သတင်း

ရွှေကျင်သာသနာပိုင် ဆရာတော်နှစ်ပါး၏ ဇာတိရွာကို စစ်တပ်က မီးရှို့ 

စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေသည့် စစ်တပ်က ယခုလ ၂၁ ရက်တွင် ရွှေကျင်သာသနာပိုင် ဆရာတော်နှစ်ပါး၏ ဇာတိရွာကို မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်တပ်က မီးရှို့ခဲ့သော မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ် ခက်ခဘူတာမှ လေးမိုင်အကွာရှိ လင်းယဉ်ရွာသည် ၉ ပါးမြောက် ရွှေကျင်သာသနာပိုင် ဘဒ္ဒန္တစန္ဒာဘိဝံသနှင့် ၁၄ ပါးမြောက် သာသနာပိုင် ဘဒ္ဒန္တအဂ္ဃိယ၏ ဇာတိရွာဖြစ်သည်ဟု ဒေသခံတို့က အတည်ပြုသည်။​

စစ်ကိုင်းမြို့နှင့် မနီးမဝေးရှိ ရွာကြီးတစ်ရွာဖြစ်သော ဆားတောင်အနီး ညောင်ငုပ်တိုရွာတွင် ယခုလ ၁၀ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီးနောက် ထိုဆရာတော်ကြီးများ၏ ဇာတိရွာ အပါအဝင် အနီးဝန်းကျင်ရှိ ရွာငါးရွာကို စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။​

“စကစက အာဏာတည်မြဲဖို့အတွက်ဆို ဘုရားပွင့်တဲ့နေရာဖြစ်ရင်တောင် မီးရှို့မှာပါ” ဟု အမည်မဖော်လိုသူ အထက်ပါ ဒေသခံက ဆိုသည်။

စစ်ကိုင်းမြို့နယ် မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စုရှိ လင်းယဉ်ရွာမှ အိမ် ၁၅၀၊ လင်းယဉ်ရွာသစ်မှ ၁၃၀၊ မိုးသောက်ရွာမှ ၂၅၀၊ ရှမ်းကုန်ရွာမှ ၁၄၈ နှင့် ကုန်ကြီးရွာမှ ၅၁ စုစုပေါင်း ၇၂၉ လုံး မီးလောင်ပြီး ဒေသခံ ၃၀၀၀ ကျော် တောတောင်ထဲ၌ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အဆိုပါကျေးရွာများမှာ ရှေးယခင်ကတည်းက ထင်ရှားစည်ကားသည့်ရွာများဖြစ်ကာ တစ်ရွာနှင့်တစ်ရွာ တစ်မိုင်ကျော်သာ ကွာဝေးပြီး လင်းယဉ်ငါးရွာဟု လူသိများကြောင်းလည်း ဒေသခံတို့က ဆိုသည်။​

စစ်ကြောင်းဝင်ထိုးစဉ် စစ်သားများက လင်းယဉ်ရွာမှ ဒေသခံ ၃ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်လိုက်ကြောင်း ဒေသခံတို့က ဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကြောင်းစဝင်ချိန်မှစ၍ ကျေးရွားငါးရွာမှ ဒေသခံအားလုံး တောတောင်ထဲသို့ တိမ်းရှောင်နေရပြီး ယနေ့ထက်တိုင် ရွာကို ပြန်မကြည့်နိုင်သေးကြောင်း၊ စစ်တပ် အသွားအလာသတင်းကို နားထောင်နေရကြောင်း လင်းယဉ်ရွာမှ အမည်မဖော်ပြလိုသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ 

“အခက်အခဲတွေရှိတာပေါ့။ သူတို့သတင်း နားထောင်နေရတာပဲ။ သူတို့ ဒီလမ်းက လာတယ်ဆိုရင် ပြေးရ၊ ဒီလမ်းကလာတယ်ဆိုရင် တိမ်းရပေါ့။ (မီးရှို့တဲ့အကြောင်းရင်း) မသိဘူး။ ကျွန်မတို့က ဘာမှမသိဘူး။ ကိုယ့်တောင်သူ ကိုယ်လုပ်စားနေတာပဲလေ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းယဉ်ရွာကို ယခုလ ၂၁ ရက်တွင် စစ်တပ်က မီးတင်ရှို့နေစဉ်။​ (ဓာတ်ပုံ – ပေးပို့)

စစ်တပ်ရန်ကို ကြောက်၍ ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မီလောင်မှု နောက်ဆက်တွဲအခြေအနေ အတိအကျကို မသိရသေးသော်လည်း ရှမ်းကုန်ရွာမှာ နေအိမ်သုံးလုံးသာ ကျန်ပြီး လင်းယဉ်ရွာ၌ သုံးပုံတစ်ပုံကျန်ကြောင်း မန္တလေးမြို့တွင် သီတင်းသုံးနေသည် လင်းယဉ်ဒေသခံ ရဟန်းတစ်ပါးက မိန့်သည်။

