သတင်း

ကော့ကရိတ်တွင် တိုက်ပွဲဆက်၊ ကုန်စည်စီးဆင်းမှု ရပ်တန့်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းကြောင့် မြဝတီ-ကော့ကရိတ်ကို ဆက်သွယ်ထားသည့်လမ်းမကြီးတွင် သွားလာမှု မရှိတော့ဘဲ ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသူများက ပြောသည်။ 

အဆိုပါ အာရှလမ်းမကြီးတွင် ရာနှင့်ချီသော ကုန်တင်ယာဉ်များ ပိတ်မိနေသည်ဟု မြဝတီ-မဲဆောက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ 

“ပိတ်နေတာ ဒီနေ့ဆို ၆ ရက်ရှိပြီ။ ပထမ အာရှလမ်းပိုင်း တံတားတစ်စင်းရဲ့ လမ်းတစ်ဝက်ပျက်စီးသွားတော့ ဒီဘက်ခြမ်းက သွားကြတယ်ပေါ့။ နောက် ဆယ့်နှစ်ဘီးကားနဲ့ ပိတ်ပြီး ပစ်နေကြတော့ ဘာမှ ဆက်သွားလို့မရတော့ဘူး။ ပရိုဘောက်စ်ကားသေးလေးတွေကတော့ တောလမ်းကနေ မြဝတီထိ တက်လို့ရသေးတယ်။ ဒီအလုပ်ပဲ လုပ်နေရတော့ ဘာဆက်လုပ်ရမလဲတောင် မသိတော့ဘူး” ဟု သူက ပြောသည်။

ဒီဇင်ဘာ ၁၅ မှစတင်၍ စစ်ကောင်စီက KNU/KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များဘက်သို့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေကြောင့် လမ်းပိုင်းပျက်စီးမှုများ ရှိခဲ့ပြီးနောက်ပိုင်း အာရှလမ်းဟု ဒေသတွင်း ခေါ်ဆိုကြသော မြဝတီ-ကော့ကရိတ် အမြန်လမ်းတွင် သွားလာမှု ရပ်သွားခြင်းဖြစ်သည်။ 

ယာဉ်ငယ်များမှာ တောင်ပတ်တောလမ်းဖြစ်သည့် မြဝတီ-ထို့ကော်ကိုး-ကျုံဒိုးလမ်းပိုင်းမှ သွားလာနေရကြောင်း ယာဉ်မောင်းများက ပြောသည်။

“တောလမ်းကနေ သွားနေရတယ်။ ယာဉ်ငယ်လေးတွေပါ့။ ကုန်ကားတွေတော့ အကုန်ပိတ်မိနေတယ်။ တိုက်ပွဲက လမ်းမှာကို ဖြစ်နေတာဆိုတော့။ ဒီပုံအတိုင်း ရက်ဆက်ရင် မလွယ်ဘူး။ အခုတောင် ကြာရှည်မခံတဲ့ စားသောက်ကုန်နဲ့ ကုန်စိမ်းတွေ အကုန်ပျက်စီးပြီ” ဟု မြဝတီ-မဲဆောက် ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။ 

စစ်တပ်အာဏာမသိမ်းမီကာလများတွင် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်ပစ္စည်းတင်သွင်းသည့် ကုန်ကားများမှာ တစ်ရက်လျှင် အစီးရေ ၄၀၀ ကျော် ဖြတ်သန်းမှုရှိခဲ့သော်လည်း ဒီဇင်ဘာလဆန်းတွင် တစ်ရက်လျှင် ၁၀၀ ပင် မကျော်တော့ကြောင်း နယ်စပ်ကုန်သည်များက ဆိုကြသည်။

