သတင်း

ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ထောင်အနှစ် ၂၀ ချခံရ

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အစောဆုံးဖမ်းဆီးခံရသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီ လက်အောက်ခံတရားရုံးက ယခုလ ၁၃ ရက်တွင် အဂတိပုဒ်မနှစ်ခုဖြင့် ထောင်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

မန္တလေးမြို့ အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အပါအဝင် နှစ်မှု စွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်မှုကို ၁၂ နှစ်နှင့် နောက်တစ်မှုကို ၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အသေးစိတ်တော့ ကျွန်တော်လည်း မသိသေးဘူး။ ထောင်ဒဏ်အနှစ် ၂၀ ကျတာနဲ့ အိုးဘိုထောင်ထဲမှာ ရှိတာတော့ အတည်ပြုလို့ရတယ်” ဟု ၎င်းက ဆိုသည်။

ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ချက်နှင့် ပတ်သက်၍ ဘဏ်အသိုင်းအဝိုင်းကြား အမည်ကောင်းရှိသူ အသက် ၅၄ နှစ်အရွယ် ဦးဘိုဘိုငယ်ကို စစ်ကောင်စီက ဖမ်းဆီးပြီးတစ်နှစ်အကြာ ယခုနှစ် မေလအတွင်း အဂတိအမှုတပ်ခဲ့ခြင်းဖြစ်သည်။

ဘဏ်ငွေလွဲပြောင်းမှုနှင့် အမေရိကန်သူဋ္ဌေး ဂျော့ဆိုးရော့၏ ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာ (Open Society Myanmar) ၏ ငွေလွှဲပြောင်းမှုကို ကြီးကြပ်မှုအားနည်းခြင်း၊ ဗဟိုဘဏ်ရရှိသောချေးငွေကို အတိုးနည်းသောဘဏ်တွင် အပ်နှံခြင်းကြောင့် အခွန်နစ်နာသည်ဟုဆိုကာ ဦးဘိုဘိုငယ်အား အမှုဖွင့်ခြင်းအပေါ် စစ်ကောင်စီက အကြောင်းပြခဲ့သည်။

ဦးဘိုဘိုငယ်ကိုလည်း တမင်တကာ ထောင်ချချင်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။

“တကယ်ဆိုရင် အမှုအရင်တင်ပြီးတော့မှ ဆွဲရမှာလေ။ အခုဟာ ဖမ်းဆီးပြီးမှ အမှုရှာတာ။ ဒါကတော့ သူတို့ဘက်က လုပ်တတ်တဲ့သဘောပဲ။ ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကလည်း အဲ့ဒီအတိုင်းပဲရှိတယ်။ ဦးနေဝင်းလက်ထက်ကလည်း ဒီအတိုင်းပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

ဦးဘိုဘိုငယ်သည် ဗဟိုဘဏ်တွင် ဒုဥက္ကဋ္ဌအနေဖြင့် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ကြောင်း ၎င်း၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်များက အထင်ကြီးလေးစားကြကြောင်း အထက်ပါ စီးပွားပညာရှင်က ပြောသည်။

ထောင်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ မိသားစုဝင်အချို့ကို Myanmar Now က မေးမြန်းသော်လည်း ဖြေဆိုလိုခြင်း မရှိသေးဟု သိရသည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သဖြင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည့် ဦးဘိုဘိုငယ်သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့ပြီး နာမည်ကျော် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ စီးပွားရေးဆိုင်ရာမဟာဘွဲ့၊ ဗြိတိန်မှ စီးပွားရေးဆိုင်ရာပါရဂူဘွဲ့တို့ ရရှိထားသူဖြစ်သည်။

NLD ပါတီ၏ စီးပွားရေးအကြံပေးအဖွဲ့တွင် ဘဏ်ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့ပြီး သမ္မတဦးထင်ကျော်လက်ထက် ၂၀၁၇ ဇူလိုင်တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။

ယခင်က နိုင်ငံခြားနှင့် ကုန်သွယ်ငွေ ပေးချေရာတွင် အကျပ်အတည်းပေါင်းစုံရှိသော်လည်း ဦးဘိုဘိုငယ် ပါဝင်သည့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့လက်ထက်တွင် ပိုမိုလွယ်ကူလာသလို ဒစ်ဂျစ်တယ်ငွေပေးချေစနစ် အောင်မြင်လာကြောင်း ကုန်သည်တချို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button