက်ခိုက်နေပါတယ်၊ ဒီလိုအကူအညီယူတာကို NUG အနေနဲ့ ဘယ်လိုမြင်သလဲ။
ဖြေ − ကျွန်တော်တို့ဆီမှာတော့ လူအင်အားက အလုံအလောက်ရှိပြီးသားပါ၊ လိုအပ်တာက လက်နက်ဖြစ်နေတာပါ။ ဒါက စစ်ရေးတစ်ဖက်တည်းကနေ ပြောတာပါ။ အခု နိုင်ငံတကာက ကူညီလာနိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့နေရာမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာပဲရှိနေဖို့ ကိစ္စရပ်ကတော့ အရေးကြီးပါတယ်။ နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုတွေ မပါဝင်တဲ့ အကူအညီမျိုးတွေဆိုရင်တော့ ကျွန်တော်တို့ ရယူသွားဖို့ရှိပါတယ်။
မေး − လိုအပ်တဲ့လက်နက်တွေ ထောက်ပံ့ပေးနိုင်ဖို့ ခရီးက ဘယ်အထိရောက်နေပြီလဲ။
ဖြေ − လက်နက်ရရှိဖို့ဆိုတာကလည်း ရန်ပုံငွေရရှိမှုအပေါ်မှာ တိုက်ရိုက်အချိုးကျနေတာဆိုတော့ ကျွန်တော်တို့မျှော်မှန်းထားတဲ့ အနေအထားရောက်ဖို့ဆိုရင်တော့ ဆက်လက်ပြီးတော့ များစွာ ဖြည့်တင်းရအုံးမယ်ဆိုတဲ့ အနေအထားမျိုးမှာရှိပါတယ်။ ထို့အတူပဲ လက်နက်တွေ အပြည့်အစုံရအောင် ဝယ်ယူရေးဘက်က ကြိုးစားနေသလို အခုဆိုရင်လည်း ဒေသအလိုက်ထုတ်လုပ်မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေ၊ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်တာတွေ၊ ထုတ်လုပ်ရေးပစ္စည်းပိုင်းတွေ ရရှိအောင်လုပ်တာတွေ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ စီစဉ်နေပါတယ်။
လက်နက်နဲ့ ပတ်သက်ရင် အခု ယူကရိန်းကို ပေးလိုက်တဲ့အကူအညီဆိုရင် ဒေါ်လာ သန်းရာဂဏန်း တော်တော်ကြီးကြီးမားမားအထိ ရှိပါတယ်။ ဒါပေမဲ့ NUG ရဲ့ ရန်ပုံငွေရရှိမှုကို ကြည့်မယ်ဆိုရင် အားလုံးသိတဲ့အတိုင်း သန်းဆယ်ဂဏန်းလောက်ပဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက်ကတော့ ရှိတဲ့အရင်းအမြစ်တွေနဲ့ ဘယ်လိုပဲရှိရှိ အကောင်းဆုံးလုပ်သွားဖို့အတွက် စီစဉ်ထားပြီးသား စဉ်းစားထားပြီးသား ဖြစ်ပါတယ်။ မဟာဗျူဟာမြောက်တဲ့ နေရာတွေကို အကောင်းဆုံး ဘယ်လိုရောက်မလဲဆိုတဲ့ အစီအမံတွေပြုလုပ်ပြီးတော့ ပို့တာတွေရှိသလို ဒေသတွင်းမှာ ကောင်းမွန်တဲ့ ထုတ်လုပ်မှုတွေရှိတဲ့သူတွေနဲ့ ချိတ်ဆက်ပြီးတော့လည်း ကာကွယ်ရေးပစ္စည်းတွေကို ထုတ်လုပ်ရေးမှာ အကောင်းဆုံးထုတ်နေတာတွေလည်း ရှိပါတယ်။
မေး − ယူကရိန်းကို အနောက်နိုင်ငံတွေက လက်နက်ကအစ ထောက်ပံ့တာ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေအဆုံး တော်တော်လေးကို ပြင်းပြင်းထန်ထန်တုံ့ပြန်တာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံကိုကော ဒီလို ထိရောက်တဲ့အကူအညီနဲ့ တုံ့ပြန်မှုမျိုးရနိုင်ဖို့ NUG အနေနဲ့ ဘာများလုပ်နိုင်မလဲ၊ လုပ်ပေးနိုင်သလဲ။
