သတင်း

စစ်ကိုင်းမြို့နယ်အတွင်း ဝင်မွှေနေသည့်စစ်တပ်က ရွာနှစ်ရွာကို မီးထပ်ရှို့

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့ (ဒီဇင်ဘာ ၂၈) တစ်ရက်တည်းတွင် ကျေးရွာနှစ်ရွာကို မီးထပ်ရှို့သွားကြောင်း ဒေသခံများက ပြောသည်။

အင်အား ၅၀ ခန့်ရှိ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ သည် ဒီဇင်ဘာ ၂၇ တွင် ဧရာဝတီမြစ်ကမ်းဘေး ရွာသစ်ကြီးရဲစခန်းမှတစ်ဆင့် မြစ်ရိုးတစ်လျှောက် ခြေလျင်စစ်ကြောင်းထိုး၍ မြင်းဆည်နှင့် သုံးလင့်ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ကိုင်းမြို့နယ်ဒေသခံက ပြောသည်။ 

မြင်းဆည်ရွာမှ အိမ်ခြေ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး သုံးလင့်ကျေးရွာမှ ရွာအနောက်ခြမ်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး အရေအတွက်ကိုအတည်မပြုနိုင်သေးသော်လည်း တိုက်အိမ်အများစုပါ သွားကြောင်း ထိုဒေသခံက ပြောသည်။

“သူမနိုင်ဘူးဆိုတဲ့ နယ်မြေဖျက်ဆီးမှာပဲ။ လူအသွင်သဏ္ဍန်သာရှိနေတော့ လူ့အသိဉာဏ်တောင် ပါလာ ကြဟန် မတူဘူး” ဟု တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးရှိုခြင်းအပေါ် စစ်ကိုင်းဒေသခံက မှတ်ချက်ပြုသည်။

စစ်ကြောင်းဝင်လာချိန်မှစ၍ မြစ်ရိုးတစ်လျှောက်ရှိ မြင်းဆည်နှင့် သုံးလင့်အပါဝင် မြစ်သာ၊ ဥယျာဉ်၊ လက်ပံတော၊ ကိုင်းပြင်နှင့် ကင်းတော်ရွာစသည့် ကျေးရွာ ၇ ရွာမှ ဒေသခံများထွက်ပြေးနေရကြောင်း လည်း သူက ပြောသည်။

စစ်ကောင်စီတပ်သားများ ကျေးရွာများကို မဝင်ရောက်မီ ဒီဇင်ဘာ ၂၇ တွင် မြစ်သာနှင့် ဥယျာဉ်ရွာကြားကို လက်နက်ကြီးနှင့် အကြောင်းမဲ့ ပတ်ခတ်သလို ဒရုန်းတစ်စီးဖြင့် အီနာဂါဗုန်းတစ်လုံးချခဲ့သည်ဟု အမည်မဖော်လိုသည့် နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

ဒေသခံတို့ပြောင်းရွှေ့စဉ် ဒရုန်းဖြင့်ဗုံးတစ်လုံး ကြဲချခဲ့သဖြင့် ထိခိုက်သူအချို့ရှိခဲ့သလို ယမန်နေ့က မြင်းဆည်ရွာကို မီးတင်ရှို့စဉ် အဖွားအိုတစ်ဦးမီးလောင်သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။ မီးရှို့ခံရသည့်ရွာ ပြန်ဝင်နေဆဲဖြစ်၍ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။

“တိုက်ပွဲမဖြစ်ဘဲနဲ့ ပစ်တာဗျ။ မီးရှို့တာကလည်း တိုက်ပွဲလုံးဝမဖြစ်ဘဲနဲ့ မီးရှိုတာ” ဟု ၎င်းက ဆိုသည်။ လာမည့်နှစ်အတွင်း စစ်ကောင်စီက ကျင်းပရန်ရည်ရွယ်နေသည့် ရွေးကောက်ပွဲအတွက် မန္တလေးနှင့် နီးကပ်နေပြီး စစ်ကိုင်းကို လုံးခြုံးရေးအရစိုးမိုးထားရန် ပြင်ဆင်လာခြင်းဖြစ်နိုင်သည်ဟု သူက မှတ်ချက်ပေးသည်။

မြင်းဆည်ရွာကို မီးရှိုနေချိန် ဒေသခံကာကွယ်ရေးအဖွဲ့များက ကာကွယ်တိုက်ခိုက်ရန် သွားရောက်သော် လည်း အနီးရှိကျေးရွာများသို့ ဆက်လက်ထွက်ခွားသွားကြောင်း၊ အခြားရွာများကို မီးမရှို့နိုင်ရန် ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မြင်းမူအခြေစိုက် တိုက်နယ်စွန် အမည်ရ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကြောင်း နောက်ပြန်လှည့်လာအောင်လို့ဆိုပြီးတော့ ဒီဘက်တပ်စိပ်နှစ်စိပ်က ညောင်ဝန်းစခန်းကို လက်နက်ကြီးတွေနဲ့ ထုခဲ့တယ်။ မဟာမိတ်အဖွဲ့တွေလည်း ပါတယ်။ ကျဆုံးခြင်းကတော့ အတိအကျ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။ 

စစ်ကိုင်းမြို့နှင့် မနီးမဝေးရှိ ရွာကြီးတစ်ရွာဖြစ်သော ဆားတောင်အနီး ညောင်ငုပ်တိုရွာတွင် ယခုလ ၁၀ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက စစ်ကြောင်းများထိုးနေခြင် ဖြစ်သည်။ 

ထိုတိုက်ပွဲအပြီး ဒီဇင်ဘာ ၂၁ တွင် စစ်ကောင်စီတပ်က ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှစ်ပါး၏ ဇာတိရွာ လင်းယဉ်အပါဝင် ကျေးရွာ ၅ ရွာကို မီးရှိုခဲ့ရာ နေအိမ် ၇၂၉ လုံးဆုံးရှုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ 

ထို့အပြင် ဒီဇင်ဘာ ၂၃ တွင် ဆားတောင်ရွာအနီး သိမ်ချောင်း၊ ထန်းတောကုန်း၊ ဂူကြီးကုန်ရွားများကို ဝင်ရောက်မီးရှို့သဖြင့် နေအိမ် ၉၀ ကျော်မီးလောင်ခဲ့သည်ဟု ၎င်းတိုက ဆိုသည်။ ယခုမီးရှိုသည်ဖြစ်စဉ် များနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။  

စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီလက်အောက်ခံတပ်သားများ၏ မီးရှို့မှုကြောင့် နိုင်ငံအနှံ့မှ ပြည်သူ့အိုးအိမ်ပေါင်း ၃၈,၀၀၀ ပျက်စီးခဲ့ရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN-OHCHR)က ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် ဒုက္ခသည်ပေါင်း ၁ ဒသမ ၁ သန်းသည်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button