ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် တိုက်ပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံက စစ်သားတွေကို ရုရှားက ခေါ်ယူ တိုက်ခိုက်စေတာဟာ မြောက်ကိုရီးယားကို စစ်တိုက်နည်း သင်ပေးနေတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား စစ်သား ၃၀,၀၀၀ အထိ ရုရှားက ထပ်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ စနေနေ့ ညစဉ်မိန့်ခွန်းမှာ ဇယ်လန်းစကီးက ပြောပါတယ်။
“ဒါဟာ ယူကရိန်းတစ်ခုတည်းအတွက်တင် ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ရုရှားဟာ မြောက်ကိုရီးယားကို စစ်ပွဲဆင်နွှဲနည်း၊ သူတို့ရဲ့လက်နက်တွေကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နည်းနဲ့ အဲဒီလက်နက်တွေကို အသုံးပြုရာမှာ လက်တွေ့ တိုက်ပွဲဝင်အတွေ့အကြုံတွေ ရရှိစေဖို့ ကူညီပေးနေတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားကို ကူညီဖို့ ဒုံးကျည်ပစ်စင်တွေကိုလည်း မြောက်ကိုရီးယားက ပို့ပေးဖို့ စီစဉ်နေတာကြောင့် “ဒါတွေအားလုံးဟာ မြောက်ကိုရီးယား ဒုံးကျည်တွေရဲ့ ပစ်ခတ်မှုအကွာအဝေးအတွင်းမှာရှိတဲ့ အာရှဒေသတွင်းက လူတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်” လို့လည်း ဇယ်လန်းစကီးက ပြောပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ နှစ်နိုင်ငံ အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ၊ စစ်အင်ဂျင်နီယာတွေပါဝင်တဲ့ အင်အား ၂၀,၀၀၀ လောက်ကို ၂၀၂၄ ခုနှစ်အတွင်း ရုရှားရဲ့ ကာ့စ် (Kursk) ဒေသကို စေလွှတ်ခဲ့ပြီး လက်ရှိမှာတော့ မြောက်ကိုရီးယားစစ်သည် ၁၄,၀၀၀လောက် ရှေ့တန်းစာမျက်နှာမှာ တပ်ဖြန့်ထားတယ်လို့ The Japan Times သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချို ဆွန်ဟီးဟာ ရုရှားနိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ရုရှား−မြောက်ကိုရီးယား နှစ်နိုင်ငံ ဒီလိုပူးပေါင်း လှုပ်ရှားမှုတွေကြောင့် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ကူညီရန်ဖို့ စစ်သည်အင်အား သောင်းနှင့်ချီ မြောက်ကိုရီးယားက ထပ်ပြီး ပို့ပေးမယ့်သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီသတင်းအချက်အလက်သာ မှန်မယ်ဆိုရင် ရုရှား−မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာမှာဖြစ်ပြီး ရုရှား−ယူကရိန်း ပဋိပက္ခမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုဟာလည်း ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်ခင်ဗျား။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



