သတင်း

စခန်းမီးရှို့ခံရသော ရိုဟင်ဂျာများကို လက်ခံရန် စစ်ကောင်စီ ငြင်းဆန်  

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်အနီး တိုက်ပွဲဖြစ်၍ စခန်းမီးရှို့ခံရပြီး မြန်မာနိုင်ငံဖက်သို့ ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်များကို စစ်ကောင်စီက  ပြန်ထွက်ခွာသွားကြရန် ဖိအားပေးနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ နှင့် ၁၈ တို့တွင် နယ်စပ်ခြံစည်းရိုးအနီး ZERO POINT ဟု ခေါ်သည့်နေရာ၌ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပြီး ထိုနေရာအနီး လူဦးရေ၂၀၀၀ ကျော် နေထိုင်သော စခန်း မီးရှို့ခံရသည်။

ထို့နောက် အများစုက နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၃၄ နှင့် ၃၅ ကို ဖြတ်ကျော်၍  ထွက်ပြေးလာ ကြရာ စစ်ကောင်စီက တောင်ပြိုမြို့နယ်ခွဲ၌ ခေတ္တခိုလှုံခွင့် ပေးခဲ့ပြီး နောက်တစ်နေ့ (ဇန်နဝါရီ ၁၉) တွင် ဝင်လာသည့်လမ်းအတိုင်း ပြန်စေခဲ့ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုက ဇန်နဝါရီ ၂၀ တွင် ပြောသည်။

တောင်ပြိုလက်(ဝဲ)မြို့နယ်ခွဲတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဗျူဟာမှ အရာရှိများနှင့် နယ်ခြားစောင့်ရဲများက ၎င်းဒုက္ခသည်များကို မြန်မာနိုင်ငံဘက်ခြမ်းတွင် နေထိုင်၍မရဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီမြန်မာဘက်ခြမ်းကို ထွက်ပြေးလာတဲ့လူတွေအားလုံး လာတဲ့လမ်းအတိုင်း မနေ့က ညနေ ၅ နာရီကျော် မှာ ပြန်ကျော်သွားကြပါတယ်။ ဒီဘက်က သူတို့ကို (ဒုက္ခသည်တွေကို) မခေါ် ဘူး။ မသွင်းဘူး ဆိုပြီးတော့ အဲဒီလိုပြောလိုက်တာပါ”ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

“တောင်ပြိုဗျူဟာက စစ်တပ်ကလည်းပါတယ်။ နယ်ခြားစောင့်တွေလည်းပါတယ်။ သူတို့က ဒုက္ခသည် တွေကို ဒီမှာ နေလို့မရဘူး။ မင်းတို့ပြန်သွားကြဆိုပြီးတော့ အဲဒီလိုပြောတယ်။ ပြီးတော့ ဟိုဘက်ခြမ်းက ရိုဟင်ဂျာတွေကို မေးကြည့်တော့ ဘင်္ဂလားနယ်ခြားစောင့်ရဲ BGB တွေကလည်း လာလို့ခေါ်တယ်လို့တော့ ပြောတယ်”

နှစ်နိုင်ငံကြား ထိုနေရာတွင် ၂၀၁၇ ပဋိပက္ခကြောင့် ထွက်ပြေးလာသူ ရိုဟင်ဂျာ ထောင်နှင့်ချီ ခိုလှုံ နေထိုင်နေပြီး စခန်းမီးရှို့ခံရ၍ ထိုနေရာနေထိုင်သူအများအပြား ထွက်ပြေးနေသည့် ရုပ်သံများ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

စခန်း မီးလောင်ပြီးနောက် တချို့က မြန်မာနိုင်ငံဘက်ထွက်ပြေး၍ တချို့က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးကြကြောင်း သိရသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းသို့ ရိုဟင်ဂျာ ၅၀၀ ခန့် ထွက်ပြေးလာကြောင်း တောင်ပြိုလက်(ဝဲ)မြို့နယ်ခွဲမှ ဒေသခံတစ်ဦးက မြင်တွေ့ခဲ့ရပုံကို ပြောသည်။

“ဒီဘက်ခြမ်းကိုရောက်လာတဲ့ ဒုက္ခသည်က အနည်းဆုံး ၄၀၀၊ ၅၀၀ ဝန်းကျင်လောက်ရှိတယ်။ ထောင်နဲ့ ချီတယ်လို့ ပြောတာမဟုတ်ပါ။ ဘာလို့လဲဆို‌တော့ ထွက်ပြေးကြတဲ့အချိန်မှာ အားလုံးက ဒီဘက်ကို မရောက်ဘူး။ တချို့တစ်ဝက်လောက်ပဲ ရောက်လာကြတာ။ ကျန်တဲ့လူတွေက အဲဒီဘက်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီကို ပြေးကြတယ်လို့ ဒီဘက်ကိုရောက်လာကြတဲ့သူတွေက ပြောတယ်”ဟု ထိုမျက်မြင်ဒေသခံက ပြောသည်။

မီးရှို့ခံခဲ့ရသော Zero Point က ဒုက္ခသည်စခန်းအတွင်း ကျန်ရှိနေသေးသော တဲအိမ်တချို့မှာလည်း ဇန်နဝါရီ ၂၀ နံနက်တွင် ထပ်မံမီးရှို့ခံရကြောင်း ထိုမျက်မြင်က ပြောသည်။

“တောင်ပြိုဘက်ကို အဲဒီနေ့ မနက်ပိုင်းမှာသွားကြည့်တော့ အဲဒီ ဇီးရိုးပွိုင့်မှာ မီးမလောင်ဘဲ ကျန်ရှိနေတဲ့ တဲအိမ်တွေကို ထပ်ပြီးတော့မီးရှို့တယ်ထင်တယ်။ မီးထပ်လောင်နေတာတွေ့ရတယ်”ဟု သူက ဇန်နဝါရီ ၂၀ က ဆိုသည်။

တိုက်ပွဲဖြစ်သော ထိုနေရာသည် “No man’s land” Zone ဟု သတ်မှတ်ကာ နှစ်နိုင်ငံ စစ်ရေးလှုပ်ရှားခြင်း၊ သွားလာခြင်းကန့်သတ်ထားသော နယ်မြေဖြစ်ပြီး အဆိုပါဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ဝန်းကျင် ခန့် နေထိုင်နေကြသည်မှာ ၄ နှစ်ကျော် ရှိပြီဖြစ်သည်။

ရခိုင်ပြည်မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ်အတွင်း ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ARSA လက်ချက် ဟု စွပ်စွဲကာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့၍ ရိုဟင်ဂျာသိန်းချီ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ရ ပြီး တချို့မှာ အထက်ပါနေရာတွင် ခိုလှုံနေထိုင်ခဲ့ကြခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button