သတင်း

ဗဟိုဘဏ်ဒုဥက္ကဋ္ဌကို ပစ်ခတ်ခဲ့ဟု NUG လက်အောက်ခံအဖွဲ့ပြော

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် ယနေ့ (ဧပြီ ၇) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အတည်ပြုသည်။

ပစ်ခတ်မှုဖြစ်စဉ်ကို ထိုအဖွဲ့က အသေးစိတ်ပြောဆိုရန် ငြင်းဆန်သည်။

ထိုအဖွဲ့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း NUG တာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဒေါ်သန်းသန်းဆွေ၏ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘဲ စစ်ဆေးရုံတွင် ကုသနေသည်ဟု ယနေ့မွန်းလွဲပိုင်းတွင် BBC နှင့် RFA သတင်းဌာနတို့ကို ပြောထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီ၏ တင်းကြပ်မှုများကြောင့် ဘဏ်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ကမောက်ကမဖြစ်ကာ ပြည်သူတို့ ကိုယ်ပိုင်ငွေများ လွတ်လပ်စွာထုတ်မရဖြစ်ခဲ့၍ ဗဟိုဘဏ်၏ လုပ်ရပ်မှာ များစွာဝေဖန်ခံနေရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေ လက်ခံရရှိလျှင် တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရောင်းချရန် ဗဟိုဘဏ်က ညွှန်ကြားခဲ့ရာ ရန်ကုန်မြို့ ဂျပန်၊ စင်ကာပူ သံရုံးတို့က ထိုအစီအစဉ်ကို ပြန်သုံးသပ်ရန် တောင်းဆိုသည်အထိ ဖြစ်ခဲ့ရသည်။

ထို့အတူ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ဒေါ်လာငွေလိုအပ်လျှင် ကုမ္ပဏီဒါရိုက်တာတစ်ဦး ကိုယ်တိုင်လာ၍ အဆင့်ဆင့်လျှောက်ထားဝယ်ယူရမည်ဟု ကုန်သွယ်ရေးဦးစီးဌာနရုံးက စည်းကမ်းထပ်မံသတ်မှတ်ပြန်ရာ ဒေါက်တာစိုးထွန်းကဲ့သို့ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်ကပင် အဆင်ပြေနိုင်မည်မဟုတ်ဟု Facebook တွင် ဝေဖန်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်လျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့တွင် ခုခံမှုများ ပေါ်ပေါက်နေသည်။

ခုခံသူတို့က စစ်ကောင်စီ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။ 

ထိုဖြစ်စဉ်များအနက် ယနေ့ ဒေါ်သန်းသန်းဆွေကို လုပ်ကြံမှုမှာ ပြည်ထောင်စုအဆင့်တာဝန်ရှိသူတစ်ဦးကို ပထမဆုံးအကြိမ်ပစ်ခတ်ခြင်းဖြစ်သည်။

ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်တွင် ညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေရာမှ အာဏာသိမ်းအပြီး ၄ ရက်အကြာတွင် ဒုဥက္ကဋ္ဌဖြစ်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button