“ဦးပဇင်းတို့ ရွာသူရွာသားတွေအကုန်လုံးက စစ်တပ်က ရွားနီးနားတွေ လာတယ်ဆိုတာ ကြားလိုက် တောထဲ ပြေးလိုက်။ ပြေးနေကြရတာ။ စောစောပိုင်းက ပြေးတယ်ဆိုတာက တောထဲပြေးတယ်ဆိုရင် အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယတွေ၊ ဆီတွေဆန်တွေ လှယ်ပြီး ယူသွားကြတာပေါ့။ အဲဒီလိုပြေးတာက လေးငါးခါထက်မနည်းတော့ဘူး” ဟု ထိုရဟန်းက မိန့်သည်။

ယခုတစ်ခေါက်တွင် ပစ္စည်းများကို မသယ်ယူတော့ဘဲ ထွက်ပြေးချိန်တွင် စစ်တပ်က မီးရှို့ခြင်းကြောင့် ဆုံးရှုံးမှုပိုမိုကြီးမားသလို စားဝတ်နေရေး ပိုမိုခက်ခဲနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် တောတောင်ထဲတွင် ယာယီတဲများ၊ လှည်းများပေါ်တွင် နေထိုင်ကြရပြီး ဆောင်းကာလဖြစ်၍ ချမ်းချမ်းစီးစီးနေထိုင်နေကြရကြောင်း ဒေသခံတို့က ဆိုသည်။ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အစားအစာ၊ အဝတ်အထည်၊ စောင်နှင့် မိုးကာများ ထောက်ပံ့ပေးနေသော်လည်း လိုအပ်ချက် ရှိနေသေးသည်ဟု သိရသည်။​

သာသနာပိုင်ဆရာတော် နှစ်ပါး၏ ဇာတိရွာကို မီးရှို့ပြီးနောက် စစ်တပ်က ယမန်နေ့ (ဒီဇင်ဘာ ၂၂) တွင် ဆားတောင်အနောက်ဘက် ဘုရားငါးခူအနီး တပ်စွဲထားရာ ဒေသခံများ ဆက်လက်တိမ်းရှောင်နေရသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်တပ်က ဘာသာရေးဆိုင်ရာများကိုမချန် ဆန့်ကျင်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖမ်းဆီး သတ်ဖြတ်နေသည့်အပြင် ခုခံတော်လှန်မှုပြင်းထန်ရာ ဒေသများမှ ကျေးရွာများကို အဆက်မပြတ် မီးရှို့ ဖျက်ဆီးနေသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများ မရေမတွက်နိုင်အောင် ရှိနေပြီး မြန်မာပြည် ကက်သလစ်သာသနာပိုင် ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ ဇာတိရွာလည်း အပါအဝင်ဖြစ်သည်။ 

ချားလ်စ်မောင်ဘို၏ ဇာတိရွာဖြစ်သော ခင်ဦးမြို့နယ်မြောက်ပိုင်းရှိ မုံလှကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်တပ်က ဒုတိယအကြိမ်ဝင်စီးကာ ဒေသခံအချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။​

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ကယားပြည်နယ်တွင် ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုပါမချန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး သံဃာ့ဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းကြီးကို မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် (ခရစ်နှစ် ၁၈၆၉) တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။ ရွှေကျင်သာသနာပိုင်အဖြစ် အကျော်အမော်ဆရာတော်ကြီးများက ကြီးမှူးအုပ်ချုပ်လေ့ရှိသည်။​

လက်ရှိ ရွှေကျင်သာသနာပိုင်မှာ စစ်ကောင်စီတပ်နှင့် ပနံသင့်သည့် သီတဂူဆရာတော် ဦးဉာဏိဿရ ဖြစ်သည်။ စစ်ခေါင်းဆောင်များက ကြီးမှူးကျင်းပသည့် ပြည်တွင်းပြည်ပ ဘာသာရေးအခမ်းနားများတွင် မကြာခဏတွေ့ရလေ့ရှိသည့် သီတဂူဆရာတော်က ပြည်သူလူထု အကြမ်းဖက်တိုက်ခိုက်ခံနေရမှုများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်ထားသည်။

ဗိုလ်ချုပ်ကြီးများကလည်း မီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု ပြောဆိုလေ့ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားနယ်မြေများရှိ စစ်တပ်ဖြတ်သန်းရာ ကျေးရွာအများအပြားလည်း ယခင်က မီးလောင်ခဲ့ဖူးရာ သတင်းများတွင် ပါဝင်မှု လွန်စွာ နည်းပါးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button