နှစ်နှစ်တာကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ ထိုင်း ၁ ဘတ်လျှင် ၈၁ ကျပ်ဝန်းကျင်အထိ ရှိလာသည်။ အာရှလမ်းမနှင့်အနီးတဝိုက် စစ်ရေးအခြေအနေကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်ရေးကို သိသိသာသာထိခိုက်လာကြောင်း အထက်ပါ ကုန်သည်များက ဆိုကြသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ထားသော အချက်အလက်များအရ ထိုင်းနိုင်ငံမှ ပို့ကုန်ပမာဏသည် ၂၀၂၁ ခုနှစ်က ဒေါ်လာ သန်း ၄,၀၀၀ ကျော် ရှိခဲ့သည်။ မြန်မာဘက်မှ ပို့ကုန်များအနက် လယ်ယာထွက်ကုန်ပစ္စည်း၊ နွားနှင့် မွေးမြူရေးတိရစ္ဆာန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော်အထိ ရှိခဲ့သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ထိုင်း-မြန်မာ နယ်စပ်မြို့များစွာရှိသည့်အနက် မဲဆောက်-မြဝတီလမ်းမှာ နယ်စပ်ကုန်သွယ်မှုပမာဏအားလုံး၏ ၇၀ ရာခိုင်နှုန်းဖြတ်သန်းရာဖြစ်သည်။

ထိုလမ်းသည် ရန်ကုန်နှင့် အနီးဆုံးလမ်းလည်း ဖြစ်သည်။

ကော့ကရိတ်မြို့နယ်အတွင်း၌  ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက စပြီး တိုက်ပွဲ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က KNLA ပူးပေါင်းတပ် ရှိနိုင်မည့် နေရာများကို လေကြောင်းမှ ၃ ကြိမ် တိုက်ခိုက်ခဲ့သလို ကော့ကရိတ်မြို့တောင်ပိုင်းရှိ ကော့နွဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ရွာထဲ စစ်ကြောင်းထိုးလာပြီး အိမ် ၄ လုံးလောက် မီးဝင်ရှို့သွားတယ်။ တိုက်ပွဲက မနေ့ညကအထိ ဆက်ဖြစ်နေတုန်းပဲ” ဟု ကော့နွဲကျေးရွာဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများအပြင် အမြောက်ပစ်ကူတပ်များက ဆက်တိုက် ပစ်ခတ်နေသဖြင့် ကော့နွဲနှင့် တစ်မိုင်ကုန်းကျေးရွာများအပါအဝင် ကျေးရွာ ၁၅ ရွာခန့်မှ လူနေအိမ်များ၊ စိုက်ခင်းများ၊ ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့သည်။

လက်နက်ကြီးကျရောက်မှုကြောင့် ကော့နွဲကျေးရွာဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ သုံးဦး သေဆုံးပြီး သံဃာလေးပါးအပါအဝင် အရပ်သားဆယ်ဦးကျော် ဒဏ်ရာရသွားသည်။

ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခံနေရခြင်းကြောင့် စစ်ကောင်စီက လေတပ်ကို သုံးလာခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကျော်ဟိန်းက ဆိုသည်။

“နေ့ခင်းပိုင်းကတော့ ပွဲက လက်ကုန်ကြမ်းတာပေါ့နော်။ ကော့နွဲရွာကို စစ်ခွေးတွေက မီးရှို့သွားတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က တော်တော်အထိနာတယ် ။ အလောင်းတောင် မကောက်နိုင်ကြဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်း KNLA တပ်ရင်း ၂၇ မှ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာ ၂၇  ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ည ဆယ်နာရီဝန်းကျင်အထိ လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ကျားဖြူ စစ်ကြောင်းဘက်က ဆိုသည်။

ထိုင်း-မြန်မာ၊ မြဝတီ-မဲဆောက် နယ်စပ်ကုန်စည်ပို့ဆောင်ရေးတွင် အဓိကအသုံးပြုနေရသည့် အာရှလမ်းမသည် ယင်းကဲ့သို့ စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းပိတ်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ 

ယခုနှစ် အောက်တိုဘာ ၁၉ တွင်လည်း ကော့ကရိတ်မြို့အနီး တိုက်ပွဲများကြောင့် အာရှလမ်းပေါ်၌ ယာဉ်အစီးရေ တစ်ထောင်နီးပါးနှင့် ထောင်နှင့်ချီသော ခရီးသည်များ လေးရက်ခန့် ပိတ်ဆို့ခဲ့သေးသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ မတ်လမှ ဇူလိုင်လအတွင်း တိုက်ပွဲများကြောင့် အာရှလမ်းမကြီး ငါးကြိမ်ခန့် ပိတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ကုန်တင်ယာဉ် ၁၀ စီးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button