သတင်း

မန္တလေးတွင် နိုင်ငံရေးအမှုလိုက်ရှေ့နေတစ်ဦး ဖမ်းဆီးခံရ

မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းအထူးတရားရုံးတွင် နိုင်ငံရေးပုဒ်မနှင့် တရားစွဲခံထားရသူတို့၏ အမှုများ လိုက်ပေးနေသော ရှေ့နေတစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇန်နဝါရီ၂၂) ညနေတွင် ဖမ်းဆီးလိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီတပ်သားတို့က ပုသိမ်ကြီးမြို့နယ် ကျီကုန်းကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် ရှေ့နေ ဦးဝင်းကျော်စိုး၏ နေအိမ်ကို ရောက်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးရှေ့နေတစ်ဦးက ပြောသည်။

“ဖမ်းခံလိုက်ရတာ သေချာပါတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အခု စစ်ကြောရေးမှာလို့ ကြားနေရတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်ထောက်ခံရေး တယ်လီဂရမ်ချန်နယ်များတွင် သူ့ကို အကြမ်းဖက်တရားခံများ လွတ်မြောက်ရေး အကျိုးဆောင်ပေးနေသဖြင့် ဖမ်းဆီးသင့်ကြောင်း ဖော်ပြခဲ့ကြပြီး ရက်ပိုင်းအတွင်း ထိုသို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ မတ်လအတွင်းက အိုးဘိုထောင်တရားရုံးမှ အပြန် ဦးဝင်းကျော်စိုးကလူမှုကွန်ရက်တွင် ရေးသားခဲ့သော အကြောင်းအရာများကိုလည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဦးဝင်းကျော်စိုးက အိုးဘိုထောင်တရားရုံးတွင် လက်နက်ကိုင်စစ်သားများ၏ ခြိမ်းခြောက်ခြင်းကို ခံနေရသော်လည်း မကြောက်ရွံ့ဘဲ ရှေ့နေလိုက်ပေးနေသည်ဟု ရေးသားခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် စာမျက်နှာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

“အဲဒါတင်ခဲ့တာဆိုရင် ၂၀၂၁ အာဏာစသိမ်းပြီးကတည်းကပါ။ သူတို့ဖမ်းချင်လို့ကို ရှေးကကိစ္စတွေကို ရှာပြီးကို အရေးယူတာ။ အခု ရှေ့နေတွေဘက်ကို လှည့်လာတဲ့သဘောပေါ့နော်။ ကျွန်မတို့လည်း ရှောင်နေကြရတယ်” ဟု အထက်ပါရှေ့နေက ဆက်ပြောသည်။

ထို့နောက် ယမန်နေ့ညကတည်းက စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရှေ့နေ ဦးဝင်းကျော်စိုးကို ဖမ်းမိပြီဖြစ်ကြောင်း ရေးသားဖော်ပြထားကြသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဦးဝင်းကျော်စိုးကို ဖမ်းဆီးရမိကြောင်း တင်ထားစဉ်။

ဦးဝင်းကျော်စိုးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မန္တလေးမြို့တွင် နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ရှေ့နေ ဒေါ်ရွက်နုအောင်ကိုလည်း စစ်ကောင်စီတပ်သားတို့က ၂၀၂၂ ဧပြီ ၂၈ တွင် ဖမ်းဆီးခဲ့သည်။ ရှစ်လအကြာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားသည်။

စစ်ကောင်စီက အစိုးရခေါင်းဆောင်များ၊ ရှေ့နေများအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်သူ အများအပြားကို ပုဒ်မမျိုးစုံဖြင့် စွပ်စွဲအမှုဖွင့်ကာ ထောင်ချနေသည်။

မကြာသေးခင်ကလည်း စစ်ကောင်စီက ၎င်းတို့ ထောက်ချောက်ဆင်ဖမ်းဆီးခဲ့သည့် မန္တလေးမြို့မှ NLD ပါတီဝင် LGBT တစ်ဦးကိုလည်း အကြမ်းဖက်မှု ပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ကာ အိုးဘိုထောင်၌ ချုပ်နှောင်ထားသည်။

၎င်း အဖမ်းမခံရမီ စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် အွန်လိုင်းတယ်လီဂရမ်စာမျက်နှာများက သူ့ကို ဆီဝယ်သူ ဟန်ဆောင်ကာ ဖမ်းဆီးသင့်ကြောင်း ရေးသားခဲ့ကြသည်။

ထိုသို့ လှုံ့ဆော်ရေးသားသူများနှင့် အမှန်တကယ်ဖမ်းဆီးသူများမှာ အတူတူပင်ဖြစ်ကြောင်း လေ့လာသူတို့က ယူဆနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button