သတင်း

ရခိုင်စစ်ရှောင်စခန်းများ ပိတ်မည်ဆိုပါက တာဝန်ယူမှုအပြည့်ရှိရန် AA  ပြော

ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲပြီးနောက်  စစ်ရှောင်စခန်းများကို ပိတ်သိမ်းရန် ပြည်နယ် စစ်ကောင်စီက စီစဉ်နေခြင်းအပေါ် စစ်ရှောင်များကို နေရပ်ပြန်ခိုင်းပါက မိုင်းအန္တရာယ်အပါအဝင် တာဝန်ယူ၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်( AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဒီဇင်ဘာလ ၂၃ က ပြည်နယ်စစ်ကောင်စီရုံး၌ ပြုလုပ်သည့် စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး အစည်း အဝေးတွင် စစ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြောခဲ့ခြင်းအပေါ် ပြန်လည်တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ 

ဒေသတွင်းရှိ မြေမြုပ်မိုင်းများကို ရှင်းလင်းရန်လိုအပ်ပြီး စစ်ရှောင်များ စားဝတ်နေရေးနှင့်လုံခြုံရေးကိစ္စများကိုပါ တာဝန်ယူမှသာလျှင် အဆင်ပြေမည်ဖြစ်ပြီး မဟုတ်ပါက စစ်ရှောင်များကို ဒုက္ခပေးခြင်းနှင့်တူသည်ဟု သူက ဆိုသည်။

“စစ်ရှောင်တွေကို နေရပ် ပြန်ခိုင်းမယ်ဆိုရှိရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရမယ်။ပြန်ဖို့ခိုင်းတဲ့သူဟာ စစ်ရှောင် တွေရဲ့ စားဝတ်နေရေး၊လုံခြုံရေး အစစအရာရာကိုတာဝန် ယူနိုင်ဖို့လိုတယ်။ ရွာနားတွေမှာ မြန်မာစစ်တပ် တပ်စခန်း ချပြီးတော့ နေထိုင်ကြတာတွေကြောင့် မိုင်းအန္တရာယ်က အမြဲတမ်းရှိနေပါတယ်။ဒါကြောင့် မြန်မာစစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းတွေနဲ့ ပတ်သက်လို့ အားလုံးကို ရှင်းလင်းဖို့လိုသေးတယ်။အဲဒါမှ လုံလုံခြုံခြုံ နဲ့ ပြန်လို့ရမယ်”

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပစ်ခတ်ရပ်စဲမှု တစ်လခန့်ကြာမြင့်လာပြီးနောက် ပြည်နယ်စစ်ကောင်စီ က ထိုသို့ ပြုလုပ်လာခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ယခင်ကာလတိုက်ပွဲများပြင်းထန်စဉ်က နေရပ်မပြန်နိုင်ကြ သေးသော ဒေသခံစစ်ရှောင် ခုနစ်သောင်းဝန်းကျင်ခန့်လည်း ရှိနေသည်။ 

 စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာပြီဖြစ်သောကြောင့် ပြည်တွင်းမှ ခေတ္တနေ ရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခို လှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်သွားကြရမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က စစ်ဘေးရှောင်များ အား နေရပ်ပြန်စေလိုလျှင် စစ်ကောင်စီအနေဖြင့် လုံခြုံရေးအာမခံချက်နှင့် ဖမ်းဆီးမှုများမရှိဆိုသည့် အာမခံချက် များပေးရန် လိုအပ်ကြောင်း မိန့်သည်။

ထို့ပြင် တချို့ရပ်ရွာများတွင် လူမနေသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် နေအိမ်များပျက်စီးသွားပြီဖြစ်သဖြင့် ယင်းအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်လိုအပ်ပြီး စားဝတ်နေရေးအဆင်ပြေအောင် အလုပ်အကိုင် အခွင့် အလမ်းများလည်း ဖန်တီးပေးရန် လိုအပ်သည်ဟု ဆရာတော်က မိန့်ကြားသည်။

“စစ်ဘေးရှောင်တွေမှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးက ဘာတွေလဲဆိုရင် စစ်ဘေး ရှောင်တစ်ယောက်ကို မနေချင်တာကို အဓမ္မနေရမယ်လို့ ဘယ်သူမှတားခွင့်မရှိဘူး။နေချင်တာကိုလည်း မနေနဲ့ လို့ သွားလို့ ပြောပိုင်ခွင့်မရှိဘူး။ ဒီအခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာဥပဒေတွေမှာ ပြဌာန်းထားတာမရှိပေမယ့် UN,INGO တွေက ကောင်းကောင်းသိပါတယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခု၊နိုဝင်ဘာလပထမပတ်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အလွတ်သဘောအပစ်ရပ်စဲခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်သည် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေးများပြုလုပ်ခဲ့သည်။

