သတင်း

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ အကြောင်းရှာအမှုဖွင့်ခံနေရဟု စီးပွားရေးအသိုင်းအဝိုင်းပြော

တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အဂတိမှုနှင့် စွပ်စွဲလိုက်ခြင်းမှာ အကြောင်းရှာအမှုတပ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဘဏ္ဍာရေးပညာရှင်တစ်ဦးနှင့် ကုန်သည်တစ်ဦးက ဝေဖန်လိုက်သည်။

ဘဏ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဘဏ်အသိုင်းအဝိုင်းကြား အမည်ကောင်းရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ လုပ်ကိုင်ခဲ့သော ဦးဘိုဘိုငယ်ကို အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ရှင်းရှင်းပြောရလို့ရှိရင် အမှုမရှိဘဲ အမှုရှာတဲ့သဘောမျိုးပဲ။ ဒါက လူကို တစ်ခုခုစွပ်စွဲချင်တယ်၊ လုပ်ချင်တယ်ဆိုတာမျိုးမှာ လုပ်တတ်တဲ့သဘောပဲ” ဟု  ဘဏ္ဍာရေးပညာရှင်တစ်ဦးက ပြောသည်။

ထိုသို့ စွပ်စွဲအမှုဖွင့်ခြင်းမှာ စစ်အာဏာရှင်များ၏ မထူးဆန်းသည့်လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူ့ကိုယ်ကျိုးအတွက် တစ်ခုခုလုပ်တာမျိုးမဟုတ်ဘဲ သူလုပ်လိုက်တဲ့ကိစ္စကြောင့် သို့မဟုတ် ကြီးကြပ်မှုအားနည်းတဲ့အတွက်ကြောင့် နိုင်ငံမှာ ဘယ်လောက်နစ်နာပါတယ်ဆိုတာမျိုး။ အဲဒီလိုစွပ်စွဲတာမျိုးက ဒီပုဂ္ဂိုလ် အဂတိလိုက်စားတယ်လို့ ပြောလို့မရဘူး” ဟု ၎င်းက ဆိုသည်။

ဦးဘိုဘိုငယ်သည် ဗဟိုဘဏ်တွင် ဒုဥက္ကဋ္ဌအနေဖြင့် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ကြောင်း ၎င်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်များက အထင်ကြီးလေးစားကြကြောင်း အထက်ပါ ဘဏ္ဍာရေးပညာရှင်က ပြောသည်။

စစ်ကောင်စီက NLD နှင့် ပတ်သက်သူများကို တရားစွဲရန် အကြောင်းရှာ အမှုတည်ဆောက်နေသလို ဦးဘိုဘိုငယ်ကိုလည်း ထောင်ချရန် နည်းလမ်းရှာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

“ထောင်ချဖို့အတွက်ပဲ နည်းလမ်းရှာတာပဲ။ အခြားတော့ ထွေထွေထူးထူးဘာမှမရှိဘူး” ဟု ၁၀ နှစ်ကြာ ပို့ကုန်သွင်းလုပ်ငန်း ကုန်လုပ်ကိုင်နေသည့် ၎င်းက ထင်မြင်ချက်ပေးသည်။

ယခင်က နိုင်ငံခြားနှင့် ကုန်သွယ်ငွေ ပေးချေရာတွင် အကျပ်အတည်းပေါင်းစုံရှိသော်လည်း ဦးဘိုဘိုငယ် ပါဝင်သည့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့လက်ထက်တွင် ပိုမိုလွယ်ကူလာသလို ဒစ်ဂျစ်တယ်ငွေပေးချေစနစ် အောင်မြင်လာခြင်းကြောင့် အွန်လိုင်းရှော့ပင်များလည်း ပိုများလာကြောင်း ၎င်းက ဆိုသည်။

ဦးဘိုဘိုငယ်သည် NLD စီးပွားရေးကော်မတီတွင် ဘဏ်ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ပြီး ၂၀၁၇ ဇူလိုင် တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။

ဦးဘိုဘိုငယ်၏ ဆောင်ရွက်ချက်များသည် အဂတိလိုက်စားမှုရှိသည်ဟုဆိုကာ ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ကြောင်း စစ်ကောင်စီ၏ အဂတိကော်မရှင်က ယမန်နေ့ (မေ ၁၀) တွင် သတင်းထုတ်ပြန်ထားသည်။

ပြည်ပမှ ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် နိုင်ငံခြားငွေလွှဲပြောင်းရာတွင် ဘဏ်များက ဗဟိုဘဏ်ကို သတင်းပေးပို့ရန် ကြီးကြပ်မှုအားနည်းခြင်းကြောင့် အခွန်နစ်နာကြောင်း၊ ဗဟိုဘဏ်ရရှိသည့် ချေးငွေကို အတိုးနှုန်းပိုများသည့် ဘဏ်တွင် မအပ်ဘဲ စင်္ကာပူ SMBC ဘဏ်တွင် အပ်ရန် ဆုံးဖြတ်ခြင်းကြောင့် ငွေကြေးနစ်နာကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာ (Open Society Myanmar) ဟူသော အဖွဲ့အစည်းက ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMED) ကို ဒေါ်လာ ၅ သန်း လွှဲပြောင်းထည့်ဝင်ရာ၌ သတင်းပို့သော်လည်း ဒေါ်လာ ၁ ဒသမ ၄ သန်းကို အဖွဲ့အစည်းတာဝန်ရှိသူများက ပြန်ထုတ်ရာမှာ မကြီးကြပ်နိုင်သဖြင့် ဝင်ငွေခွန် ကျပ်သန်း ၃၆၀ မကောက်ခံနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ထိုအဖွဲ့၏ ဘဏ္ဍာရေးမန်နေဂျာသည် ဒေါ်လာ ၁ ဒသမ ၄၂ သန်းကို ကျပ်ငွေတန်ဖိုးသင့်၍ ထုတ်ယူသွားပြီး ထိုငွေများထဲမှ ကျပ်သိန်း ၁၃,၉၉၉ ကို ဒေါက်တာမျိုးအောင်ဆိုသူက ယူဆောင်သွားကြောင်း စစ်ကောင်စီက မြန်မာရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် ဂျော့ဆိုးရော့စ် (George Soros) ၏ လက်အောက်ခံ ထိုအဖွဲ့အစည်းမှ ဘဏ္ဍာရေးမန်နေဂျာကို ဖမ်းဆီးထားကြောင်း၊ ငွေယူသွားသူများနှင့် ဝန်ထမ်းများကို ဖမ်းဝရမ်းထုတ်ထားပြီး အဖွဲ့အစည်းကိုလည်း  အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်မှုနှင့် အရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ဧပြီတွင် ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များကို အဂတိလိုက်စားမှုစွဲချက်များနှင့် အမှုများ ဆက်တိုက်ဖွင့်နေရာ ဦးဘိုဘိုငယ်၏ အမှုမှာ နောက်ဆုံးထွက်ပေါ်လာသည့်အမှုဖြစ်သည်။

ရဲစခန်းတွင် တိုင်ချက်ဖွင့်သူ၏ အမည်ကို မသိရသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button