သတင်း

ကရင်ပြည်နယ် ကျုံဒိုးမြို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်စစ်ဆင်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်များကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ (ဧပြီ ၁၉) တွင် တိုက်စစ်ဆင်နေကြောင်း အဆိုပါတိုက်ပွဲတွင် ပါဝင်နေသည့် Lion Battalion Commando - ဗျူဟာစစ်ကြောင်းထံ မှသိရသည်။

ကော့ကရိတ်မြို့အနောက်ဘက် ၁၅ မိုင်အကွာ ဟောင်သရောမြစ်ဘေးတွင် တည်ရှိပြီး မြဝတီ-ဘားအံ အဝေးပြေးလမ်း ဖြတ်သန်းရာ ကျုံဒိုးမြို့တွင် စစ်ကောင်စီ၏ အမှတ်  ၅၄၅ နှင့် ၅၄၆ တပ်ရင်းများ ရှိပြီး ယနေ့   တိုက်ပွဲဖြစ်သည့်နေရာ အတိအကျကို မသိရသေးပေ။

စစ်ကောင်စီ လေတပ်လည်း  လာရောက် တိုက်ခိုက်သည်ဟု Lion Battalion Commando ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“လက်ရှိအခြေအနေကတော့ တိုက်ပွဲပြင်းထန်နေတာရယ် လေယာဥ်ပစ်နေတာရယ်ကလွဲရင် ကျန်တာတော့ပြောလို့မရသေးပါဘူး။ ကျုံဒိုးက စစ်ကောင်စီတပ်ကို ကရင်ပူးပေါင်းတပ်တွေ တိုက်စစ်ဆင်နေတယ်လို့တော့ ယေဘုယျတော့ပြောလို့ရပါတယ်”ဟု သူက ပြောသည်။

Lion Battalion Commando – ဗျူဟာစစ်ကြောင်း သည် ယခင်က ဗိုလ်ချုပ်စောနယ်ဒါးမြ၏ ကော်သူးလေတပ် (KTLA) တွင် ပါဝင်ခဲ့သည်။  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် KNU ၏ တပ်မဟာ ၆ လက်အောက်ခံစစ်ကြောင်းအဖြစ် ပြောင်းလဲရပ်တည်လိုက်သည့် အဖွဲ့ဖြစ်သည်။

ဒေသခံအချို့ကလည်း ကျုံဒိုးမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်၊ စစ်လေယာဉ် ဗုံးလာကြဲသည်ဟု Facebook လူမှုကွန်ရက်တွင် ရေးသားကြသည်။ ကျုံဒိုးမြို့ထဲမှဒေသခံအချို့လည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့်  ဒေသခံ အမျိုးသားတစ်ဦးကလည်း ကျုံဒိုးမြို့ရှိ ချောင်းဖျားရွာဝန်းကျင်တွင် စစ်ကောင်စီတပ်ကို ကရင်တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေသည်မှာ ရက်အတန်ကြာနေရာမှ ယနေ့တွင် တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု ဆိုသည်။

ချောင်းဖျားရွာတွင် တစ်ရွာလုံးနီးပါး စစ်ရှောင်သွားကြပြီဟုလည်း ၎င်းက ဆိုသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ထိုရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော် နေထိုင်သည်။

ကျုံဒိုးမြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက တိုက်ပွဲဖြစ်ခဲ့သေးသည်။

ထိုစဉ်က စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်တို့က ကျုံဒိုးမြို့အနောက်ဘက်ကမ်းရှိ ရွာများကို စစ်ကြောင်းထိုးဝင်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်။

တိုက်ပွဲသည် ကျုံဒိုးမြို့ အနောက်ဘက်ရှိ ကော့ကျိုက်၊ မိဂလုံနှင့် ကမ်းနီ စသည့်ရွာများတွင် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ဖြစ်ပွားခဲ့သည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိုးစစ်မဟုတ်ဘဲ ကရင်တော်လှန်ရေး ပူးပေါင်းတပ်များဘက်က တိုက်စစ်ဖွင့်ခြင်းဖြစ်သည်။

ကျုံဒိုးမြို့၏ အရှေ့ဘက် ကော့ကရိတ်မြို့တွင်လည်း မြဝတီကို ပြန်သိမ်းရန် ချီတက်လာသည့် စစ်ကောင်စီ၏ အင်အား၅၀၀ ကျော်ပါ စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ဒေါနတောင်အနောက်ဘက်အခြမ်းတွင် ရှေ့မတိုးနိုင်သည့် အခြေအနေတွင် ရှိနေသည်။

စစ်ကူစစ်ကြောင်းသည် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး၏ အစီအမံအရလာသည့် စစ်ကြောင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို ဖြတ်တောက်ထားနိုင်သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button