သတင်း

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တိုက်ပွဲဖြစ်ပြီး ရိုဟင်ဂျာစခန်း မီးရှို့ခံရ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး ဒုက္ခသည်စခန်း မီးရှို့ခံရကြောင်း ထိုစခန်းအနီးရှိ ဌာနဆိုင်ရာဝန်ထမ်းတချို့ထံမှ သိရသည်။ 

ဇန်နဝါရီ ၁၇ နှင့် ၁၈ တို့တွင် နယ်စပ်ခြံစည်းရိုးအနီး ZERO POINT ဟု ခေါ်သည့် နေရာ၌ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သံများကို ယမန်နေ့ ညနေအထိ ကြားနေရကြောင်း မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ အမည်မဖော်လိုသော ရဲတစ်ဦးက ပြောသည်။

“တိုက်ပွဲက ဇီးရိုးပွိုင့်နားမှာ ဖြစ်တာ။ ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ စဖြစ်တယ်။ နောက်ထပ် ၁၈ ရက်နေ့ မိုးလင်း အရုဏ်ကနေ ညနေပိုင်းအထိ တစ်ရက်လုံးဖြစ်တယ်။ ဘယ်လိုဖြစ်ကြတယ်ဆိုတာကိုတော့ အတိအကျ မသိရဘူး။ အသံပဲ ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတော့ ဒီဘက်က နယ်ခြားစောင့်ရဲတွေကလည်း အသင့်အနေအထားမျိုး လုပ်ထားရတယ်” ဟု ထိုရဲက ဆိုသည်။

နှစ်နိုင်ငံကြား ထိုနေရာတွင် ၂၀၁၇ ပဋိပက္ခကြောင့် ထွက်ပြေးလာသူ ရိုဟင်ဂျာ ထောင်နှင့်ချီ ခိုလှုံနေထိုင်နေပြီး စခန်းမီးရှို့ခံရ၍ ထိုနေရာနေထိုင်သူအများအပြား ထွက်ပြေးနေသည့် ရုပ်သံများ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။

ယင်းရုပ်သံဖိုင်တွင် ရိုဟင်ဂျာတစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်ခြားစောင့်ရဲ၊ စစ်တပ်ပူးပေါင်းအဖွဲ့၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် မီးလောင်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုနေသည်ကို တွေ့ရသည်။

“ဇီးရိုးပွိုင့်မှာရှိတဲ့ ဒုက္ခသည်စခန်းကို လောင်ချာနဲ့ ပစ်ပြီးတော့ မီးရှို့ပစ်လိုက်ကြတယ်။ ဗမာပြည်ကလည်း ငါတို့ကို ဒုက္ခသည်တွေဖြစ်အောင် လုပ်လိုက်ကြသလို အခုလည်း ထပ်ပြီးတော့ ဒုက္ခသည်ဖြစ်အောင် လုပ်နေကြတယ်။ လူတွေအားလုံး ဘယ်ကို သွားကြတာလဲ ကြည့်ပါ။ အားလုံး ဗမာပြည်ဘက်ကို ပြန်ဝင်နေကြတာပါ” ဟု ပြောနေသည်ကို တွေ့ရသည်။ 

အဆိုပါ ရိုဟင်ဂျာစခန်း မီးလောင်မှုမှာ ARSA လက်ချက်ဖြစ်သည်ဟု သတင်းများထွက်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောစ့်ဘာဇားခရိုင်၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ရိုဟင်ဂျာအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဘယ်လိုကြောင့် မီးလောင်မှုဖြစ်တယ်ဆိုတာကို မသိရဘူး။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်ကြတယ်လို့ ပြောတယ်။ ပြီးတော့ သတင်းထွက်နေတာက ARSA အဖွဲ့က မီးရှို့လိုက်တာလို့ သတင်းထွက်နေပေမဲ့ ဟုတ်မဟုတ် ကျွန်တော်တို့လည်း အတိအကျမသိဘူး” ဟု ထိုသူက ဆိုသည်။

အွန်လိုင်းပေါ် ပျံ့နှံ့နေသော ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း။

တိုက်ပွဲဖြစ်သော ထိုနေရာသည် “No man’s land” Zone ဟု သတ်မှတ်ကာ နှစ်နိုင်ငံ စစ်ရေးလှုပ်ရှားခြင်း၊ သွားလာခြင်း ကန့်သတ်ထားသော နယ်မြေဖြစ်ပြီး အဆိုပါဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ဝန်းကျင်ခန့် နေထိုင်နေကြသည်မှာ ၄ နှစ်ကျော် ရှိပြီဖြစ်သည်။

စခန်းမီးရှို့ခံရမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များစုမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီး အနည်းစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း၊ မြန်မာဘက်မှ ဌာနဆိုင်ရာများက ကူညီမည်ဟု မျှော်လင့်ကြောင်း အထက်ပါ ထိုရိုဟင်ဂျာအမျိုးသားက ပြောသည်။

“အဲဒီဒုက္ခသည်တွေက မြန်မာနိုင်ငံဘက်ခြမ်းကို ရောက်သွားကြပါပြီ။ မြန်မာနိုင်ငံဘက်ကို ရောက်သွားရင် ပြန်လည်လက်ခံရေးစခန်းမှာ လက်ခံလိုက်ရင် ပြီးသွားပြီလေ” ဟု သူက ဆိုသည်။

မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ထိုနေရာရှိ ရိုဟင်ဂျာများ မြန်မာနိုင်ငံထဲ ဝင်ရောက်လာသည်မှာ ဟုတ်မှန်သော်လည်း စခန်းမီးရှို့ခံရသည့်အတွက် ယာယီထွက်ပြေးလာခြင်းသာဖြစ်သည်ဟု ပြောသည်။

“တိုက်ပွဲဖြစ်လို့ စခန်းမီးတိုက်ခံရလို့ ထွက်ပြေးလာကြတာ ထင်ပါတယ်။ သူတို့ (ရိုဟင်ဂျာ) တွေက အခု တောင်ပြိုဘက်မှာ ယာယီခိုလှုံနေကြတယ်လို့ သိရတယ်” ဟု ထိုသူက ဆိုသည်။

ထိုနေရာ တိုက်ပွဲဖြစ်သည်နှင့် ပတ်သက်၍ ရခိုင်ဒေသအတွင်း အခြေစိုက်သော စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ခြင်း မရှိသေးပေ။ ထိုနယ်စပ်ဒေသတွင် ရက္ခိုင့်တပ်တော် (AA) လည်း လှုပ်ရှားနေသည်။

ရခိုင်ပြည်မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ်အတွင်းက ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ARSA လက်ချက်ဟု စွပ်စွဲကာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့၍ ရိုဟင်ဂျာသိန်းချီ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ထိုစဉ်က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်အထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button