သတင်း

ကော့ကရိတ်မြို့တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိဟု KNLA  ပြော  

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်  ဒီဇင်ဘာ ၁၆ ရက်က စစ်ကောင်စီ၏ အမှတ် ၂၃၁ နှင့် ခြေလျင်တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားရာ   နှစ်ဘက် ထိခိုက်မှု ရှိသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA  တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောရန်နိုင်က ပြောသည်။

လှိုင်ကွယ်/ တံတားကျိုး ကျေးရွာအနီး ဖြစ်ပွားသည့် ထိုတိုက်ပွဲတွင်  စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အပါအဝင် ၅ ဦး သေဆုံးပြီး  ၈ ဦး ဒဏ်ရာရသည်၊  KNLA ဘက်မှ တပ်သား  ၁ ဦး သေဆုံးသည်ဟု သူက ဆိုသည်။

အခြေစိုက်စခန်းများ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများ သံချပ်ကာယာဉ်များ သုံးပြီး ပြန်လည် တိုက်ခိုက်ခဲ့သည်၊  Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကလည်း  နံနက် ၈ နာရီ မှ စတင်ပြီး ၂ ကြိမ် တိုင်တိုင်  ဗုံးကြဲခဲ့သည်ဟု သိရသည်။ နံနက် ၁၀ နာရီ ခန့်တွင် တိုက်ပွဲပြီးဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်က ပြန်လည် ဆုတ်ခွာခဲ့သည်၊ 

KNLA ဘက်မှ Lion Battalion Commando Special Force စစ်ကြောင်းနှင့်  PDF တို့လည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ချက်မရှိသေးပါ။ 

သို့သော်လည်း ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးမြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ပေးနေသည့် မြဝတီပင်မ ဓာတ်အားခွဲစက်ရုံကို PDF တိုက်ခိုက်ခြင်းကြောင့် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု ဒီဇင်ဘာ ၁၇ ရက် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့ရှိ အထွေထွေ အုပ်ချုပ်ရေးရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့ကို KNLA, ကော်သူးလေတပ်မတော် စသည့် အဖွဲ့ များနှင့်  NUG လက်အောက်မှ PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ကြသေးသည်။

ကရင်အမျိုးသားအစည်းအရုံး KNU က ၎င်းတို့၏ အုပ်ချုပ်နယ်မြေတွင် နိုဝင်ဘာလ ၁ လတာအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၈၀ ဖြစ်ပွားခဲ့သည်၊  မွန်ပြည်နယ် သထုံခရိုင်၊ ပဲခူးတိုင်း ညောင်လေးပင်နှင့် တောင်ငူခရိုင်၊ တနင်္သာရီတိုင်း ဘိတ်နှင့် ထားဝယ်ခရိုင် ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ကော့ကရိတ်မြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု   ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအကြောင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။အာဏာသိမ်း စစ်ခေါင်းဆောင်က ယင်း၏ တပ်သားများကို ဒီဇင်ဘာ ၁၅ ရက်တွင် စည်းရုံးစကား ပြောကြားရာတွင် ​ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်ရေးများ လုပ်ဆောင်နိုင်တော့မည်ဟု  ထည့်ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button