ဖြေ − နိုင်ငံတကာရဲ့ မျက်နှာစာမှာကျတော့ ယူကရိန်းနဲ့ မြန်မာနိုင်ငံက တော်တော်လေးကို ခြားနားမှုရှိနေတယ်ဆိုတာ တွေ့နိုင်ပါတယ်၊ ပထဝီအနေအထားအရလည်း ကျွန်တော်တို့ဟာ အနောက်နိုင်ငံတွေနဲ့ ချိတ်ဆက်နေတာမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က ကုလသမဂ္ဂမှာ ဗီတိုအာဏာသုံးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ပဲ ထိစပ်မှုရှိနေတာပါ။ အခုဖြစ်နေတာက ကျွန်တော်တို့ရဲ့အနေအထားဟာ ပြည်တွင်းရေးဆိုတာမျိုးပဲ ဖြစ်နေသလို
ယူကရိန်းကိစ္စမှာတော့ ဒီကျူးကျော်မှုကနေတစ်ဆင့် ကမ္ဘာကြီးရဲ့ အာဏာနဲ့ ပတ်သက်တဲ့ လာရာလမ်းကြောင်းတွေ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိတယ်ပေါ့၊ ဒါကြောင့် ဒီအပေါ်မှာလည်း တုံ့ပြန်မှုက မတူနိုင်တာမျိုးရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့အတွက် အားငယ်စရာ၊ အားလျော့စရာ ကိစ္စမျိုးမဟုတ်ပါဘူး။
ယူကရိန်းသမ္မတကိုယ်တိုင်က သူတို့နိုင်ငံရဲ့ ပြည်သူတွေအားသာလျှင် အဓိကဖြစ်တယ်ဆိုတာ ထုတ်ပြောခဲ့တာ ရှိပါတယ်။
နိုင်ငံတကာပိတ်ဆို့မှုတွေလည်း အရင်ထက်ပိုပြီးတော့ အားကောင်းလာပေမဲ့ အခုအနေအထားမှာတော့ မလုံလောက်သေးပါဘူး။ နိုင်ငံတကာရဲ့ အာဏာချိန်ခွင်လျှာညှိတဲ့အပေါ်မှာလည်း ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ်၊ ထိရောက်တဲ့ ပိတ်ဆို့မှုတွေ အရေးယူမှုတွေ ဖြစ်လာနိုင်ဖို့လည်း NUG အစိုးရတစ်ခုလုံးက မြှင့်တင်ပြီး ဆောင်ရွက်နေပါတယ်။
မေး − ယူကရိန်းအရေးနဲ့ ပတ်သက်ပြီးတော့ ဘာသင်ခန်းစာတွေများရခဲ့သလဲ။
ဖြေ − ယူကရိန်းပြည်သူတွေနဲ့ ခေါင်းဆောင်တွေ ညီညွတ်မှုအားကောင်းတယ်ဆိုတာမျိုးကို တွေ့ရမယ်၊ နောက်တစ်ခုက နိုင်ငံတကာကအကူအညီတွေ မရသေးခင်မှာ သူတို့ခေါင်းဆောင်တွေက ကိုယ့်ရဲ့ ပြည်တွင်းအားကို အဓိကထားသုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပေါ့နော်။ နောက်တစ်ခုကတော့ ပြည်သူတွေအားလုံးက ဘယ်လိုနည်းနဲ့ ပါဝင်လို့ရမလဲပေါ့၊ အသက် ၈၀ အဖိုးကြီးတွေလည်းပါတယ်၊ ဘောလုံးသမားလည်းပါတယ်၊ သရုပ်ဆောင်တွေလည်းပါတယ်၊ ပြီးတော့ သူဌေးတွေလည်းပါတယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ ပတ်သက်ရင်လည်း ဆိုရှယ်မီဒီယာတွေသုံးပြီးတော့ သတင်းပေးပို့တင်ဆက်မှု ကောင်းကောင်းမွန်မွန်လုပ်သွားနိုင်တာကို တွေ့ရတယ်။ ဒါတွေဟာ အတုယူစရာတွေဖြစ်တယ်။
ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေဟာ ယူကရိန်းထက် ညံ့နေတာမျိုးတော့ မဟုတ်ပါဘူး။ ပေးထားချက်တွေ မတူညီတဲ့ အနေအထားမျိုးမှာပါ။
ဘာလို့လဲဆိုတော့ သင်္ချာပုစ္ဆာတစ်ခုမှာ ပေးထားချက်တွေမတူတဲ့အခါမှာ အဖြေရှာတဲ့အခါမှာလည်း မတူပါဘူး။ ပေးထားချက်တွေ လွယ်ကူတဲ့အခါမှာ တွက်ရချက်ရလွယ်ကူသလို ပေးထားချက်က ရှုပ်ထွေးတယ်ဆိုရင်တော့ တွက်ရချက်ရတာ အချိန်ယူရတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားဟာ ပိုပြီးတော့ ရှုပ်ထွေးသလို ပိုမိုပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားဟာ နှစ်ပေါင်းများစွာတည်းက ဖြစ်ပွားလာခဲ့တဲ့ ကိစ္စရပ်တွေမှာမူတည်ပြီးဖြစ်နေတဲ့ ကိစ္စရပ်တွေ အများကြီးရှိတယ်။ စစ်အာဏာရှင်ကို နှိမ်နင်းရုံနဲ့တင် မပြီးဘဲနဲ့ ဆက်လက်ပြီးတော့ အနာဂတ်နိုင်ငံ ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ယုံကြည်မှုတည်ဆောက်ရတဲ့အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ဒီတော်လှန်ရေးတစ်ခုတည်းမှာ ဒီလိုကိစ္စရပ်တွေအများကြီး ဆောင်ရွက်နေတာဖြစ်သလို ပြည်သူတွေကို နှိပ်စက်နေတဲ့ စစ်ကောင်စီကလည်း ဒါတွေနဲ့ ပတ်သက်ရင် အသေအချာပြင်ဆင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပိုမိုအားစိုက်ရမှုတွေ လိုအပ်လာနိုင်သလို ပိုပြီးစည်းလုံးမှု၊ ပိုပြီးညီညွတ်မှုနဲ့ ပိုပြီးနားလည်မှုတွေလည်း လိုအပ်ပါမယ်ဗျ။
အခုဆိုရင် ယူကရိန်းကို အားကျကြတယ်လို့ ပြောကြတယ်၊ ယူကရိန်းက ရင်ဆိုင်ရတာ ရက်ပိုင်းပဲရှိသေးတယ်၊ ယူကရိန်းကပြည်သူတွေ တောင့်ထားတာ ရက်ပိုင်းပဲရှိပါသေးတယ်၊ ကျွန်တော်တို့ပြည်သူတွေ တောင့်ခံထားနိုင်တယ်ဆိုတာ တစ်နှစ်ကျော်လာပါပြီ။ တော်လှန်ရေးတချို့က ကြာတဲ့သမိုင်းတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် အမေရိကန်တော်လှန်ရေးဆိုရင် ၈ နှစ်လောက် ကြာခဲ့ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့ နောက်ထပ် ၇ နှစ် ၈ နှစ် ကြာသွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်ကြံ့ကြံ့ခံပြီးတော့ တောင့်ခံထားဖို့လိုတယ်။ ၁၈ ရာစုက အမေရိကန်နိုင်ငံသားတွေ လုပ်နိုင်ခဲ့တာကိုတော့ ၂၁ ရာစုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ လုပ်နိုင်မယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။ ဒီလိုယုံကြည်မှုမျိုးလည်း အားလုံးမှာရှိမယ်ဆိုရင် အောင်မြင်ပါမယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)