ယခုတဖန် သြဂုတ်လမှစတင်ဖြစ်ပွားသော တကျော့ပြန်တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ တွင် နှစ်ဘက်သဘော တူညီမှုဖြင့် ယာယီအပစ်ရပ်စဲလိုက်သော်လည်း စစ်ကောင်စီတပ်သည် မည်သည့်နေရာတွင်မှ မိုင်းရှင်းလင်းမှု ပြုလုပ်သည်ကို မတွေ့ရပေ။

(စစ်ဘေးရှောင်စခန်းပိတ်သိမ်းရေးနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ က ပြုလုပ်သည့် ပြည်နယ်စစ်ကောင်စီ၏ အစည်းအဝေးကို တွေ့ရစဉ်။ဓာတ်ပုံ-We Love Sittwe)

ကျောက်တော်မြို့နယ်၊တင်းမရွာမှ စစ်ဘေးရှောင်တစ်ဦးက “ကျွန်တော်တို့က အရင်ကတည်းက တောတောင်ကို မှီခို စားသောက်နေကြရတာ။ ဒါကြောင့် တောတောင်ကိုသွားရင် မိုင်းပေါက်ကွဲမှာကို ကြောက်တယ်။ အခုက သူတို့က မိုင်းရှင်းလင်းပေးမယ်လို့လည်းမပြောဘူး။ဒါကြောင့် နေရပ်မပြန်ရဲသေးဘူး”ဟု ပြောသည်။

ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်မြို့နှင့်ပလက်ဝမြို့ကြားတွင် တည်ရှိသော တင်းမကျေးရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး တိုက်ပွဲပြင်းထန်နေသောကာလ ၂၀၂၁ ခု၊မတ်လတွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် အိမ် ၁၄၀ ခန့် ပျက်စီးသွားသည်။

စစ်ရှောင်များ နေရပ်ပြန်စေလိုပါက ရွာအနီးတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ရုပ်သိမ်း ပေးရန် လိုအပ်ကြောင်း အထက်ပါစစ်ဘေးရှောင်က ပြောသည်။ 

အလားတူ “နေရပ်ပြန်မယ်ဆိုရင် ဆုံးရှုံးသွားတဲ့နေအိမ်တွေကို ပြန်ဆောက်ပေးရမယ်။ပြုပြင်ပေးရမယ်။ နောက် ကျန်းမာရေး၊ လူငယ်တွေအတွက် ပညာရေး၊ပြန်လည်ထူထောင်ရေးအတွက် စားဝတ်နေရေးအကူအညီတွေ ထောက် ပံ့ပေးရပါမယ်”ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်နှင့်AA တို့၏ အပစ်ရပ်စဲမှုမှာ အချိန်ကာလသတ်မှတ်ချက်မပါဝင်သောကြောင့် တိုက်ပွဲထပ်မံ ဖြစ် ပွားလာမည်ကို စိုးရိမ်ကြသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ကြောက်လန့်နေကြသည်။တစ်ဖက်တွင် လည်း အပစ်ရပ်စဲထားသည့်ကာလတွင် စစ်ကောင်စီတပ်သည် ရခိုင်နှင့်ပလက်ဝမြို့နယ်များတွင် စစ်အင်အား ဖြည့်တင်းမှုများရှိနေသည်ဟု သိရသည်။

“အခု မြန်မာစစ်တပ်(စစ်ကောင်စီတပ်)ဘက်က သူတို့တပ်စခန်းတွေကို ရိက္ခာတွေပို့နေတာတွေ၊ လက်နက်ခဲယမ်း ဖြည့်တင်းနေတာတွေရှိတယ်။အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်ဘက်ကတော့ သေသေချာချာ ဂရုပြု စောင့်ကြည့်နေတယ်”ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

ရခိုင်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်AA တို့၏ တကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေး ရှောင် ၂၃၇၀၀ ခန့်ရှိပြီး ယခင်စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းပါက ၉၈၅၀၀ ကျော်အထိရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ဒီဇင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။ 
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button